မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး – မြင်းခြံလမ်းပိုင်းတွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၂၃ရက်)က နွားထိုးကြီး – မြင်းခြံလမ်းပိုင်းရှိ သာယာကုန်းကျေးရွာတွင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံး နှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ငါးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း Myingyan District Drone Strike Team အဖွဲ့က ပြောသည်။
“သာယာကုန်းရွာမှာ တပ်တော့မစွဲထားဘူး။ ဂိတ်လာချထားတာ”ဟု မြင်းခြံခရိုင်တပ်ရင်းအမှတ်(၄) NPDF အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike Team ( MDDS )၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၄) နှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် (၈)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement
စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ – တောင်သာလမ်း၊ တောင်သာ – မလှိုင်လမ်းပိုင်းများတွင်လည်း ကင်းပုန်းများချကာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အိမ်စီးကား တစ်စီးအား သာယာကုန်းကျေးရွာအနီး ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း NPDF အဖွဲ့က ထုတ်ပြန်ထားသည်။


















































