စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ရက်ဆက်မီးလောင်ကျွမ်းကာ အိမ်ခြေ ၅၀ကျော်ပြာကျခဲ့ပြီး နေအိမ်အချို့မှ လက်ဝတ်ရတနာများပါ လုယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် အင်အား၂၀၀ ခန့်ရှိသည့် စစ်ကြောင်း သုံးခုဖြင့် ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီ ၄၅မိနစ်ခန့်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်အထိ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၅၃လုံး ပြာကျခဲ့ကြောင်း Shwebo Local PDFအဖွဲ့ တာဝန်ခံက ပြောသည်။

“ရွာလမ်းမအတိုင်းမဝင်ဘဲ ရွာရဲ့လယ်တွေစိုက်ထားတဲ့ လယ်ကန်သင်းတွေဆီကနေဝင်လာပြီး စစ်ကြောင်း သုံးကြောင်းနဲ့ မီးရှို့တယ်ဗျာ။ မီးရှို့ရုံတင်မကဘူး စျေးဆိုင်ထဲက ပစ္စည်းတွေသယ်ယူပြီး ရွာထဲကနေအိမ်တွေကိုလည်း ဝင်မွှေတယ်။ ရွှေငွေလက်ဝတ်ရတနာတွေလည်း ယူသွားပါသေးတယ်။ ကျွန်တော်တို့ရွာထဲကို ၁ ရက်နေ့ ပြန်ဝင်တော့ကို ၃၁ရက်နေ့က မီးက မငြိမ်းသေးဘူး။”ဟု Shwebo Local PDF အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ကို Shwebo LPDFအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း၊ စာသင်ကျောင်းအတွင်းရှိ ဆေးဝါးများအား အသုံးပြုသွားပြီး စာသင်ဆောင်ကိုလည်း မီးရှို့သွားကြောင်း Shwebo Local PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် သရက်ပင်ဝန်းကျေးရွာအား မီးမရှို့မီ ရွှေဘိုနယ်အတွင်းရှိအင်ကြင်းပင်နှင့် စိုင်တိုးကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။


















































