Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် သီပေါတွင် တိုက်ပွဲဆက်ဖြစ်ဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌ ယနေ့ စက်တင်ဘာ ၂၁ရက်တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့၌ ယနေ့ စက်တင်ဘာ ၂၁ရက်တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

နောင်ချိုမြို့နယ် တောင်ခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ် မစခ(၉၀၂) တပ်ရင်းနှင့် သီပေါ လက်ကျန်တပ်ရင်း ခလရ(၂၃)တို့တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်နေသည်ဟု အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မှာက နောင်ချို ၉၀၂ တပ်စခန်းမှာတိုက်ပွဲနေတာဖြစ်ပါတယ်။ သီပေါမှာ ခလရ(၂၃)မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်”ဟု၎င်းက ဆိုသည်။

တောင်ခမ်းဒေသ၌ တိုက်ပွဲများရက်ရှည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေ၍ အရပ်သား သေဆုံးထိခိုက်မှုရှိနေသည်ဟုအသိပေးသည်။

“နောင်ချိုတစ်ခုလုံးကိုပြန်ကြည့်မယ်ဆိုရင်တော့ အရပ်သားသေဆုံးမှုဆို ကလေးငယ်က ၂ဦးပါမယ်။လူကြီးတွေက ၁၅ဦးအထက်ရှိပြီး ထိခိုက် ဒဏ်ရာရသူတွေက ၁၀ဦးအထက်ရှိတာပေါ့”ဟု လွေးယေဦးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၁ရက်) နံနက် ၇နာရီခွဲကလည်း စစ်ကောင်စီက Y12 လေယာဉ်ဖြင့် နောင်ချိုမြို့တွင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ညစျေးတန်းတစ်နေရာ၊ မြို့မစျေးတွင် တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ(၄)တွင် တစ်နေရာ စုစုပေါင်း သုံးနေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်နှင့် ဆိုင်ခန်းအချို့ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူအား ဆေးရုံသို့ပို့ဆောင်ဆေးဝါးကုသပေးလျက်ရှိသည်ဟု အသိပေးသည်။

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀) ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသခံနေအိမ် ၂၅လုံး၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိနေသကဲ့သို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်ရရှိအောင် ထိုးစစ်ဆင်နေပြီး မြို့ရွာများကို လိုအပ်သလို လုပ်ဆောင်မည်ဟု စက်တင်ဘာ ၃ရက် တောင်ကြီးခရီးစဉ်၌ ပြောဆိုခဲ့သည်။

ထိုသို့ ပြောကြားပြီးနောက်ပိုင်း တအာင်းဒေသ အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီတပ် လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

” ဒီအပေါ်မှာ အများကြီးတော့ ပြောစရာတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုဒီစစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့အချိန်မှာရော မဖြစ်တဲ့အချိန်မှာရော အရပ်သားကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက် နေတာဖြစ်တယ်။ လက်ရှိကလည်း ဒီလိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီနယ်မြေတွေ ပြန်သိမ်းတာတော့မရှိသေးပါဘူး။ အဲဒီလို ကိစ္စကလည်း ရှိဖို့တော့ ခက်ခဲပါတယ်။”ဟု လွေးယေဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပေါ် မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။