Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှု မှတ်တမ်းများ တရုတ်အပါအဝင် နိုင်ငံတကာထံပေးပို့မည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

အာဏာလက်လွှတ်ရန်နီးကပ်နေသည့် စစ်ကောင်စီခေါင်းဆောင်များ၏ အမိန့်မနာခံရန် လေသူရဲများအား တိုက်တွန်း

စက်တင်ဘာ ၆ရက်က နန့်ခမ်းမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

အာဏာလက်လွှတ်ရန် နီးကပ်နေပြီဖြစ်သော စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ပြီး ပြည်သူလူထုအား သတ်ဖြတ်နေမှု အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဟု ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) တို့က ပူးတွဲထုတ်ပြန်သည်။

စစ်ရှုံးစစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည့် လုပ်ရပ်များနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၀ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင် လှည့်ပတ်စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ တပ်ရင်းဌာနချုပ်များ၊ မြို့ရွာများ နေ့စဉ်နီးပါး လက်လွတ်ဆုံးရှုံးနေ၍ ညီနောင်သုံးဖွဲ့အပါအဝင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် မြို့၊ရွာများရှိ အပြစ်မဲ့ အရပ်သားပြည်သူလူထု ရှိရာနေရာများ၊ လူနေထူထပ်သော နေရာများ၊ ၎င်းတို့ စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသည့် စခန်းဟောင်းများကို လေကြောင်း တိုက်ခိုက်မှုများ အငြိုးကြီးစွာ လုပ်ဆောင်လျက် ရှိနေသည့် အခြေအနေတွင် ယခုကဲ့သို့ ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင် စသည့် အရပ်သားများ အပါအဝင် ညီနောင်သုံးဖွဲ့ထံ၌ စစ်သုံ့ပမ်းအဖြစ် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် တပ်မိသားစုဝင်များ ပါ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပျက်လျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးဒဏ်ရာရသူများ၏ မိသားစု ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းကြောင်းလည်း ဖော်ပြသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ် ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲ ကျူးလွန်နေသော စစ်ကောင်စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်း ဆောင်ရွက်မှု မလုပ်ကြရန် ညီနောင်သုံးဖွဲ့က တိုက်တွန်းထားသည်။

အာဏာရူးစစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ရန် နှင့် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူ တစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားရန် တိုက်တွန်းထားသည်။

စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် ပေါက်တော ကို စက်တင်ဘာ ၈ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ စစ်သုံ့ပမ်း အပါအဝင် သုံ့ပမ်း ၇ဦး၊ အရပ်သား ၁၀ဦး စုစုပေါင်း ၁၇ဦး သေဆုံးခဲ့သည်။ ယမန်နေ့ စက်တင်ဘာ ၉ရက်တွင် မောင်တောမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ AA က ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် အကျဉ်းသား ၅၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ထို့ပြင် စစ်ကောင်စီသည် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကိုလည်း စက်တင်ဘာ ၈ရက်နှင့် ၉ ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁၂ဦး ဒဏ်ရာရရှိကာ အဆောက်အဦးနှင့် ကားများ ပျက်စီးမှုများပြားခဲ့သည်။

စက်တင်ဘာ ၆ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူ ၁၁ဦးထက်မနည်းသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့သည်။

ထို့ပြင် ကရင်နီ၊ စစ်ကိုင်း ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ချင်းပြည်နယ် စသည့် ဒေသအသီးသီးတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

သက်ဆိုင်ရာ ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့၏ ထုတ်ပြန်ချက်များအရ ယခုစက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားအများစုအပါအဝင် သေဆုံးသူ ၁၁၀ကျော်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။