Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့မှုတန်ဖိုး တစ်နှစ်အတွင်း နှစ်ဆတိုးလာ

ဧပြီလတုန်းကတော့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်က Reutersနဲ့ အင်တာဗျူးမှာ သူ့ရဲ့ အစိုးရဟာ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းရေး ပဋိပက္ခမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး လုပ်မှာ မဟုတ်ဘဲ ဆက်စပ်တဲ့ အင်အားစုတိုင်းနဲ့ ညှိနှိုင်း အဖြေရှာဖို့ လိုလားကြောင်း ပြောကြားထားပါတယ်။

(စစ်​ရေးပြ အခမ်းအနားတစ်ခုမှာ စစ်​ကောင်စီတပ်သား​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)
(စစ်​ရေးပြ အခမ်းအနားတစ်ခုမှာ စစ်​ကောင်စီတပ်သား​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)

People’s Spring

စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ထိုင်းကနေ မြန်မာကို တင်ပို့မှု တန်ဖိုးဟာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ အဲဒီမတိုင်ခင် တစ်နှစ်ထက် နှစ်ဆလောက် မြင့်တက်လာကြောင်း သိရပါတယ်။

ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင် တဦးရဲ့ အစီရင်ခံ ဖော်ပြချက် အသစ်အရ အဲဒီဘဏ္ဍာရေးနှစ်မှာ ထိုင်းကနေ မြန်မာဆီ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ တင်ပို့ ရောင်းချမှု တန်ဖိုးဟာ ဒေါ်လာ သန်း ၁၂၀ ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ အဲဒီ အစီရင်ခံစာကို မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က တင်ပြခဲ့ပါတယ်။

နိုင်ငံတကာက အာဏာသိမ်း စစ်တပ်ကို အထီးကျန်အောင် ဝိုင်းဝန်း ဖယ်ကြဉ်ထားတဲ့ အားထုတ်မှုတွေဟာ အတိုင်းအတာ တစ်ခုထိ အောင်မြင်နေတယ် ဆိုပေမယ့်လည်း တစ်ဖက်မှာလည်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို စစ်ခင်း တိုက်ခိုက်ဖို့ လိုအပ်တဲ့ စစ်လက်နက်နဲ့ ငွေကြေးတွေကို ပြည်ပ ရင်းမြစ် တချို့ဆီကနေ ဆက်လက် ရရှိနေဆဲလို့ အန်ဒရူးစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူ အစိုးရရဲ့ ဖိဖိစီးစီး အားထုတ်မှုတွေကြောင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေဆီကနေ မြန်မာစစ်တပ်ဆီ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ တင်သွင်းမှုဟာ တစ်နှစ်အတွင်း သိသိသာသာ လျော့ကျသွားပေမယ့် အဲဒီ လစ်ဟာမှုကို ထိုင်းမှာရှိတဲ့ လုပ်ငန်းတွေက ဝင်ဖြည့်ပေးနေတယ်လို့ Death Trade: How Banks and Governments Enable the Military Junta in Myanmarဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ အန်ဒရူးစ်ဟာ နိုင်ငံပေါင်း ၇ ခုက ဘဏ် ၁၆ ခုဟာ လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုအတွက် ငွေကြေးလွှဲပြောင်း ပေးချေမှုတွေ အဆင်ပြေအောင် ဝန်ဆောင်မှု ပေးခဲ့တယ်လို့ စာရင်းပြုစုထားပါတယ်။ နောက်ထပ် ဘဏ် ၂၅ ခုကတော့ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အစိုးရ ဘဏ်တွေကို ဘဏ်လုပ်ငန်း လည်ပတ်မှု အဆင်ပြေအောင် ချိတ်ဆက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရဘဏ်တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်တဲ့ နိုင်ငံခြား ငွေကြေး ဝန်ဆောင်မှု အစုအဖွဲ့တွေ ဆက်လက် တည်ရှိနေခြင်းကြောင့် စစ်တပ်ဟာ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နိုင်အောင် လိုအပ်တဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို ဆက်လက် ရရှိနေကြောင်း အန်ဒရူးစ်က အစီရင်ခံထားပါတယ်။

အစီရင်ခံစာထဲမှာတော့ စစ်ဘက်နဲ့ အရပ်ဖက် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ နည်းပညာတွေ၊ အသုံးအဆောင်တွေနဲ့ တခြားပစ္စည်းတွေကို အာဏာသိမ်း စစ်တပ်က တင်သွင်းမှုဟာလည်း ၂၀၂၄ ခုနှစ် မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ဒေါ်လာ ၂၅၃ သန်းဖိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ အရင်တစ်နှစ်နဲ့ ယှဉ်လိုက်ရင် သုံးပုံတစ်ပုံ လျော့နည်းသွားတဲ့ သဘောပါ။ အဲဒီလျော့ပါးမှုရဲ့ အခြေခံ အကျဆုံး အကြောင်းတရားကတော့ စင်ကာပူ အစိုးရက ပြည်တွင်း ကုမ္ပဏီတွေကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ဆက်နွှယ်မှု မရှိအောင် ဖိဖိစီးစီး လိုက်လံ ဖိအားပေး အရေးယူခဲ့တာကြောင့်လို့ ဆိုပါတယ်။

၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတောအတွင်း စစ်တပ် လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာန ဝယ်ယူတဲ့ စစ်သုံးပစ္စည်းတွေထဲက ဒေါ်လာ သန်း ၆၃၀ ဖိုးလောက်ကိုလည်း အန်ဒရူးစ်က စိစစ်ပိုင်းခြား ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ ၂၀၂၂ တုန်းက မြန်မာစစ်တပ်အတွက် စင်ကာပူရဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရောင်းချမှုဟာ ဒေါ်လာ သန်း ၁၁၀ ဖိုးလောက်ထိ များပြားခဲ့ရာကနေ အခုနောက်ဆုံး ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁၀ သန်းထိ လျော့ကျသွားတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းအခြေစိုက် ကုမ္ပဏီတွေဟာ စစ်တပ်က အင်မတန် အားကိုးတဲ့ Mi-17နဲ့ Mi-35 ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေ အပါအဝင် စစ်လက်နက်နဲ့ စစ်ရေး အသုံးအဆောင်တွေ တင်သွင်းနိုင်ဖို့ အရေးပါတဲ့ အဓိက ရင်းမြစ်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာနေကြောင်း အစီရင်ခံစာက ဖော်ပြထားခဲ့ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဖက်ကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဧပြီလတုန်းကတော့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်က Reutersနဲ့ အင်တာဗျူးမှာ သူ့ရဲ့ အစိုးရဟာ အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းရေး ပဋိပက္ခမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး လုပ်မှာ မဟုတ်ဘဲ ဆက်စပ်တဲ့ အင်အားစုတိုင်းနဲ့ ညှိနှိုင်း အဖြေရှာဖို့ လိုလားကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။