အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြားဖြတ်ဖမ်းယူနိုင်မယ့်စက်တွေကို တပ်ဆင်ခိုင်းခဲ့ပြီး တယ်လီနောမြန်မာက လက်ရှိအချိန်တပ်ဆင်ခြင်းမရှိဘဲ ကုမ္ပဏီကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒီနေ့ ရှင်းလင်းထုတ်ပြန်ပါတယ်။
တယ်လီနောဟာ တယ်လီနောမြန်မာကို M1 ကိုရောင်းချဖို့ကြေညာလိုက်ချိန်ကတည်းက ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းတွေက တယ်လီနောမြန်မာကို မရောင်းချဖို့အတွက် တောင်းဆိုမှုတွေမြင့်တက်ခဲ့ပေမယ့် နိုင်ငံတကာလမ်း ညွှန်ချက်တွေ၊ လူ့အခွင့်အရေးတွေကို လိုက်နာတန်ဖိုးထားတဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ရပ်တည် ဖို့ မဖြစ်နိုင်ဘူးလို့ တယ်လီနောရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“ဒီစည်းမျဉ်းတွေ၊ ကျွန်ုပ်တို့ဝန်ထမ်းတွေရဲ့လုံခြုံရေးနဲ့ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံရဲ့အော်ပရေတာတစ်ခုအနေနဲ့ ဆက်လက်ရပ်တည်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ ဝမ်းနည်းဖွယ်အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါက ကျွန်ုပ်တို့ မြန်မာနိုင် ငံမှာ ဆက်လက်ရှိဖို့ မဖြစ်နိုင်ခဲ့တာပါ” လို့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကြားဖြတ်ဖမ်းယူနိုင်တဲ့စက်တွေဟာ နော်ဝေနဲ့နိုင်ငံတကာက အရေးယူပိတ်ဆို့ထားတဲ့ စက် ပစ္စည်းတွေဖြစ်ပြီး ဒီစက်တွေကို တပ်ဆင်ဖို့ကိုလည်း တယ်လီနောက လက်မခံပါဘူး။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ သုံးစွဲသူတွေလုံခြုံရေးနဲ့ အခြေခံလူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေကိုလိုက်နာတဲ့ ဥပဒေနဲ့ နည်းဥပဒေမူ ဘောင်တွေဟာ မြန်မာနိုင်ငံမှာ မရှိသေးဘဲ ဒီအခြေ အနေမှာ အခုလို ကြားဖြတ်ဖမ်းယူတဲ့စက်တွေ တပ်ဆင်မယ် ဆိုရင် ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်ုပ်တို့ရဲ့တန်ဖိုးတွေနဲ့ စံသတ်မှတ်ချက်တွေကိုချိုးဖောက်ရာရောက်ပါတယ်။

Public Service Announcement
လက်ရှိမှာ တယ်လီနောဟာ တယ်လီနောမြန်မာကိုရောင်းချဖို့အတွက် စည်းမျဉ်းစည်းကမ်းအတည်ပြုချက်တွေ ရရှိရေးအတွက် အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
သုံးစွဲသူ ၁၈ သန်းရှိတဲ့ တယ်လီနောမြန်မာကို လက်ဘနွန်ကုမ္ပဏီ M1 Group ကို အမေရိကန်ဒေါ်လာ ၁၀၅ သန်း နဲ့ရောင်းချမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လက တယ်လီနောကုမ္ပဏီက ကြေညာခဲ့ပါတယ်။


















































