မကွေးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးအနီး ဗုံးဖောက်ခွဲမှုဖြစ်စဥ် မလုပ်ခဲ့ကြောင်း မကွေးတိုင်းအခြေပြုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ငါးခုက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယနေ့ (စက်တင်ဘာ ၁၄ရက်) နံနက်က မကွေးမြို့ပြည်ခိုင်ဖြိုးရုံးအနီး ဗုံးပေါက်ကွဲခဲ့ရာ အဆိုပါရုံးအနီးကွမ်းယာဆိုင်အတွင်းမှ ကလေးငယ်တစ်ဦး သေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းကဲ့သို့ မကွေးတိုင်းအခြေပြု PDF မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ရှင်း လင်းခဲ့ပြီး ပြည်သူလူထုထိခိုက်စေနိုင်သော ဖောက်ခွဲတိုက်ခိုက်မှုများကို မည်သည့်အဖွဲ့မှဆောင်ရွက်သည်ဖြစ်စေပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနေဖြင့် စစ်ကောင်စီ၊ စစ်ကောင်စီထောက်တိုင် ယန္တရားနှင့် ၎င်းတို့၏ စီးပွားရေး ထောက်တိုင်မျာကိုသာ ဦးတည်တိုက်ခိုက် သွားမည်ဖြစ်ပြီး အများ ပြည်သူသွားလာသည့်နေရာ၊ ဘာသာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သွား မည်မဟုတ်ကြောင်း မကွေးတိုင်းအခြေပြု PDF မိတ်ဖက်အဖွဲ့အစည်းများက အသိပေးခဲ့သည်။

Public Service Announcement
ကုလသမဂ္ဂလအထွေထွေညီလာခံ ကျင်းပနေချိန်ကာလအတွင်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ပုံဖျက်ရန် ကြိုတင်စီမံမှုများရှိနေပြီး ယခု မကွေးမြို့ ပေါက်ကွဲမှုသည်လည်း ယင်းစီမံချက်ကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း မကွေးဒေသခံတစ်ဦးက ပြောသည်။
“ PDFတွေက အကြမ်းဖက်တယ် PDFတွေကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တယ် နေရာတိုင်းမှာ ပေါက် ကွဲမှု တွေဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့က ဒါတွေကို ဖန်တီးထားတာ။ တကယ့် တကယ်ကျတော့ PDFတွေက ဒါတွေမလုပ်ဘူး သေချာတယ်။ လုပ်ချင်းလုပ်ရင် အထဲ ဝင်ခွဲမှာပေါ့ အပြင်မှာ ဘယ်လုပ်လိမ့်မလဲ။ သူတို့ အဆောက်အဦး ထိခိုက်အောင် လုပ်ချင်လုပ်မယ် လူတွေထိခိုက် အောင်လုပ်ချင်လုပ်မယ် ရဲစခန်းတွေကို ဝင်ပစ်ချင်ပစ်မယ်။ ဒီလို ဟန်ပြကတေ့ PDFက မလုပ်တာ သေချာတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သူတို့ ဒေါက်တိုင်အဖွဲ့တွေ လုပ်တာ ဖြစ်နိုင်တယ်”ဟု ဒေသခံက ပြောသည်။
မကွေးအခြေပြု PDF ၅ဖွဲ့ကလည်း အများပြည်သူလူထု ထိခိုက်စေနိုင်သော နေရာများတွင် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ် ပေါ်လာပါက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထပ်ဆင့် အသိပေးကြေညာခဲ့သည်။
ယခု ကြေညာချက်ကို လူထုတော်လှန်ရေးအင်အားစု (PRA)၊ မကွေး PDF၊ မကွေးတိုင်း PDF ၊ ပွင့်ဖြူ PDF၊ ဗိဿနိုးနယ်မြေ PDFတို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


















































