▪️မြို့ခံပြည်သူအချို့ တော်လှန်ရေးအပေါ် သွေးအေးလာဟုဆို
မန္တလေးမြို့တွင် လုံခြုံရေးအခြေအနေအရ နေထိုင် ၍မရခြင်းနှင့် မြို့ဒေသခံများ၏ စစ်အာဏာရှင်တော်လှန်ရေးသွေးအေးလာမှုကြောင့်ဆိုကာ မြို့အားစွန့်ခွာမည်ဖြစ်ကြောင်း အဆိုပါမြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ နှစ်ဖွဲ့က အသိပေးထုတ်ပြန်သည်။
“ကျွန်တော်တို့မန္တလေးဟာ သွေးအေးနေသလိုအရမ်းလဲစည်ကားနေတာပါ။ မစ်ရှင်တွေလုပ်တဲ့ အခါမှာလည်း ကြေညာချက်တွေကို အလေးမထားပါဘူး။လုပ်ရတာမလွယ်ကူပါဘူးခင်ဗျာ”ဟု မန္တလေးမြို့ စွန့်ခွာရသည့် အကြောင်းနှင့်ပတ်သက်ပြီး အနက်ရောင်သေမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။

ထို့အပြင် မြို့ခံအချို့က တော်လှန်ရေးအပေါ် အာရုံစိုက်ခြင်းနည်းလာပြီး သွေးအေးလာသလို စစ်ကောင်စီ၏ သတင်းပေး ဒလန်များမှာလည်း များပြားလာခြင်းကြောင့် စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“Good Bye Mandalay!!!ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူများနေတော့ ကျွန်တော်တို့အဖွဲ့ မြို့ပေါ်ကနေစွန့်ခွာသွားပါပြီ!!! မန်းသူ မန်းသားများ စိတ်အေးချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့နေခဲ့ကြပါတော့… မန်းမြို့ပေါ်မှာ ကျွန်တော်တို့တွေဘယ်လိုမှနေလို့ရတဲ့အခြေအနေမဟုတ်တဲ့အတွက် မန်းမြို့ကြီးကိုစွန့်ခွာသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကိုပြန်လာခဲ့ချင်ပါသေးတယ်…” ဟု Dragon Warrior MDY-PDF အဖွဲ့က မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။
မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူများသာ၎င်းတို့ဘက်တွင်ရှိပါက စစ်ကောင်စီကို ဂရုစိုက်စရာမလိုကြောင်း အနက်ရောင်သေမင်း အဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။
အနက်ရောင်သေမင်းအဖွဲ့အနေဖြင့် လတ်တလောတွင် ရန်ကုန်မြို့၌ Mission များပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ အနက်ရောင်သေမင်း နှင့် Dragon Warrior မြို့ပြပြောက်ကျားတပ်ဖွဲ့တို့သည် မေလ ၃ရက်တွင် မဟာမိတ်ဖွဲ့စည်းခဲ့ကြောင်း ကြေညာထားသည်။
မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက Rangers of Mandalay အဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ယန္တရားတပ် ဂိတ်ကင်းကို တိုက်ခိုက်ခဲ့သည်။
“အသိအဖွဲ့တွေ မြို့ကထွက်ခွာသွားတယ်မြို့ပေါ်မှာ မလွယ်ပါဘူး။အခြေအနေတွေကြောင့်ဆိုတာ နားလည်ပါတယ်။ အင်အားစုစည်းပြီး ပြန်လာခဲ့ပါ ပြန်လှုပ်ပါ။ကျွန်တော်တို့တောင့်ခံထားပါမယ်
။မြို့ကြီးတွေပေါ်မှာတောင် ဒီရန်သူကို ပြောက်ကျားရင်ဆ်ိုင်နိုင်တယ် ဖိအားပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေကို အတိအကျ ပြသနိုင်ခဲ့တယ်”ဟု အထက်ပါ Mission ကို ဥပမာပေး၍ Rangers of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။


















































