ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကရင့်လက်နက်ကိုင် လေးဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီက ကရင်ပြည်နယ် လေးကေ့ကော်ဒေသအနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယနေ့(ဇွန်လ ၈ရက်)တွင် KNU၊ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) လေးဖွဲ့ပေါင်းပြီး စစ်ရှောင်များအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။




“ကရင်လက်နက်ကိုင်လေးဖွဲ့က စုပေါင်းပြီ လေးလေးကေ့ကော်နားကရှိတဲ့ရွာတွေကို စုပေါင်းပြီး စားနပ်ရိက္ခာထောက်ပံ့တယ်လေ။ အရင်တုန်းက တစ်ဖွဲ့စ၊နှစ်ဖွဲ့စလှူတာရှိတယ်။အခုကတော့ လေးဖွဲ့ပေါင်းထားတဲ့ကော်မတီက လှူတာပေါ့။ သူတို့ပြောတာတော့ စစ်ဘေးကာလလည်းဖြစ်တယ် ပြေးလွှားရှောင်ရှားနေရတဲ့ပေါ့”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
ကရင်လက်နက်ကိုင် လေးဖွဲ့ကော်မတီတွင်ပါဝင်သည့် BGF သည် စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်သော်လည်း ယခု ကော်မတီက ထောက်ပံ့မှုပေးအပ်ခြင်းသည် ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေးအတွက်ဆောင်ရွက်မှု လမ်းကြောင်းမှ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement




ယနေ့ စားနပ်ရိက္ခာပေးအပ်ရာတွင် သေ့ဘောဘိုးရွာရှိ အိမ်ခြေ ၃၀၀ကျော်မှ လူဦးရေ တစ်ထောင်ကျော်၊ ဘလယ်ဒိုကျေးရွာရှိ အိမ်ထောင်စု ၁၀၀ကျော်မှ လူဦးရေ ၅၀၀ကျော်၊ တောင်နီကျေးရွာမှ အိမ်ထောင်စု ၁၀၀ကျော်မှ လူဦးရေ ၆၀၀ကျော်၊ လူကိုထကျေးရွာမှ အိမ်ထောင်စု ၁၂၀ ကျော်မှ လူဦးရေ ၃၈၀ကျော် စုစုပေါင်း အိမ်ထောင်စု ၆၇၀ကျော်မှ လူဦးရေ ၂,၅၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။
အဆိုပါဒေသတွင် KNU ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှု၊ စစ်ဘေးဒုက္ခကြုံတွေ့ရမှုများစွာရှိခဲ့သည်။


















































