မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲရာ အရှေ့ဘုန်းကန်ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိပြီးတော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့( ဇွန်လ ၁၁ ရက်နေ့) နံနက် ၃ နာရီခန့်ကပခုက္ကူမြို့နယ်ရှိ အရှေ့ဘုန်းကန်ကျေးရွာသို့ ချည်းကပ်ကာ ထိုရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား နံနက် ၅ နာရီခန့်တွင် စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့က အသိပေးသည်။
နံနက်(၆)နာရီဝန်းကျင်အထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ အသက်၂၃နှစ်အရွယ် ရဲဘော်တစ်ဦးလည်း ဝမ်းဗိုက်ကိုကျည်မှန်ကာ ကျဆုံးခဲ့ရကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

“သတင်းပေါက်လို့ သူတို့ဘက်ကအရင်ကြိုပစ်တာ။ပခုက္ကူခရိုင်ရင်း၂က ရဲဘော်တစ်ယောက်ကျတယ်။ သူတို့ဘက်ကသေတာတော့မသိရသေးဘူး။သူတို့ကအင်အား၂၀ လောက်ရှိတယ်။ ကျွန်တော်တို့က ၆၀ လောက်ရှိတယ်။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်စွဲထားသော စာသင်ကျောင်းဝင်းအထိ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ပခုက္ကူစက်မှုဇုန်မှ စစ်ကူများတက်လာသည်ဟု သတင်းရရှိသောကြောင့် စစ်အုပ်စုတပ်စွဲထားသော ဘုန်းကြီးကျောင်းဘက်သို့ ဆက်လက်သိမ်းပိုက်နိုင်ခြင်းမရှိကြောင်း Earthquake People’s Defence Force အဖွဲ့ကဆိုသည်။
ထိုတိုက်ပွဲတွင် စစ်အုပ်စု၏ ထိခိုက်မှုအား စုံစမ်းနေကြောင်း၊ ထိုစစ်ဆင်ရေးအားEarthquake People’s Defence Force၊ မြိုင် ( ပကဖ) တပ်ရင်း(၂)တပ်ခွဲ(၁)၊ Middle Revolution Task Force-MRTF ၊ King Cobra၊ Royal Defense Force၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့-မြိုင်၊ PKU N PDF နှင့်ပခုက္ကူ ခရိုင်းတပ်ရင်း(၂) တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။


















































