ကန့်ဘလူအခြေစိုက် စစ်ကောင်စီ တင့်ကားတပ်ရင်းမှ ဗိုလ်တစ်ဦးသည် မတ်လ ၁၇ရက်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။
၆၀၀၆ တင့်ကားတပ်ရင်းမှ ဗိုလ်ဇေယျာထွန်းသည် အရက်အလွန်အကျွံသောက်ပြီးနောက် မတ်လ ၁၇ရက် နံနက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
“သူ့မိသားစုက ရန်ကုန်မှာနေတာ။ မိန်းမနဲ့အဆင်မပြေဘူးကြားတယ်။ သူ့မိန်းမကလည်း လူမှုရေးပြဿနာရှိတယ်လို့ ကြားတယ်။ တပ်ထဲမှာလည်းသူမပျော်ဘူး။ စစ်လည်းမတိုက်ချင်ဘူးလို့ ပြောတယ်။ သူသတ်သေတာကို စစ်တပ်က လိုက်ဖုံးနေတယ်”ဟု၆၀၀၆ တင့်ကားတပ်ရင်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးကPeople’s Spring သတင်းဌာနသို့ပြောသည်။

ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းတွင် ပြီးခဲ့သည့်လက အခြားဒေသမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် အရပ်သားများရှိရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုတော်လှန်ရေူအင်အားစုများကပြောသည်။
မတ်လ ၁၈ရက်ညကလည်းကန့်ဘလူမြို့တဖက်ကမ်းရှိသပိတ်ကျင်းမြို့ဘက်မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ကန့်ဘလူမြို့ ပန်းစည်ကြီးရွာမှ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
















































