ကရင်ပြည်နယ် မြ၀တီမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၅)၏ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က ယနေ့(ဧပြီ ၁၂ရက်) နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


“ညီနောင်ဘက်မှာ ဖြစ်ခဲ့တယ်။ အဲဒီမှာ ပစ္စည်းတွေရတယ်။ ၂၇၅ ဆိုတာက သင်္ဃန်းညီနောင်နဲ့ မြ၀တီကြားမှာ ။ အဲဒီမှာပစ္စည်းတွေရတယ်။ လက်နက်တွေရတယ်။ ခဲယမ်းမီးကျောက်တွေလည်းရတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဟုဒေသခံက ပြောသည်။

KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းထားသည့် ကျားသစ်နက်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက် ၇နာရီတွင် ခလရ(၂၇၅)၏ စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် လေးလက် ၊ (၆၀)မမတစ်လက်နက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ၎င်း၏ Facebookတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူရေးသား ဖော်ပြသည်။

Public Service Announcement

မြ၀တီမြို့နယ် လေးကေ့ကော်ဒေသတွင်လည်း ဧပြီ ၁၀ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNUနှင့် PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် အသုံးပြုခဲ့ရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသသို့ အင်အားဖြည့်တင်းနေစဉ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။


















































