▪︎၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၀၂၁ ခုနှစ်ထက် ၃၃ ရာခိုင်နှုန်းတိုးလာပြီး စိုက်ဧက ၉၉,၀၀၀ ကျော်အထိရှိလာ
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်း၊ မက်တာဖက်တမင်ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင်မှောင်ခိုမှုများ မြင့်တက်ခြင်းသည် စစ်တပ် မတရားအာဏာသိမ်းမှု၏ ဆိုးဝါးသော အကျိုးဆက်များစွာထဲမှ အချို့ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။
ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်ရရှိမှုသည်သာ အထင်ပါစိန်ခေါ်မှုများအတွက် ဖြေရှင်းနိုင်မည့်အဖြေဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ United Nations on Drugs and Crime-UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ (World Drug Report) ထုတ်ပြန်သည့် အခမ်းအနားနှင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လွန်စွာရှုပ်ထွေးလှသည့် ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းတစ်ခုတွင်ပါဝင်နေပြီး မြန်မာနိုင်ငံ ရင်ဆိုင် နေရသော စိန်ခေါ်မှုအခက်အခဲများစွာသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ် မတရားအာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားစေခဲ့ကြောင်း သံအမတ်ကြီးကပြောသည်။

Public Service Announcement

UNODC ၏ စစ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သည်ကို တွေ့ရသော်လည်း စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ် ကထက် ၃၃ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။ ထိုအပြင် မက်တာဖက်တမင် ထုတ်လုပ်မှုသည်လည်း သိသာစွာ တိုးတက်လာကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။
UNODC ၏ အချကိအလက်များအရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တိုးလာပြီး စိုက်ဧက ဟတ်တာ ၄၀၁၀၀ (ဧက ၉၉,၀၀၀ ကျော်) ရှိလာသည်။အထွက်နှုန်းမှာလည်း ၈၈ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၇၉၀ အထိ့ရှိလာကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် ဘိန်းစိုက်ဧက ၂ ရာခိုင်နှုန်း ၊ဘိန်းအထွက်နှုန်း ၄ ရာခိုင်နှုန်းပိုများခဲ့သော အခြေအနေမှ စစ်တပ် အာဏာသိမ်းပြီး ဒုတိယမြောက်နှစ်ဖြစ်သော ၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တစ်ဟုန်ထိုးများလာခြင်းဖြစ်သည်။

ဘိန်းအများဆုံးစိုက်ပျိုးသောဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း UNODC ကဖော်ပြသည်။
ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ တရားမဝင်လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုများ ပိုမိုဖြစ်ပေါ်စေသည့်အပြင်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးများ သက်ရောက်လာစေခဲ့ကြောင်းလည်း ဦးကျော်မိုးထွန်းကပြောသည်။

ထို့အပြင် ကာကွယ်ဆေးဝါးရရှိမှု၊ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု၊ ကုသခွင့်အစီအစဉ်များလည်း ပြုလုပ်နိုင်ခြင်းမရှိဘဲ အခြေအနေအများအပြားတွင် စစ်တပ်မှ ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ တင်ပြသည်။


















































