နေရာပေါင်း ၆၇၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ခဲ့
စစ်ကိုင်းတိုင်းတွင် အိမ်ခြေ နှစ်သောင်းကျော်၊ မကွေးတိုင်းတွင် အိမ်ခြေ ၅,၄၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထု နေအိမ် ၂၈,၄၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data for Myanmar က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့်နေ့မှ ယခု ဩဂုတ် ၂၅ရက်အထိ နေရာပေါင်း ၆၇၄နေရာမှ အိမ်ခြေ ၂၈,၄၃၄ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအနက် စစ်ကိုင်းတိုင်းမှ နေအိမ် ၂၀,၁၅၃ လုံး၊ မကွေးတိုင်းမှ ၅,၄၁၈ လုံး ၊ ကျန် ပြည်နယ်နှင့် တိုင်းများမှ ၂,၈၆၃လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။
Data for Myanmar အနေဖြင့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို ပြုစုထုတ်ပြန်လျက်ရှိရာ သတင်းမီဒီယာများ၊ ဒေသဆိုင်ရာ သတင်းပြန်ကြားရေးအဖွဲ့များက ဖော်ပြသည့် တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့ခံရသည့် သတင်းများ ကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် စိစစ်ပြီး ဒေသခံ လူအခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင်ကူညီရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement


မီးရှို့ခံရသည့် ဖြစ်စဉ်ဖြစ်ပွားကြောင်း သိရသော်လည်း အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့ရ၍ မြေပြင်၌ မီးရှို့ခံရသည့် နေအိမ် အရေအတွက် ပိုများနိုင်ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ယခု နှစ်ဆန်းပိုင်းမှ စ၍ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသအတွင်းရှိ ကျေးရွာများ၊ ပြည်သူလူထုနေအိမ်များကို စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်ခဲ့သည်။ထို့ပြင် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများစွာကိုလည်း ကျူးလွန်ခဲ့သည်။


















































