Connect with us

Hi, what are you looking for?

နိုင်ငံတကာ

EU ဥက္ကဋ္ဌ ဟန်ဂေရီ ဝန်ကြီးချုပ်က မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံ

ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အော်ဘန်က သူဟာ ဥရောပတိုက်က ငြိမ်းချမ်းရေးကို လိုအပ်နေတယ်ဆိုတာ ပူတင်ဆီ အသိပေး ရှင်းပြခဲ့တယ်လို့ ပြောကြားသွားပါတယ်။

EU ဥက္ကဋ္ဌ ဟန်ဂေရီ ဝန်ကြီးချုပ်က မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံ
EU ဥက္ကဋ္ဌ ဟန်ဂေရီ ဝန်ကြီးချုပ်က မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံ

အဖွဲ့ဝင် နိုင်ငံတွေရဲ့ သတိပေးမှု၊ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားကနေ ဥရောပ သမဂ္ဂ (EU)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဟန်ဂေရီ ဝန်ကြီးချုပ်ဟာ ရုရှားနိုင်ငံကို အလည်အပတ် သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗစ်တာ အော်ဘန်ဟာ ပူတင်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပြီး ရုရှားဖက်ကို ယိမ်းတဲ့နိုင်ငံရေး အမြင်မျိုး ရှိသူပါ။ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားအပေါ် ထိထိရောက်ရောက် ရှုတ်ချတာမျိုး မရှိခဲ့တဲ့ EUရဲ့ တစ်ခုတည်းသော အဖွဲ့ဝင် နိုင်ငံအဖြစ်လည်း ဟန်ဂေရီက ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့မယ့် NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အစီအမံတွေမှာလည်း ဟန်ဂေရီက မကြာခဏ နှောင့်နှေးအောင် စွက်ဖက်တာတွေ ရှိခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာ မော်စကိုမြို့တော်ဆီ သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံမယ့် အော်ဘန်ရဲ့ ဆုံးဖြတ်ချက်အပေါ် EU အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက ဝေဖန်ခဲ့သလို ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှု ပုံစံကို EU ဥက္ကဋ္ဌ အနေနဲ့ မပြသဖို့ သတိပေးခဲ့ကြပါတယ်။ နောက်ပြီး အော်ဘန်ရဲ့ မူဝါဒတွေဟာ EUကို ကိုယ်စားပြုတဲ့ အခြေအနေမျိုး မဟုတ်တာကို ရှင်းရှင်းလင်းလင်း နားလည်ရမယ်လို့လည်း EU အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

အော်ဘန်ဟာ မကြာသေးခင်ကလည်း ယူကရိန်းကို ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်တစ်ခု သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ သူက ရုရှားနဲ့ ယူကရိန်းကြား အမြန်ဆုံး အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ကြားဝင် အဆိုပြု ညှိနှိုင်း ကူညီပေးနေတာလို့လည်း အော်ဘန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဖြစ်နေတဲ့ နိုင်ငံ နှစ်ခုစလုံးနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောနိုင်တဲ့ နိုင်ငံအရေအတွက်ဟာ တရိပ်ရိပ် ကျဆင်းနေကြောင်း၊ အခုဆိုရင် ဟန်ဂေရီဟာ လူတိုင်းနဲ့ စေ့စပ် စကားပြောနိုင်တဲ့ တစ်ခုတည်းသော ဥရောပ နိုင်ငံအဖြစ် ကျန်နေတဲ့ အနေအထားဆီ ရောက်လာနေကြောင်းလည်း အော်ဘန်က မှတ်ချက် ပေးသွားပါတယ်။

ပူတင်က လက်ရှိ EU အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အော်ဘန်ရဲ့ မော်စကို ခရီးစဉ်ဟာ ဥရောပ ကော်မရှင် ထိပ်တန်း အရာရှိ တစ်ယောက်ရဲ့ ခရီးစဉ်လို့ မှတ်ယူနိုင်ကြောင်း ကြိုတင် ပြောကြားထားပေမယ့် ဥရောပ နိုင်ငံတချို့က အဲဒီအဓိပ္ပါယ်မျိုး လုံးဝ အဖြစ်မခံကြောင်း အတိအလင်း တုံ့ပြန် သတိပေးခဲ့ကြပါတယ်။

ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အော်ဘန်က သူဟာ ဥရောပတိုက်က ငြိမ်းချမ်းရေးကို လိုအပ်နေတယ်ဆိုတာ ပူတင်ဆီ အသိပေး ရှင်းပြခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အော်ဘန်နဲ့ အတူယှဉ်တွဲ ရပ်နေတဲ့ ပူတင်ကတော့ ယူကရိန်းအတွက် လူသူလက်နက် ပြန်လည် အင်အားစုစည်းခွင့်ရပြီး ရုရှားအပေါ် ပစ်မှတ်ထား ထောင်ထားခြားနားနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးမယ့် ယာယီ အပစ်အခတ် ရပ်စဲတာမျိုးကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သွားပါတယ်။

ရုရှားဟာ အပစ်အခတ် ရပ်စဲဖို့ဆိုရင် လက်ရှိ ရုရှားတပ်တွေ ထိန်းချုပ်ထားတာထက် ပိုများ၊ ပိုကျယ်ပြောတဲ့ နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။ တစ်ဖက်မှာတော့ ယူကရိန်းကလည်း စစ်ပွဲ ရပ်ဆိုင်းဖို့အတွက် ညှိနှိုင်းမှုမှာ နယ်မြေတွေ စွန့်လွှတ်ဖို့ဆိုတဲ့ အချက်ကို လုံးဝ ထည့်သွင်း စဉ်းစားမှာ မဟုတ်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။

Ref: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။