အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ၃နှစ်ဝန်းကျင်ရပ်နားထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ပြန်လည်ထွက်ပေါ်လာပြီး အင်အား ၂၅၀ကျော် ပါဝင်ခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲတွေ ၂၀၂၁ နှစ်လယ်လောက်စပြီး ရပ်နားထားတဲ့ နွားထိုးကြီးမြို့နယ်မှာ မနေ့က (ဇူလိုင် ၂၄ ရက်)မှာတော့ နွားထိုးကြီး ပြည်သူလူထုဟာ အင်အား ၂၅၀ ကျော်နဲ့ အာဏာသိမ်းစစ်တပ်ကို ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

ဘူးသပိတ်ကိုင်ဆွဲ ဖက်ဆစ်ဖြိုလှဲ၊ တော်လှန်စိတ်ကို မီးရှို့မရ၊ တလှိုင်းပြီးတလှိုင်းလာမယ်၊ ငါတို့အားလုံး အုံကြွတော်လှန်ဖို့ အချိန်ကျပြီ၊ အရေးတော်ပုံအောင်ရမည်စတဲ့ တော်လှန်ဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးဟာ အဆုံးသတ် တိုက်ပွဲအချိန်ကို ရောက်ရှိလာတော့မှာဖြစ်တယ်။ ပြည်သူ့တပ်မတော်နဲ့ ပြည်သူလူထုဟာ တသားတည်းဖြစ်ပြီးတော့ နိုင်ငံရေးရော စစ်ရေးရော ညီညီညွတ်ညွတ်နဲ့ အုံကြွတော်လှန်ဖို့လိုတယ်။ ဒါကြောင့်မို့ သပိတ်ကို လုပ်တာဖြစ်တယ်။”လို့ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ ၎င်းတို့နဲ့ပတ်သတ်သူတွေရဲ့ ထုတ်ကုန်တွေကို မသုံးဘူးဆိုတဲ့ ဘူးသပိတ်ကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ သပိတ်ဦးဆောင်သူတွေက တိုက်တွန်းခဲ့ပါတယ်။


















































