Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပြန်

လူထိခိုက်မှုရှိ၊မရှိ မသိရသေး

လားရှိုးမြို့ ရပ်ကွက်(၁၂)အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်၊ဟန်နွေ/People’s Spring

လားရှိုးမြို့ ရပ်ကွက်(၁၂)ကို ယနေ့(စက်တင်ဘာ ၈ရက်) နံနက် ၄နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

” မိုးလုံလေလုံဘောလုံးကွင်းထဲ ချသွားတာပါ။ ကား‌ တွေထိပါတယ်။ လူမထိခိုက်ဘူးလို့ သိတယ်ရှင့် “ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ ရပ်ကွက်(၁၂)အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

အဆိုပါ ဗုံးကြဲလေယာဉ်သည် လားရှိုးမြို့ကို ဗုံးမကြဲမီ မူဆယ်၊နမ့်ခမ်းမြို့များအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အချို့အပေါ် ပတ်ပျံနေသည်ကို တွေ့ရကြောင်း၊ ထို့နောက် နံနက် ၄နာရီ ၄မိနစ်တိတိတွင် လားရှိုးမြို့ကို ဗုံးကြဲချခြင်းဖြစ်ကြောင်း စစ်ကောင်စီလေကြောင်းသတင်းများ လေ့လာနေသည့် ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” တညလုံး ပတ်ပျံနေတာ။ သတိထားပြီး ကျတော်တို့ စောင့်ကြည့်နေတာ။ တောင်ကြီးက‌နေ မနက် ၁နာရီ ၃၅မှာ တက်တာ။ တရုတ်နဲ့နယ်စပ်နားအထိ ပျံတာ။ ပြီးတော့မှ လားရှိူးကို ကြဲတာ”ဟု ၎င်းက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ မိုးလုံလေလုံ အားကစားကွင်း ထိခိုက်ပျက်စီးခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့ ရပ်ကွက်(၁၂)အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

မိုးလုံလေလုံအားကစားကွင်းအပြင် အခြားတိုက်ခိုက်ခံရသည့်နေရာမရှိသေးသော်လည်း ထပ်မံ တိုက်ခိုက်လာနိုင်ကြောင်း ရှမ်းမြောက် စစ်ရေးလေ့လာစောင့်ကြည်သူ တစ်ဦးဖြစ်သည့် ကိုဇော်က ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦးနှင့် မော်တော်ယာဉ်အချို့ ထိခိုက်မှုရှိခဲ့သော်လည်း လူသေဆုံးထိခိုက်ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် လားရှိုး အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) ကျရှုံးခဲ့မှုကြောင့် စိတ်ဓာတ်ပိုင်းကျဆင်းမှု ဖြစ်ပေါ်နေသည့် အခြေအနေတွင် ရမခကို ပြန်ရရေး လေကြောင်းအားပြုပြီး ကြိုးပမ်းလာနိုင်သည်ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့ ရပ်ကွက်(၁၂)အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“ရမခဟာ စကစရဲ့ စစ်တိုင်းအားလုံးထဲမှာ စစ်အင်အား လက်နက်အင်အား အများဆုံး ပြင်ဆင်ထားတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ ရမခ ကျရှုံးတာဟာ စစ်တိုင်းမှူးအားလုံးကို စိတ်ဓာတ် ကျစေခိုင်းလိုက်တာ ဖြစ်ပြီးနေပြည်တော်က စကစ အဖွဲ့ဝင်တွေအားလုံးကို ခြောက်လှန့်လိုက်တာပဲဖြစ်တယ်”ဟု ကိုဇော်က ပြောသည်။

လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက ဩဂုတ်၃ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ် ရေး ပုံဖော်နေသည်။

ဩဂုတ် ၃၀ရက် ညကလည်း လားရှိူးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

လားရှိုးမြို့ ရပ်ကွက်(၁၂)အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက် (၁၀)ရှိ အမှတ် (၈) အထက်တန်းကျောင်းဆောင်နှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ အရပ်သားပစ်မှတ်များအား ယင်းကဲ့သို့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဟု MNDAAက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ စစ်ရေးပစ်မှတ် မဟုတ်သော လူနေအိမ်များနှင့် စာသင်ကျောင်းများကို ဗုံးကြဲခဲ့သည့်လုပ်ရပ်သည် ပြည်သူများကို ထိတ်လန့်စေရန် အရှက်မရှိသော ကြိုးပမ်းမှု နှင့်ပြည်သူများ နေရပ်ပြန်လည်နေထိုင်ခြင်းမပြုနိုင်ရန် တားဆီးခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ယခုလဆန်းအတွင်း ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ရှမ်းမြောက် နမ့်ခမ်း၊ ကရင်နီ ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်း၊ ဒီးမော့ဆို မြို့နယ် နန်းမယ်ခုံမြို့၊ နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာ၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဆူးရစ်ကူးရွာနှင့် ဖလံကုန်းရွာ၊ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျွဲကောပင်ရွာ၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ၊ မကွေးတိုင်း မြို့င်မြို့နယ် လက်ယက်မရွာစာသင်ကျောင်း၊ ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)နှင့် တိုက်နယ်(၂)ဒေသများ ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ ကလေးငယ် ၁၁ဦး အပါအဝင် ပြည်သူ ၃၉ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ နေရာများသည် စစ်ကောင်စီတပ်များ စစ်ရှုံး၍ လက်လွှတ်ဆုံးရှုံးထားသည့် နေရာများနှင့် တိုက်ပွဲများဖြစ်ကာစစ်ကောင်စီတပ် အထိနာခဲ့သည့်နေရာ အများစုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။