Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ Covid-19ကြောင့် ဆေးရုံတက်ရတဲ့ ကလေးဦးရေ စံချိန်တင် များပြားလာ

Covid-19 ကပ်ရောဂါကြောင့် ကလေးတွေ ဆေးရုံတက်ရတဲ့ အရေအတွက်ဟာ အမေရိကန်မှာ စံချိန်တင် မြင့်တက်လာကြောင်း သိရပါတယ်။

ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် ဒီရောဂါကြောင့် ဆေးရုံ ရောက်ခဲ့တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်တာ ကူးစက်နှုန်း အမြင့်ဆုံး စံချိန်ဟောင်းနဲ့ ယှဉ်လိုက်ရင် အရေအတွက် ၂၇ ရာခိုင်နှုန်းထိ တိုးပွားလာခြင်း ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက စံချိန်ဟောင်းအရ တစ်ပတ်အတွင်း ပျမ်းမျှ တစ်နေ့ကို ကလေးတွေ ဆေးရုံတက်ရတဲ့ အရေအတွက် ၂၁၇ ဦးထိ ရောက်ရှိခဲ့ဖူးပါတယ်။ ကလေးတွေမှာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တဲ့ အဆင့်ထိ ရောက်တဲ့ အချိုးအစားကလည်း ဇူလိုင်လကစပြီး မြင့်တက်လာတယ်လို့ CDCက ဆိုပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံအနှံ့မှာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။

ပုံမှန်ဆိုရင်တော့ အသက် ၁၈ နှစ်အောက် လူငယ်ပိုင်းတွေနဲ့ ကလေးတွေဟာ ရောဂါဒဏ်ကို သိပ်ပြီး ဆိုးဆိုးရွားရွား ခံစားရလေ့ မရှိပါဘူး။ ကလေးတွေမှာ Covid-19 ရောဂါ အရမ်းပြင်းထန်တာမျိုးက ကူးစက်ခံရသူ ဦးရေနဲ့ ယှဉ်ရင် အချိုးအစား အရမ်းနည်းပါတယ်။ ဩဂုတ် ၅ ရက်ထိ စာရင်းတွေအရ အမေရိကန်မှာ ရောဂါ ကူးစက်ခံရတဲ့ ကလေး အရေအတွက် ၄.၃ သန်းနီးပါးထိ ရှိခဲ့ပြီး ဆေးရုံတက်ရတဲ့ အရေအတွက်က ၁.၅ ကနေ ၃.၅ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

ဖလော်ရီဒါနဲ့ တက္ကဆက်စ်တို့က လတ်တလော ကလေးတွေ ဆေးရုံတက်ရတာ အများဆုံး ပြည်နယ်တွေ ဖြစ်ပြီး ပျမ်းမျှ တစ်နေ့ကို ၄၀ ကျော်လောက် ဆေးရုံ ရောက်လာကြတယ်လို့ ဆိုပါတယ်။ CDCကတော့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ခေါင်းထောင်လာချိန်မှာ ကာကွယ်ဆေး ထိုးခံထားရပြီးသူတွေ အပါအဝင် လူတိုင်း မိုးလုံလေလုံ ဧရိယာတွေမှာ နှာခေါင်းစည်း (Mask)တပ်ကြဖို့ ညွှန်ကြားထားပါတယ်။ ပြီးတော့ ကျောင်းတွေမှာလည်း ကလေးတွေကို အနည်းဆုံး ၃ ပေခြားပြီး နေရာချဖို့၊ ကိုယ်ပူချိန်တိုင်းဖို့၊ ကျောင်းခန်းတွေ လေဝင်လေထွက်ကောင်းအောင် စီစဉ်ဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။