စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ လမ်းဆုံရှိ ရွှေဒေါင်းမင်းဆီဆိုင်တွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်ကြောင်း MDF – Taze Tigerက ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်မှာ ဧပြီ ၂၄ ရက်တွင် ရွှေဒေါင်းမင်းဆီဆိုင်တွင် ကင်းပုန်းဝပ် စခန်းချနေသော
အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ကို MDF – Taze Tigerနှင့် မြောက်ပိုင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ကိုယ့်ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ထုနိုင်ခဲ့တယ်။စခ ဘက်က လက်နက်ငယ် နှစ်ချက်လောက်ပဲ ပြန်တုံ့ ပြန်နိုင်တော့တဲ့အထိ အောင် မြင်မှုရခဲ့တယ်”ဟု MDF – Taze Tiger တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းဖြင့် တန့်ဆည်မြို့နယ် အနောက်ခြမ်း၌ စစ်ထိုးနေပြီး ဒေသခံ ပြည်သူ ၆,၀၀၀ကျော် စစ်ဘေးရှောင်နေရသည်။
ထို့အပြင် ပျူစောထီးများပါဝင်သည့် စစ်အုပ်စုက ယမန်နေ့(ဧပြီ ၂၅ ရက်)တွင် သာဂလ၊ သာဂရကျေးရွာသို့ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ်အချို့ မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ဆိုသည်။


















































