မောင်တော ခမောင်းဆိပ်ဗျူဟာတိုက်ပွဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်၊ ဘူးသီးတောင်မှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်
ရခိုင်ဒေသ စစ်ရှောင် ၅,၀၀၀ကျော် တိုးလာသည် ဟု ဒေသခံခန့်မှန်း
ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာသို့ စစ်အင် အားဖြည့်တင်းမည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့(ဩဂုတ် ၃၀ရက်)ညပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောကြားသည်။
“ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာ ရေစိုးချောင်းဗျူဟာကို စစ်ကူသွားမယ့် စစ်ကောင်စီတပ်နဲ့ AAနဲ့ တိုက်ပွဲဖြစ်တာရှိတယ်။ တစ်နာရီနီးပါးလောက်ဖြစ်တာ။ အဲဒါက ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက စစ်တပ်က ရေတပ်ကစစ်သင်္ဘောနှစ်စီးနဲ့ဝင်ဖို့ ကြိုးစားတာ။ ရိက္ခာရယ် လက်နက်ရယ် စစ်သည်တွေရယ်ကို ရေစိုးချောင်းဗျူဟာအတိုက်ခံရမှာ စိုးလို့ ။ အဲဒါကို AAက သိပြီး ကြားက တိုက်တာလို့ ထင်တယ်”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု အခြေအနေကို မကြားသိရသေးဟု ဒေသခံက ပြောသည်။
“အဲဒီနေရာ ၂၀၁၉ -၂၀၂၀ တိုက်ပွဲတွေတအားပြင်းတဲ့အချိန်မှာလည်း ဖြစ်တဲ့နေရာဆိုတော့အဲဒီ အနီးအနားမှာ ရွာတွေရှိပေမယ့် အဲဒီရွာတွေမှာ လူတွေက မရှိသလောက်ဖြစ်သွားတယ်။ အစကတည်းက စစ်ဘေးရှောင်နေရလို့လေ”ဟု ၎င်းက ဆိုသည်။

Public Service Announcement
ဩဂုတ် ၂၆ရက်ကတည်းက တိုက်ပွဲများဖြစ်ပွားနေသည့် မောင်တောမြောက်ပိုင်း ခမောင်းဆိပ် ဗျူဟာတွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ရခိုင်ဒေသခံက ပြောသည်။
“ဒီနေ့လည်း MI 35 နှစ်စီးနဲ့ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာနားကို သွားပြီးတော့ ပစ်ခတ်တာရှိတယ်။ ခမောင်းဆိပ်ဗျူဟာမှာ ပိတ်မိနေတဲ့ သူတို့ စစ်တပ်တွေကို သူတို့က စားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ ဝိုင်းထားတဲ့ AA တွေကို သူတို့က တိုက်ခိုက်တာလို့ မြင်တယ်။နောက်တစ်ခုက ဒီနေ့ ထူးခြားတာက ဘူးသီးတောင်အခြေစိုက် အမြောက်တပ်ကနေ လက်နက် ကြီး ပစ်ကူပေးတာ။ မောင်တော မြောက်ပိုင်းမှာ ဖြစ်တာကို ဘူးသီးတောင်-မောင်တော ကားလမ်းဘေးမှာရှိတဲ့ အမြောက်တပ်က ပစ်ကူပေးတာ”ဟု ဒေသခံက ပြောသည်။
လက်ရှိတွင် AAနှင့် စစ်ကောင်စီတပ်တို့သည် ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး စသည့်မြို့နယ်များ၌ တိုက်ပွဲများ ယခုလအတွင်း ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲနေရာ ပိုမိုကျယ်ပြန့်လာနိုင်သည်ဟုဆိုသည်။ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် စစ်ဘေးတိမ်းရှောင်ရမှုများရှိနေသည်။
“ဩဂုတ်လလယ်ကစပြီး နှစ်ပတ်အတွင်းမှာ တိုက်ပွဲတွေက မြို့နယ်တွေအများကြီး ဖြစ်လာတယ်။ ပြင်းလာတယ်။နောက်ပြီး စစ်ရှောင်က ၅ထောင်နဲ့ တစ်သောင်းကြားမှာ ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးတို့ မင်းပြားတို့ အဲဒီလိုမျိုးဖြစ်သွားတာ”ဟု ရခိုင်ဒေသခံက ပြောသည်။


















































