စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သားအဖနှစ်ဦး လက်နက်ကြီးထိမှန်၍ သားဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဧပြီ ၉ ရက်)နံနက်ပိုင်းက ဝက်လက်မြို့နယ်၊ တောကုန်းကျေးရွာတွင် စစ်ကောင်စီ တပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သားအဖနှစ်ဦး လက်နက်ကြီး ထိမှန်ကာ သားဖြစ်သူမှာနေရာမှာတင် သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ညနေပိုင်းတွင်လည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တောကုန်းကျေးရွာရှိ ဒေသခံပြည်သူ ၅၀ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ်အပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးကာ ဝင်ရောက်ပစ်ခတ်နေသည့်အတွက် တောကုန်းကျေးရွာအပါအဝင် အနီးနားကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဧပြီ ၇ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အိမ်ပေါင်း သုံးရာကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကာ အဘွားအိုတစ်ဦး သေဆုံးခဲ့သည်။


















































