စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်ကိုင်းတိုင်း မုံရွာမြို့ရောက်ချိန် လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ရှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မှ အရာတော်မြို့နယ်သို့ကူးရန် သမရိုးတံတားအား ဖြတ်သန်းနေစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မတ်လ ၂၄ ရက် ညနေ ၆နာရီခန့်က ဝက်လက်နှင့်အရာတော်နယ်ကြားရှိ သမရိုးတံတားကိုဖြတ်ကူးနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲကြာချိန် ၁နာရီခွဲကျော်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာစစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ၁၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
“မအလ မုံရွာလာချိန် လုံခြုံရေးလာပေးတဲ့ ရွှေဘိုက စကစတွေဗျ။ ၃၀၀ လောက်ရှိတယ်။ ၂၀၀ လောက်က ရွှေပန်းကုံးရွာ ကိုရောက်သွားပြီ။ အခုပစ်တဲ့အချိန်က ၁၀၀ လောက်ရှိမယ်။ သမရိုးကနေ ကတို့ကုန်းကို ကူးတာကိုကူးတဲ့အချိန်၀င်ဖြတ်တိုက်တာ။ တံတားက အရာတော်မြို့နယ်နဲ့၀က်လက်မြို့နယ်ကူးတဲ့တံတားပါ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဠုန်နက် PDF ၊ 9-One PDF ၊ ယက္ခညီနောင် (LPDF) ၊ တိုက်နယ် 6 (ပကဖ) ၊ အောင်စစ်သည် မြွေပွေး (LPDF) ၊ AK 2 (ပကဖ) ၊ ဒေါင်းညီနောင် (LPDF) ၊ Danger (ပကဖ) ၊ GENERATION DEFENCE FORCE AYADAW (ပကဖ) ၊ တာနော (ပကဖ) နှင့် တော်လှန်ရေးတပ်အင်အားစု များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


















































