စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ မြဝတီရပ်ကွက်ရုံးစစ်ဆေးရေးဂိတ်အား အလစ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (မတ်လ ၃၁ ရက်) မွန်းလွဲ ၂နာရီခန့်က မုံရွာမြို့ပေါ်ရှိ မြဝတီရပ်ကွက်ရုံးစစ်ဆေးရေးဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၏ သတင်းထောက်လှမ်းမှုဖြင့် ထိုစစ်အုပ်စု လုံခြုံရေးအင်အားနည်းချိန် အလစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်နေရင်းနဲ့ကို နှစ်ယောက်ကလဲကျသေဆုံးတယ်။ တစ်ယောက်ကလည်းကျတယ်။အဲဒီစစ်ဆေးရေးဂိတ်က မုံရွာမြို့ထဲကစစ်ဆေးရေးဂိတ် အင်အားကနည်းနည်းပဲရှိတာ။ မိုင်တဲရုံးမှာလည်းရှိတာကိုး။ လာတဲ့သူတွေကိုစစ်ဖို့လောက်ပဲ အရမ်းကြီးတော့မရှိဘူး။ အင်အားနည်းတယ်။”ဟု Chindwin Attack Force၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းအဖွဲ့၏ ထုတ်ပြန်ထားသည့်ရုပ်သံမှတ်တမ်းတွင် ရဲဘော်တစ်ဦးက သေနတ်တစ်လတ်ဖြင့် ရပ်ကွက်ရုံးအား အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး “ကျည်ကုန်သွားပြီ”ဟု အော်ပြောခဲ့သည်ကို တွေ့ရသည်။

Public Service Announcement
“ရှေ့ရော နောက်ရော ပစ်တာပါ။ ကျည်ကုန်သွားတာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
မုံရွာခရိုင်တပ်ရင်း (၂၊ ၃၊ ၄)အနေဖြင့် ထိုးစစ်တိုက်နေ၍ လက်နက်ခဲယမ်းလိုအပ်နေသည်ဟု Chindwin Attack Force က မကြာခဏတောင်းဆိုနေရသည်။
မုံရွာမြို့ပေါ်တွင် ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ နေ့စဥ်ပြုလုပ်နေသော်လည်း စစ်အုပ်စုတပ်စွဲရာနေရာများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက မကြာခဏ တိုက်ခိုက်နေသည်။


















































