စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ဒေသခံအမျိုးသမီးကြီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ်လ၁၈ရက်နေ့ ည ၈နာရီ ၁၅ မိနစ်ခန့်က ကိုးတောင်ဘို့ရွာမြောက်ဘက်၊ ပါဦးသရက်ခြံကုန်း၌တပ်ချထားသောစစ်တပ်သည် လက်နက်ကြီးများဖြင့် တောင်ဘက်တွင်ရှိသောပိတောက်ခုံ၊ဘူတာတန်းရွာဘက်သို့ပစ်ခတ်ခဲ့သည်။လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ဘူတာရုံအနောက်ရှိ အိမ်တစ်အိမ်အောက်ထပ်သို့ လက်နက်ကြီး ကျရောက်ကာ အသက် ၅၂ နှစ်အရွယ် ဒေါ် ခင်မာဝင်း နှင့် ၅၈ နှစ်အရွယ်ဒေါ် ခင်မြင့်တို့ နှစ်ဦလက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်သည်။

ဒေါ်ခင်မာဝင်းနှင့် ဒေါ်ခင်မြင့်တို့သည် ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေါ်ခင်မြင့်မှာ ဦးခေါင်းနှင့်ညာဘက်လက်တို့ကိုထိမှန်ပြီးနေရာတွင်သေဆုံးခဲ့ပြီး ဒေါ်ခင်မာဝင်းမှာ ရင်ဘတ်၊ညာခြေထောက်နှင့်ညာဘက်လက်တို့ကို ထိမှန်ပြီး ည၁၀ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

Public Service Announcement
ထိုအပြင်နေအိမ်ဝင်းအတွင်းမြေကြီးထဲ၌ လက်နက်ကြီးတစ်ခု မကွဲသေးဘဲ စိုက်ဝင်နေကြောင်း လည်းဖော်ပြထားသည်။
ကိုးတောင်ဘို့ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီး သြဂုတ်လ၁၈ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်ထားသည်။


















































