အာဖဂန် နစ္စတန် နိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေ တစ်ယောက်မှ ချန်မထားဘဲ အကုန် ပြန်ခေါ်သွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
ကဘူးလ်မြို့တော်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းယူလိုက်တဲ့နောက် အာဖဂန်ရဲ့ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားပြီး လပိုင်း အကြာမှာပဲ တာလီဘန်တွေက အာဖဂန် အစိုးရကို ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရဟာ ကဘူးလ် နိုင်ငံတကာ လေဆိပ်ကို စစ်သည် ထောင်နဲ့ချီ စေလွှတ်ပြီး အာဖဂန်ရောက် အမေရိကန်တွေနဲ့ မဟာမိတ် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ စီစဉ်နေပါတယ်။ အာဖဂန်မှာ အမေရိကန် နိုင်ငံသား ၁၅၀၀၀ လောက် ပိတ်မိနေတယ်လို့ ခန့်မှန်းရပါတယ်။
တာလီဘန်တွေ ကြီးစိုးလာမယ့် အနာဂတ်ကို တွေးတော စိုးရိမ်နေတဲ့ အာဖဂန် နိုင်ငံသားတွေကလည်း လေဆိပ်ကို အုံလိုက်ကျင်းလိုက် စုဝေး ရောက်ရှိလာကြတာကြောင့် ရွှေ့ပြောင်းရေး စီမံ ဆောင်ရွက်နေတဲ့ အမေရိကန် တပ်ဖွဲ့တွေလည်း အခက်အခဲတွေ ကြုံနေရပါတယ်။

Public Service Announcement
ဘိုင်ဒန်က ကဘူးလ်မှာ ကြုံနေရတဲ့ အခြေအနေတွေဟာ ရှောင်လွှဲလို့ မဖြစ်နိုင်ဘူးလို့ ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။ သမ္မတက အခုလကုန်မှာ အာဖဂန်ရောက် အမေရိကန် တပ်တွေကို ပြန်ခေါ်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။
တာလီဘန်တွေကတော့ လေဆိပ်ကို ကမူးရှူးတိုး သွားရောက်နေတဲ့ ကဘူးလ်မြို့ခံတွေရဲ့ လုပ်ရပ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။ တာလီဘန်တွေ ကဘူးလ်ကို ဝင်ရောက်လာချိန်ကစလို့ လေဆိပ်တဝိုက်မှာ ပစ်ခတ်မှု၊ လူနင်းခံရမှုတွေ အပါအဝင် အကြောင်းမျိုးစုံကြောင့် သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဘိုင်ဒန်က သူဟာ အာဖဂန်မှာ အမေရိကန် နိုင်ငံသား တစ်ယောက်ကိုမှ ချန်ထားခဲ့မှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး ကဘူးလ်မြို့တော် ကျဆုံးမှုအတွက် အာဖဂန် အစိုးရဟောင်းကို ထပ်မံ အပြစ်တင်သွားခဲ့ပါတယ်။
အာဖဂန် သမ္မတဟောင်း အက်ရှ်ရက်ဖ်ဂါနီဟာ တာလီဘန်တွေ ကဘူးလ်မြို့တော်ဆီ ချဉ်းကပ်လာချိန်မှာ နိုင်ငံကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။ အမေရိကန်ဟာ နှစ်ပေါင်း ၂၀ နီးပါး ကာလအတွင်း အာဖဂန်အတွက် ဒေါ်လာ ထရီလီယံနဲ့ချီ ပုံအော အသုံးပြုခဲ့ပေမယ့်လည်း အဆုံးမှာတော့ တာလီဘန်တွေ တကျော့ပြန် ကြီးစိုးမှုကို မတားဆီးနိုင်ခဲ့ဘဲ မအောင်မြင်တဲ့ စစ်ဆင်ရေး တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


















































