ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ – ကျောက်ပန်းတောင်းလမ်းတွင် ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကားပေါ်ပါ ရဲ သုံးဦးလုံးသေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့(သြဂုတ် ၃၁ရက်)က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင် ရှောင်တခင်စစ်ဆေးရာ စစ်ကောင်စီ၏ ရဲများ လိုက်ပါလာသော Mark X ကားမှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။
ထို့ကြောင့် အဆိုပါ ကားအားလိုက်လံပစ်ခတ်ခဲ့ရာ တိမ်းမှောက်သွားပြီး ကားပေါ်ပါ ကျောက်ပန်းတောင်းမြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးခဲ့ကြောင်း ပူးပေါင်းတပ်များက ပြောသည်။
“ကားကချောက်ထဲကျပြီး အကုန်သေတာ။ မိတ္ထီလာကနေ ကျောက်ပန်းတောင်းအပြန်ပါ။ ဖရဲသီးသတင်းပေးချက်အရ သွားစောင့်နေလိုက်တာ။”ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းနှင့် ညောင်ဦးခရိုင်တပ်ရင်း-၁ ပြန်ကြားရေးနှင့်ဘဏ္ဍာရေးတာဝန်ခံ ကိုငြိမ်းချမ်းအောင်က ပြောသည်။
ထို့အပြင် ၎င်းတို့ထံမှ BA72 တစ်လက်၊BA94 တစ်လက်၊ BA93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားအချို့အပါအဝင် သက်ဆိုင်ရာကတ်များ သိမ်းဆည်းခဲ့ကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းအဖွဲ့က ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်လည်း ကျောက်ပန်းတောင်းမြို့နယ် စခန်းမှူးအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ရေးသားနေကြသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဘက် မရပ်တည်ဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ပို၍ထောက်ပံ့ကူညီပေးကြရန်နှင့် စစ်ကောင်စီတပ်သားများလည်း အမှန် တရားဘက် အမြန်ရပ်တည်ကြရန် အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းက မေတ္တာရပ်ခံသည်။
သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းပိုက်ရရှိခဲ့သည်။
အလားတူ တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုတွင်လည်း စစ် အုပ်စုဝင် ၆ဦး သေဆုံးခဲ့သည်။
သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း ၄ နေရာအား ထပ်မံတိုက်ခိုက်မှုတွင် ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။