မန္တလေးတိုင်း၊ ညောင်ဦး – မြင်းခြံလမ်းပိုင်းတွင် မိုင်းတွေ့၍ ဆင်းဖြုတ်သည့် အကြမ်းဖက်စစ်ကောင်စီယာဥ် မိုင်းပေါက်ကွဲ၍ အကြမ်းဖက်စစ်သား လေးဦးသေဆုံးကြောင်း Seven People Defense Forceက သတင်းထုတ်ပြန်သည်။
ယနေ့ (မေလ ၃၁ ရက်) နံနက်၉နာရီ မိနစ် ၂၀ဝန်းကျင်တွင် ညောင်ဦး – မြင်းခြံလမ်း ၊ ကုန်းပုထိုးလမ်းခွဲအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် အဆိုပါလမ်းပေါ်၌ ဒေသတွင်းအဖွဲ့များ တပ်ဆင်ထားသော မိုင်းအား ရှာတွေ့၍ ကားပေါ်မှဆင်းဖြုတ်ရာ မိုင်းပေါက်ကွဲသွားခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား လေးဦးသေဆုံးပြီး ထပ်တိုးအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း Seven People Defense Forceက ပြောသည်။
“သီးကုံးကျေးရွာနားမှာ ဟိုက်ဂျက်ကားတစ်စီးနဲ့ နောက်ထပ်စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ပြောတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District ၊ Seven People Defense Force ၊TTA – ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force ၊ Natogyi Regional PDF၊ The Value of Young Menအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် ပျူစောထီးများ သွေးသောက်အဖွဲ့ ဖွဲ့စည်းရန်အစည်းအဝေးလုပ်နေစဥ် ဒေသတွင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။


















































