Connect with us

Hi, what are you looking for?

သတင်း

၁၉လမ်း Black House Barကို စစ်ကောင်စီ​စီးပွားရေးပစ်မှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ၁၉ လမ်းရှိ Black House Bar ကို စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာပစ်မှတ်အဖြစ် သတ်မှတ်၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Urban Special Ranger Force-USRF အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ ၁၉လမ်း တနေရာအား တွေ့ရစဉ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ

ဆိုင်ရှင်အား ဆက်သွယ်သတိပေးမှုလက်မခံ၍ တိုက်ခိုက်ခဲ့ခြင်းဟု ပြောက်ကျားအဖွဲ့ပြော

သတိုး/People’s Spring

ရန်ကုန်မြို့ ၁၉ လမ်းရှိ Black House Bar ကို စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာပစ်မှတ်အဖြစ် သတ်မှတ်၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Urban Special Ranger Force-USRF အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ မခွဲခင် Barပိုင်ရှင် ဦးမျိူးဇော်သောင်းကို ဆက်သွယ်ခဲ့ပါတယ်။ သူ့ဘက်က ကျနော်တို့ ဆက်သွယ်သတိပေးတာကို လက်မခံပဲ ကြိုက်တာလုပ်ပါ၊ ခွဲချင်လည်းခွဲလိုက် ဂရုမစိုက်ဘူးဆိုပီး ပြောခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းဆိုင်သည် စစ်ကောင်စီနှင့်သက်ဆိုင်သူများ လာရောက်ပျော်ပါးလေ့ရှိပြီး မူးယစ်ဆေးဝါးရောင်းချသည်ဟု သတင်းရသောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာပစ်မှတ်ဟုသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု USRFက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ဇူလိုင် ၂၁ရက် ည ၁၀နာရီခွဲ အချိန်ခန့်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူစည်ကားရာနေရာဖြစ်သောကြောင့် ပြည်သူများကို မထိစေရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

“နောက်ဆုံး သတိပေးတဲ့ အနေနဲ့ ပြည်သူတွေ မထိအောင် ဆိုင်အထဲမှာ ခွဲလိုက်တာပါ ။လူရှင်းတဲ့အချိန် ခွဲတာမို့ ပြည်သူတော့ မထိပါဘူး Damage ကလည်း မပါသလောက်ပါပဲ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူသုံးဦးရှိသည်ဟု သတင်းများ၌ ဖော်ပြထားသော်လည်း လူထုနွေဦးအနေဖြင့် အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိပေ။

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ စစ်ကောင်စီကားများ ရောက်ရှိလာကာ လမ်းပိတ်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောထားသည်။

“စစ်ကောင်စီရဲ့ ဝင်ငွေက ဒီလို Barတွေ Clubတွေကနေအများဆုံး ရနေတာ တွေ့ရပါတယ်။ အများစုကိုလည်း စစ်ကောင်စီရဲ့ အပေါင်းပါတွေ ပိုင်ဆိုင်ထားတာမို့ စစ်ကောင်စီရဲ့ စီးပွားရေး ထောက်တိုင်တွေကို ဖျက်ဆီးမှာ ဖြစ်တာမို့ အသွားအလာ ဆင်ခြင်ကြဖို့တော့ ပြောချင်ပါတယ်။ သတိပေးထားရက်မှ ထိခိုက်မိခဲ့ရင်တော့ ကျနော်တို့ တာဝန်ယူမှာ မဟုတ်ပါဘူး။ စစ်ကောင်စီ အသိုင်းဝိုင်းနဲ့ ဖြစ်နိုင်ရင် ရှောင်ရှားကြပေးပါလို့ပြောချင်ပါတယ်”ဟု USRF မှ တာဝန်ရှိသူက ပျော်ပါးနေသူများကို သတိပေးစကားဆိုသည်။

USRF အဖွဲ့တွင်ပါဝင်သူများသည် ၂၀၂၁ မေလကတည်းက လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်၍ မြို့ရွာများ ၊ တပ်မဟာများတွင် စစ်ဆင်ရေးလုပ်ငန်းဆောင်ရွက်ခဲ့သူများဖြစ်ပြီး စစ်ကောင်စီထောက်တိုင်များ ၊ ယန္တရားများ မလည်ပတ်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

စစ်ကောင်စီကို တိုက်ခိုက်သည့်စစ်ဆင်ရေးများ ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များရှိသောကြောင့် ပြည်သူများအနေဖြင့် တတ်နိုင်သလောက်ပါဝင်ပေးရန် USRF အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်က ရက် ၁၀၀ စီမံချက်ဆိုပြီး ရန်ကုန်မြို့ထဲကလမ်းမတွေပေါ်ကို ဆိုင်ဖွင့်ခွင့်မပေးတာကြောင့် ညဘက်တွေမှာ စည်ကားလေ့ရှိတဲ့ရန်ကုန်မှာလူသိများတဲ့ ၁၉ လမ်းမှာ ခြောက်ကပ်နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။