မိထက်/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ စစ်ကောင်စီ ၏ အခိုင်အမာစခန်းဖြစ်သည့် ဘန့်ဘွေးရွာမ ပျူစောထီးကျေးရွာစခန်းသိမ်းပိုက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအသုံးပြုခုခံခဲ့၍ အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိခဲ့ပေ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အင်အား ၁၀၀ခန့် (၃)နှစ်ကျော် အထိုင်ချထားသော ဘန့်ဘွေးရွာမရွာကို ဩဂုတ် ၇ရက်နံက်တွင် စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများလည်းပစ်ခတ်ခတ်၍ တိုက်ပွဲကြာချိန်နှစ်နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးULF စစ်ကြောင်းက ယနေ့(ဩဂုတ် ၁၂ရက်)နံနက် သတင်းထုတ်ပြန်သည်။
တိုက်ပွဲအချိန် ကြာလာသည်နှင့်အမျှ ရန်သူ့ဘက်မှ လေကြောင်းအသုံးပြုမှု၊ အောင်ဇေယျကုန်းမှ လက်နက်ကြီးများ အဆမတန်အသုံးပြုခြင်းနှင့် မဟာမိတ်တပ်ဖွဲ့များမှာ ခဲ၊ယမ်း မလုံလောက်မှုကြောင့် ပျူစခန်းတစ်ခုလုံးသိမ်းပိုက်ရခါနီးမှပြန်လည်ဆုတ်ခွာပေးခဲ့ရပါသည်ဟု ထုတ်ပြန်ထားသည်။
ULFစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်က ” လေကြောင်းကူတာရယ်၊ ဟောင်ဝှစ်ဇာထုတာရယ်ကလည်း အဲ့ကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)အတွက် တော်တော် အကာအကွယ်ဖြစ်သွားတာ”ဟု ပြောသည်။
တိုက်ခိုက်ချိန်ကြာမြင့်သွားသည့်အတွက် လက်နက်ခဲယမ်းမလုံလောက်ခဲ့ဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်ခြောက်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း ULF က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးဦးစီးပြီး BLDF၊ ဗျူဟာ(၄၆) ယင်းမာပင်ခရိုင်တပ်ရင်း(၁၈၊၂၅၊၃၀၊၃၂)၊ ဗျူဟာ(၄၇) ယင်းမာပင်ခရိုင်တပ်ရင်း(၂၇၊၃၃၊၃၄၊၃၅၊၃၆)၊ ဗျူဟာ(၄၅) ယင်းမာပင်ခရိုင်တပ်ရင်း(၂၁၊၂၂၊၂၃)၊ မုံရွာခရိုင်တပ်ရင်း(၂၀၊၂၃)၊ B 21၊ ဘုတလင်ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ကနီမြို့နယ်(ပကဖ)၊ ဘုတလင် မိုဘိုင်း၊ ရတနာပုံ တပ်ဖွဲ့၊ Salingyi GZ၊ BED ငညို၊ SSTF၊ ဒေါင်းလုလင်၊ Shadow၊ Chindwin Brother၊ ကိုမင်းနိုင်(ပကဖ)တို့မှ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


















































