Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် စစ်​ကောင်စီရဲကားတိုက်ခိုက်ခံရ စခန်းမှူးအပါအဝင် ရဲ၃ဦးသေ ၊သေနတ် ၅ လက် သိမ်းဆည်းခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ – ကျောက်ပန်းတောင်းလမ်းတွင် ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကားပေါ်ပါ ရဲ သုံးဦးလုံးသေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့ကား တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - File

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ – ကျောက်ပန်းတောင်းလမ်းတွင် ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကားပေါ်ပါ ရဲ သုံးဦးလုံးသေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၃၁ရက်)က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင် ရှောင်တခင်စစ်ဆေးရာ စစ်ကောင်စီ​၏ ရဲများ လိုက်ပါလာသော Mark X ကားမှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အဆိုပါ ကားအားလိုက်လံပစ်ခတ်ခဲ့ရာ တိမ်းမှောက်သွားပြီး ကားပေါ်ပါ ကျောက်ပန်းတောင်းမြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးခဲ့ကြောင်း ပူးပေါင်းတပ်များက ပြောသည်။

“ကားကချောက်ထဲကျပြီး အကုန်သေတာ။ မိတ္ထီလာကနေ ကျောက်ပန်းတောင်းအပြန်ပါ။ ဖရဲသီးသတင်းပေးချက်အရ သွားစောင့်နေလိုက်တာ။”ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းနှင့် ညောင်ဦးခရိုင်တပ်ရင်း-၁ ပြန်ကြားရေးနှင့်ဘဏ္ဍာရေးတာဝန်ခံ ကိုငြိမ်းချမ်းအောင်က ပြောသည်။

ထို့အပြင် ၎င်းတို့ထံမှ BA72 တစ်လက်၊BA94 တစ်လက်၊ BA93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားအချို့အပါအဝင် သက်ဆိုင်ရာကတ်များ သိမ်းဆည်းခဲ့ကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းအဖွဲ့က ပြောသည်။

စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်လည်း ကျောက်ပန်းတောင်းမြို့နယ် စခန်းမှူးအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ရေးသားနေကြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဘက် မရပ်တည်ဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ပို၍ထောက်ပံ့ကူညီပေးကြရန်နှင့် စစ်ကောင်စီတပ်သားများလည်း အမှန် တရားဘက် အမြန်ရပ်တည်ကြရန် အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းက မေတ္တာရပ်ခံသည်။

သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုတွင်လည်း စစ် အုပ်စုဝင် ၆ဦး သေဆုံးခဲ့သည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း ၄ နေရာအား ထပ်မံတိုက်ခိုက်မှုတွင် ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။