Connect with us

Hi, what are you looking for?

သတင်း

လားရှိုးထိုးစစ် ကိုးကန့်တပ်ဖွဲ့နှင့်အတူ ရှမ်းတပ် SSPP လည်း ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဟု သတင်းရင်းမြစ်အချို့ပြော

ပူးပေါင်းတပ်တွင် ပါဝင်သည့် တပ်ဖွဲ့ အမည်များကို စစ်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP/SSA တို့ ဖြစ်ကြောင်း ပြောပြသည်။

(MNDAAတပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang ၊ SSPP info)
(MNDAAတပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang ၊ SSPP info)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ်မတော်(MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃) မနက် အစောမှစတင်ထိုးစစ်ဆင်လျက်ရှိရာ ပူးပေါင်းတပ်ဖွဲ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) လည်း ပါဝင်တိုက်ခိုက်​နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ရှမ်းသတင်းရင်းမြစ် အချို့က ပြောသည်။

လားရှိုးမြို့ အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇူလိုင် ၃ရက်မနက်တွင် စတင်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း ၁ခု သိမ်းရထားကြောင်း သတင်းရင်းမြစ် အချို့က အသိပေးထားပြီး စစ်ရေးအခြေအနေများ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လားရှိုးမြို့တွင် စစ်​ကောင်စီ၏ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသည်။​မြောက်ပိုင်းညီ​နောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်​ရေးတွင် လားရှိုးမြို့နယ်ရှိစစ်တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီး ရမခ ကိုတိုက်ရန် တပ်ဆိုင်ထားချိန်တွင် တရုတ်၏ ကြားဝင်မှု​ကြောင့် ဟိုင်ဂင်သ​ဘောတူညီချက်ဖြင့် ဇန်နဝါရီ ၁၁ ရက်မှစ၍ အပစစ်ရပ်ခဲ့ပြီး ရမခ လည်း အတိုက်မခံခဲ့ရခြင်းဖြစ်သည်။

(MNDAAတပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang ၊ SSPP info)
(MNDAAတပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Kokang ၊ SSPP info)

ပူးပေါင်းတပ်တွင် ပါဝင်သည့် တပ်ဖွဲ့ အမည်များကို စစ်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP/SSA တို့ ဖြစ်ကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

ယင်းသတင်းအပေါ် ရှမ်းသတင်းရင်းမြစ်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ SSPP ပါဝင်သည်ဟု ကြားရကြောင်း ဖြေကြားသည်။ အတိအကျ သိနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းရန် ထပ်မံ​ပြောသည်။ သို့ရာတွင် SSPP နယ်မြေကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထားသည်ဟု သိရကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“ FPNCC ( ဝတပ်ဖွဲ့ UWSA ဦးဆောင်ပြီး KIA၊ SSPP၊ TNLA ၊MNDAA ၊AA ၊ မိုင်းလား NDAA တို့ ပါဝင်သည့် မဟာမိတ်တပ်ပေါင်းစု)မှာဝင်မတိုက်တာ ၃ဖွဲ့ရှိတယ်။ မူအားဖြင့်တော့ မတိုက်ဘူးပေါ့ဗျာ။ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ တမျိုးမျိုးတော့ လုပ်နေကြတာပဲ။ အဲဒီတော့ မပါဘူးလို့ တထစ်ချပြောလို့မရဘူး။ သို့သော် ပါရင်တောင်မှပဲ ပေါ်ပေါ်ထင်ထင်ကြီး လုပ်ပါ့မလား။ အခြား တစုံတရာသော နည်းလမ်းနဲ့ ပါမလားဆိုတာတော့ ခန့်မှန်းရ ခက်တာပေါ့။ မပါဘဲတော့ မနေဘူးလို့ ထင်ပါတယ်” ဟု အဆိုပါ ရှမ်းသတင်းရင်းမြစ်က ပြောသည်။

ဖုန်းလိုင်းဖြတ်တောက်ထားသည်မှာ တစ်လခန့်ကြာပြီဟု သိရကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

“တွေ့တဲ့သူ ရှိရင်လည်း ရှိလိမ့်မယ်။ ကျနော်တို့က အနီးကပ်မနေတဲ့အတွက် သိပ်မသိဘူး။ သုံးသပ်ချက်အရတော့ မပါဘဲ မနေဘူး။ ဘယ်လိုပါမယ်ဆိုတာတော့ မသိဘူးပေါ့” ဟု ရှမ်းသတင်းရင်းမြစ်က SSPP တပ်များ လားရှိုးမြို့ တိုက်ပွဲ၌ ပါဝင်ခြင်းရှိမရှိ အပေါ် သုံးသပ်သည်။

စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်သည့် သတင်းနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

SSPP အနေဖြင့် ယခုနှစ် ဧပြီ ၂၄ရက်က ပြုလုပ်ခဲ့သည့် ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားတွင် အဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က နိုင်ငံရေး စားပွဲဝိုင်း၌ အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲဖြစ်ရတော့မည်ဟု အသိပေး ပြောကြားခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာရန် နည်းလမ်းများ လုံး၀ မဖြစ်နိုင်တော့သည့် အနေအထားဟု SSPP ဒုဥက္ကဋ္ဌက ပြောကြားသည်။

စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးအတွက် SSPP ဦးဆောင်မှု အောက်က ပြတ်သားစွာ လုပ်ဆောင်ကြရန် နှင့် တော်လှန်ရေး တပ်များ အပါအဝင် ပြည်သူအားလုံး ကြိုးစား တိုက်ပွဲဝင်ကြရန် နှိုးဆော်ခဲ့သည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး။ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံး၀ မရှိတော့ပါဘူး။ ဒါကြောင့် တိုက်ပွဲဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဗိုလ်ချုပ် စဝ်ခွန်ဆိုင်က လွန်ခဲ့သည့် နှစ်လခွဲခန့် က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။