မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ် (ဋ)ရပ်ကွက်ရှိ ပြည်သူပိုင်နေအိမ်များအား ဘက်ဟိုးဖြင့်ဖျက်ဆီးဖြိုချရန်လာသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူများကို ရက်ကွက်လူထုက ညီညီညွတ်ညွတ်ဖြင့် ပြန်လည်ခုခံခဲ့ကြကြောင်း ပြည်ကြီးတံခွန် သပိတ်အင်အားစု – မန္တလေးက ဖော်ပြသည်။
ပြည်ကြီးတံခွန်မြို့နယ် ၁၃၁ လမ်းတောင်ဘက်၊ ၄၉လမ်းနှင့် လမ်း ၅၀ ကြား၊ အုပ်ကွက်သစ် (ဋ)ရပ်ကွက်ရှိနေအိမ်များအား ကံကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် ၎င်း၏လက်ထောက်ဖိုးတုတ်တို့ဦးဆောင်ကာ ပျူစောထီးအမည်ခံ ရပ်ကွက်လူမိုက် ၃၀ ခန့်က ယမန် နေ့(သြဂုတ် ၃၀)နေ့လယ် ၁၂ နာရီ ၁၅ ခန့်တွင် အတင်း အဓမ္မလာရောက်ဖျက်ဆီးဖြိုချခဲ့ကြောင်း ဖော်ပြသည်။

နေအိမ်များအား ဖျက်ဆီးနေစဥ်တွင် ရပ်ကွက်လူမိုက် ဇိုးဆိုသူများအား ရပ်ကွက်နေပြည်သူများကိုရိုက်နှက်ရန်စေခိုင်းခဲ့ရာ မခံရပ်နိုင်သည့်ပြည်သူများက ပြန် လည်ခုခံခဲ့ခြင်းဖြစ်သည်။ရပ်ကွက်နေပြည်သူများက ခုခံသဖြင့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအမည်ခံ လူမိုက်အဖွဲ့များ ရပ်ကွက်အတွင်းမှ ထွက်ပြေးသွားရသည်ဟု ဆိုသည်။
“အောင်ဆန်းဦးမှ ၎င်းပိုင်မြေဟုဆိုကာ ပျူစောထီးများနှင့် လူမိုက်များကိုငှားပြီး ဘတ်ဖိုးနဲ့ပြည်သူတွေအိမ်ကိုဖြတ်ယုံတင်မကဘဲ ပျူများနှင့် လူမိုက်ဇိုးအဖွဲ့ဘိုစနေတို့အဖွဲ့တွေကိုပါခေါ်ပြီး ဝိုင်းရိုက်လာသည့်အတွက် မခံနိုင်သည့်အဆုံး ပြည်များမှ ပြန်ခုခံရာ ပြည်သူကိုဘတ်ဟိုးနဲ့ရမ်းနေတဲ့ ဘတ်ဟိုးသမားနှစ်ဦးကိုဖမ်းမိပြီး ပျူနှင်လူ မိုက်သုံးဆယ်ခန့်မှာ ထွက်ပြေးသွားကြပါတယ်”ဟု ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဖော်ပြသည်။

Public Service Announcement
“လာပြီကွ။ပြည်သူတွေညီပြီဆို ဘယ်ပြေးမလဲမင်းတို့။ အားမတန်လို့ မာန်လျှော့နေတာကို ခေါင်းပေါ်တက်ဆံပင်ဖြူနုတ်ချင်အုံးလေ” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
ထိုသို့ရုတ်ရုတ်သဲသဲ ဖြစ်နေချိန် ဘတ်ဟိုးသမားမှ ဘတ်ဟိုးစက်ဖြင့် ပြည်သူဘက်ကိုရမ်းကာ ရန်ပြုတိုက်ခိုက်ခြင်းကြောင့် ၎င်းအားပြည်သူများက ဖမ်းဆီးကာ ဘက်ဟိုးယာဥ်အား နေရာမှာပင်ဖျက်ဆီးခဲ့ကြောင်းလည်းအသိပေးထားသည်။

ဒေသခံအချို့၏ပြောဆိုမှုအရ ဖမ်းဆီးထားသော ဘက်ဟိုးသမားနှစ်ဦးကို စစ်ကောင်စီတပ်က ပြန်လည်ခေါ်ဆောင်သွားပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကားခြောက်စီးခန့်ဖြင့် ရပ်ကွက်အတွင်းပတ်ပြီး ခြေရှုပ်နေကြောင်း သိရသည်။
“လာဖျက်တဲ့အထဲမှာ စကစခန့်တဲ့ အုပ်ကြီးမြင့်လွင်ပါပါတယ်ဗျ။ အခုဖမ်းမိထားတဲ့ နှစ်ယောက်ကိုလည်း ကံကြီးကုန်းအုပ်ကြီး မြင့်လွင်ကပဲ လာခေါ်သွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က မန္တလေးမြို့ရှိ ဂရမ်ပေါက်နေအိမ်များနှင့် ကျူးကျော်ဆိုသူများ၏နေအိမ်များကို အင်အားသုံးဖြိုချဖျက်ဆီးမှုများဆက်တိုက်လုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်ကွက်သစ်ရှိ နေအိမ်အလုံး ၆၀ ခန့်ကို ဖျက်ဆီးဖယ်ရှားခဲ့သေးသည်။
“အမျိုးမျိုးဒုက္ခပေးနေကြတာမပြီးတော့ဘူး။ပြည်သူအချင်းချင်းညီမှရမယ်ဆိုတာဒါကသက်သေပဲ” ဟုအခြားပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။
















































