စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ကြာဇံစက်ရုံ သုံးခု မီးရှို့ဖျက်ဆီးပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမား သုံးဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၀)နံနက်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရစ်ကုန်း(မြောက်)ကျေးရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ က ထုတ်ပြန်သည်။
ထို့အပြင် နေ့လယ် ၂နာရီခန့်တွင် ပရစ်ကုန်းမြောက်ရွာ ကြာဇံစက်ရုံပိုင်ရှင် ကိုပေါက်စီနှင့် အလုပ်သမား သုံးဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး ပရစ်ကုန်း(တောင်)ရွာထိပ်တွင် ပစ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ က အသိပေးသည်။
“ကျွန်တော်တို့ သတင်းတင်ထားတဲ့အတိုင်း သိရှိထားရပါတယ်။ တခြားသိရှိထားရတာမရှိသေးပါဘူး။”ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
ထို့အပြင် ညနေ ၆ နာရီခန့်တွင် မိုင်းထိပြီး ထိခိုက်သေဆုံးသည့်ပျူစောထီးများအား လာရောက်သယ်ဆောင်ချိန်တွင် တောပုပျူစောထီးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Area 71 အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“မနေ့က မွန်းလွဲပိုင်းလောက်မှာခွေးနဲ့ပျူတွေ မိုင်းရှင်းလင်းရေးဆိုပြီး လုပ်ကြတယ်။ အဲ့ဒါကို တော်လှန်ရေးအဖွဲ့တွေဘက်က ဘယ်အဖွဲ့ရဲ့မိုင်းလဲတော့ မသိရဘူး။ သုံးကောင်လောက်နေရာတင် ကိစ္စချောသွားတယ်။ အထိအခိုက်တွေရောပဲ။ အဲ့ဒီ အသေနဲ့ အကျိုးအကန်းတွေ ပြန်သယ်လာကြတဲ့အချိန် စောင့်တွယ်ကြတာပါ။”ဟု Area 71 အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ညနေပိုင်း မိုင်းစစ်ဆင်ရေးကို Area71၊ Black hero local PDF၊ Anyar defence force ADF၊ Youth vigor revolution force YBRF၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆) တပ်ခွဲ(၁)တပ်စိပ်(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီး၌ တိုက်ခိုက်ခံနေရပြီး အထိနာနေ၍ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေရာ ယခုနိုဝင်ဘာအတွင်း ပြည်သူ ၉၀ ကျော် သတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည်။


















































