Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်က အမေရိကန် စစ်တပ် အားလုံး အပြီးသတ် ထွက်ခွာ

တပ်တွေ ပြန်ရုပ်သွားပေမယ့် သံရေးတမန်ရေး ဆိုင်ရာ မပြီးသတ်သေးတဲ့ လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းမှုတွေတော့ ဆက်လက် လုပ်ဆောင်နေဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ် ကတည်းက အာဖဂန်က တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ပြီး ပြည်တွင်းမှာ လာရောက် တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ အမေရိကန် စစ်တပ်တွေ အခြေစိုက်ထားမှုဟာ နှစ်ပေါင်း ၂၀ အကြာမှာ အမှန်တကယ် ဆုံးခန်း တိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန် ကြိုတင် ကြေညာထားတဲ့အတိုင်း အမေရိကန် တပ်တွေ အားလုံးဟာ ဩဂုတ် ၃၁ ရက်မှာ အာဖဂန်နိုင်ငံ၊ မြို့တော်ကဘူးလ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ကဘူးလ်က ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်မှာ နောက်ဆုံးအသုတ် အမေရိကန် တပ်ဖွဲ့ဝင်တွေကို တင်ဆောင်ထားတဲ့ C-17 လေယာဉ်ကြီးဟာ ဩဂုတ် ၃၁ ရက် မနက်အစောပိုင်းမှာ ထွက်ခွာသွားခဲ့ပါတယ်။

တပ်တွေ ပြန်ရုပ်သွားပေမယ့် သံရေးတမန်ရေး ဆိုင်ရာ မပြီးသတ်သေးတဲ့ လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းမှုတွေတော့ ဆက်လက် လုပ်ဆောင်နေဦးမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ် ကတည်းက အာဖဂန်က တာလီဘန် စစ်သွေးကြွတွေကို တိုက်ခိုက်ပြီး ပြည်တွင်းမှာ လာရောက် တပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တပ်တွေ ပြန်လည် ထွက်ခွာသွားတဲ့နောက် ကဘူးလ်မြို့ထဲမှာ တာလီဘန်တွေက သေနတ်တွေ ပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ ပြီးတော့ တာလီဘန် ထောက်ခံသူတွေက မြို့ထဲထွက်လာပြီး စုဝေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့ နောက်ဆုံး စစ်လေယာဉ် ထွက်ခွာသွားပြီး မကြာခင်မှာပဲ တာလီဘန်တွေက ဟာမစ်ကာဇိုင်း လေဆိပ်ကို ဝင်ရောက် ထိန်းချုပ်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန်တွေက ကဘူးလ်အပါအဝင် အာဖဂန်နိုင်ငံ တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုက်တဲ့နောက် ဩဂုတ် ၁၄ ရက်ကစလို့ အမေရိကန် အစိုးရက အာဖဂန်ရောက် အမေရိကန် နိုင်ငံသားတွေနဲ့ လုံခြုံရေးအရ စိုးရိမ်ရသူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အခုတော့ အမေရိကန်တပ်တွေ ထွက်ခွာသွားပြီ ဖြစ်သလို ဒီရွှေ့ပြောင်းပေးမှုတွေလည်း ပြီးဆုံးသွားပါပြီ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီ ဘလင်ကန်က စစ်ရေး၊ သံတမန်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ရွှေ့ပြောင်းစေမှုတွေဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ အာဖဂန်နဲ့ ပတ်သက်လို့ ခေတ်သစ်တစ်ခု အစပြုပြီဖြစ်ကြောင်း၊ စစ်ရေး ဆောင်ရွက်ချက်တွေ အဆုံးသတ်ပြီး သံတမန်ရေးရာ ချဉ်းကပ်မှုတွေ စတင်တော့မှာဖြစ်ကြောင်း ဘလင်ကန်စ်က ဆိုပါတယ်။

တာလီဘန်တွေ အနေနဲ့ အမေရိကန်ရဲ့ အသိအမှတ် ပြုမှုကို ရဖို့ဆိုရင် ကြိုတင် ကတိပေးထားတဲ့အတိုင်း အမျိုးသမီးတွေ အပါအဝင် အာဖဂန် ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို တန်ဖိုးထားဖို့၊ အကြမ်းဖက် အင်အားစုတွေနဲ့ အဆက်အဆံ မလုပ်ဖို့ လိုကြောင်းလည်း ဘလင်ကန်က သတိပေးခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့ အာဖဂန်က တပ်တွေ ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောသွားမယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဟာ သူ့ရဲ့ အာဖဂန်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်လို့ အတော်လေး ဝေဖန် ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလောမှာတော့ တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် စိုးရိမ်ထိတ်လန့်နေတဲ့ အာဖဂန်ပြည်သူ အမြောက်အမြားဟာ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံဖက် ထွက်ပြေးခိုလှုံဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။ အမေရိကန် အတွက်တော့ အာဖဂန် စစ်ပွဲဟာ အချိန်အကြာဆုံး ဆင်နွှဲခဲ့ရတဲ့ စစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ထူထောင်ရေးကို အထမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ တပ်ပြန်ရုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးမှု အားနည်းလာတာနဲ့ ကျေးရွာတွေကို မီးရှို့တာ၊ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာ ပိုလုပ်ဆောင်လာတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။