ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးကို တာဝန်ပေါ့လျော့မှုဖြင့် စစ်ကောင်စီအဖွဲ့ကဖမ်းဆီးထားကြောင်း ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းနှင့် ပြန်ကြားရေးဌာန KNIC က သတင်းဖော်ပြသည်။
အဆိုပါ ဒကစမှူးကို မည်သည့်အချိန်၊ မည်သည့်ရက်တွင်ကို ဖမ်းဆီးထားကြောင်း ဖော်ပြမထားသော်လည်း စစ်ကောင်စီနှင့်နီးစပ်သူများကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။
ကယားပြည်နယ်တွင်း တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုတွေများခဲ့ခြင်းကြောင့် စစ်ဆင်ရေးတာဝန်ပေါ့လျော့မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရကြောင်း KNIC က ဖော်ပြသည်။
ကယားပြည်နယ်တွင် KNPP လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)နှင့် ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လမှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုလည်းများပြားခဲ့သည်။

Public Service Announcement
ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆို၊ ဘောလခဲ၊ လွိုင်ကောင်စသည့် မြို့နယ်များတွင် မေလအတွင်းမှစတင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးဖြစ်သူ ဗိုလ်မှူးချုပ် သန့်ဇင်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ကိုးကားပြီး DVB သတင်းဌာနက ယနေ့ဖော်ပြထားသည်ကို တွေ့ရသည်။


















































