စေတနာရှင်တစ်ဦးရဲ့အကူအညီနဲ့ရထားတဲ့ အောက်ဆီဂျင်စက်လေး ပြန်ပေးရမယ့်ရက် နီးလာတော့ ကိုဖိုးသင်္ကြန်တစ်ယောက် ရင်မောလာရပြီ။
အောက်ဆီဂျင် တစ်အိုးရဖို့ တစ်ရက်ကို နာရီပေါင်းများစွာတန်းစီရတဲ့ မူလအခြေအနေကို ပြန်သွားရတော့မယ်။ ကိုယ့်လိုအပ်ချက်နဲ့ကို နာရီပေါင်းများစွာပေးစပ်နေရတာကို ပြောစရာမရှိပေမဲ့ ကိုယ့်အလှည့်ရောက်မှ အောက်ဆီဂျင်ပြတ်သွားတဲ့အခါ မျှော်လင့်ချက်တွေ မဲ့ရပြန်တယ်။ ဒီအတွေ့အကြုံတွေကို ကိုဖိုးသင်္ကြန် ထပ်မလိုချင်တော့ဘူးဆိုလို့လည်း မရနိုင်ပါ။ ဘာကြောင့်လည်းဆိုတော့ အောက်ဆီဂျင်လိုအပ်နေသူတွေက မိခင်ဖြစ်သူနဲ့ ဇနီးသည်တို့ ဖြစ်နေလို့ပါပဲ။

သူတို့မိသားစုမှာ အသက် ၅၅ နှစ်အရွယ် မိခင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုဖိုးသင်္ကြန်ရဲ့ဇနီးတို့နှစ်ဦးလုံး ကိုဗစ် ရောဂါ ခံစားနေရပြီး အောက်ဆီဂျင်လိုအပ်နေတာလည်း ဖြစ်ပါတယ်။
ပြောမယ်ဆိုရင် ဒီကာလမှာ တာမွေမြို့နယ်မှာနေတဲ့ ကိုဖိုးသင်္ကြန်တို့ မိသားစုမှမဟုတ်ပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့၊ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူအများအပြားဟာ အသက်ဝဝရှူဖို့ အောက်ဆီဂျင် လိုအပ်နေကြပါတယ်။

Public Service Announcement
အာဏာသိမ်းမှုနောက်က ကိုဗစ်တတိယလှိုင်း
နိုင်ငံတစ်ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်ပွားနေတာ မေလဆန်းကစပြီး ခုဆို နှစ်လနီးပါး ရှိလာပါပြီ။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာမသိမ်းခင်မှာ အရပ်သားအစိုးရက ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့ကို ကောင်းမွန်စွာ စီမံနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကို စနစ်တကျမစီမံနိုင်သလို လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်လိုအပ်ချက်ကိုတောင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ တစ်ကယ်တော့ လိုအပ်ချက်ကို မဖြည့်ဆီးတဲ့အပြင် ပိုခက်ခဲအောင်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်ဖို့ပါ လုပ်နေတာပါ။
ခုဆိုရင် ဇူလိုင် ၃၁ ရက်အထိ ကိုဗစ်ရောဂါကူးစက်ခံ ထားရတဲ့ ပိုးတွေ့အတည်ပြုလူနာပေါင်း ၂၉၉,၁၈၅ ဦးရှိပြီး အဲဒီအထဲမှာ သေဆုံးသူ ၉,၃၃၄ ဦးရှိပြီလို့ စစ်ကောင်စီအထိန်းချုပ်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီဌာနထုတ်ပြန်ချက်တွေအရ ဇူလိုင် ၂၃ ရက်ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်ဆက်တိုက် နေ့စဉ် ပိုးတွေ့လူနာသစ် ၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေဟာ မြေပြင်အခြေအနေတွေနဲ့ များစွာကွဟနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ သေစာရင်းကိုလည်း အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသပြီး သေဆုံးသူတွေကိုသာ စာရင်းသွင်းပြီး နေ့စဥ် သေဆုံးသူ ၃၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ် ။တစ်ကယ်က ပိုးကူးစက်မှုရော၊ သေဆုံးမှုပါ စစ်ကောင်စီထုတ်ပြန် ထားတဲ့စာရင်းထက် အဆများစွာပိုများပါတယ်။ ရန်ကုန် တစ်မြိူ့တည်းမှာပဲ ကိုဗစ်ကြောင့်သေဆုံးသူက ဇူလိုင် တတိယပတ်ကစပြီး နေ့စဥ် ၁,၀၀၀ ကျော်ရှိတယ်လို့ နာရေးကိုကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ် ။
“ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာနဲ့ထိတွေ့မှုရှိသူတွေကို နိုင်နိုင်နင်းနင်းနဲ့ ရှာဖွေဖော်ထုတ်နိုင်တယ်။ ကျန်းမာရေးဝန်ထမ်းလည်း များတယ်။ စေတနာ့ဝန်ထမ်းအင်အားလည်းများတယ်။ အားလုံးက တက်တက်ကြွကြွနဲ့ လုပ်နိုင်တယ်။ ထိတွေ့လူနာအကုန်လုံးကို ကွာရန်တင်းစင်တာတွေပို့နိုင်တယ်။ ပြီးတော့ ပိုးတွေ့လူနာတွေဆိုရင်လည်း သူတို့ဆေးရုံတက်ချင်ချင် မတက်ချင်ချင် ကျွန်တော်တို့ အရေးပေါ်ကားတွေက သူတို့အိမ်ရှေ့ရောက်နေပြီ။ အခုလို ဆေးရုံမပို့နိုင်တာမျိုး မရှိဘူး” လို့ ရန်ကုန်မြို့က Non-CDM မြို့နယ်ကျန်းမာရေးဦးစီးမှူး တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိသူတွေရဲ့နောက်ကြောင်းကို ကောင်းကောင်းမလိုက်နိုင်သလို ပိုးတွေ့လူနာတွေကိုတောင် ဆေးရုံပို့ပေးဖို့ အခက်အခဲတွေရှိနေတယ်လို့ အဲဒီမြို့နယ်ကျန်းမာရေးမှူးက ဆိုပါတယ်။
“ အရင်တုန်းကကျတော့ ပိုးရှိ၊ မရှိ စစ်ကိုစစ်ရမယ်။ သူတို့(ပြည်သူတွေ)ဆန္ဒမဟုတ်ဘူး ကျွန်တော်တို့ ဆန္ဒ။ ခုက စစ်ချင်စစ်၊ မစစ်ချင်နေဆိုတော့ သူတို့(ပြည်သူတွေ)ဆန္ဒဖြစ်သွားပြီ။ ကျွန်တော်တို့ (ကူးစက်မှုကို) ဘယ်လိုမှ ထိန်းလို့မနိုင်ဘူး”

လူမသိသူမသိ ကိုဗစ်ကူးစက်ခံထားရသူတွေ
ဒါကြောင့်လည်း လူထုကြားမှာ ကိုဗစ်ရောဂါကူးစက်မှု များလာတဲ့အပြင် နေအိမ်တွေ တိုက်ခန်းတွေထဲ လူ သူမသိလိုက်ဘဲ အသက်သေဆုံးရသူတွေပါ ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကဆိုရင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာနေတဲ့ သားအဖနှစ်ယောက်စလုံး နေအိမ်ထဲမှာ သေဆုံးခဲ့ပါတယ်။ အလောင်းတွေကို သွားပြီးသယ်ထုတ်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းရဲ့ အပြောအရ နေမကောင်းဖြစ်နေတဲ့ဖခင်ကို ပြုစုပေးနေရင်း သားဖြစ်သူပါ အသက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ရန်ကုန်မြို့ တာမွေမြို့နယ် အမှတ်(၂၂)မြို့သစ်(၁) လမ်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် အဘိုးအဘွား ဇနီးမောင်နှံဟာလည်း ဇူလိုင် ၂၃ ရက်က လူသူမသိလိုက်ဘဲ အခန်းတွင်း သေဆုံးနေခဲ့ပါတယ်။
လူသေဆုံးမှုဖြစ်တဲ့ တိုက်ခန်းဆီ အကူအညီပေးရန်သွားပေးတဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့ တာမွေမြို့နယ်တာဝန်ရှိသူတွေက နှစ်ဦးစလုံး သေဆုံးလျက်တွေ့ရတယ်လို့ ပြောပါတယ်။
“ ကျွန်တော်တို့ကို အဘိုးနဲ့အဘွားနေထိုင်တဲ့တိုက်ခန်းအနီးဝန်းကျင်မှာနေတဲ့ အမျိုးသမီးတစ်ဦးက အရေးပေါ်အကူအညီတောင်းလို့ ဒီကနေ့မနက် ၉ နာရီမှာ သွားရောက်ခဲ့တာပါ။ ဟိုရောက်တော့ နှစ်ယောက်လုံးက အသက်မရှိတော့ဘူး။ ကျွန်တော်တို့ အသက်မမီလိုက်ဘူး” ဟု အရပ်ဘက်လူမှုကူညီရေးအဖွဲ့တာဝန်ခံ ကိုဝင်းနိုင်က ဆိုပါတယ်။
အဘိုးအဘွားနှစ်ဦးဟာ အခန်းထဲက ပက်လက် ကုလားထိုင်ပေါ်မှာတစ်ဦး ပလပ်စတက်ခုံပေါ်မှာတစ်ဦး နောက်သို့မှီနေလျက်ဖြင့် သေဆုံးနေတာဖြစ်ပြီး သေဆုံးသူတွေမှာ သားသမီးကြောထောက်နောက်ခံမရှိဘူးလို့ သိရပါတယ်။
ဒီဖြစ်ရပ်တွေတင် မဟုတ်သေးပါဘူး။ ဒီကာလမှာ ဖျားတယ်။ ချောင်းဆိုးတယ်။ အပူချိန်မြင့်တယ်။ ပြီးတော့ သွေးတွင်းအောက်ဆီဂျင်ကျလို့ အိမ်ထဲမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝေဒနာသက်သာအောင် ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုတွေလည်း အများအပြားရှိနေတာပါ။

သွေးတွင်းအောက်ဆီဂျင်ကျတဲ့ လူနာတိုင်းဟာ အောက်ဆီဂျင်စက်တွေ အောက်ဆီဂျင်အိုးတွေရဲ့အကူ အညီနဲ့ အသက်ဆက်ကြရတာပါ။ ဒါပေမဲ့ ပြည်သူတွေလိုအပ်တဲ့အောက်ဆီဂျင်ကို စစ်ကောင်စီက ဖြည့်ဆည်းမပေးပါဘူး။ အဲဒီလိုမဖြည့်စည်းပေးယုံမျှမက ဌာနပိုင်အောက်ဆီဂျင်ထုတ်တဲ့စက်ရုံတွေနဲ့ ပုဂ္ဂလိကပိုင်စက်ရုံတွေကိုပါ ပုဂ္ဂလိကကို အောက်ဆီဂျင်မပေးဖို့ ဖိအားပေး အမိန့်ထုတ်ခဲ့ပါတယ်။
ပုဂ္ဂလိကကို အောက်ဆီဂျင်ဆက်မပေးဖို့ အမိန့်ထုတ်တာခံရတဲ့ စက်ရုံတွေထဲမှာ ရန်ကုန်မြို့ခံတွေ အားထားခဲ့ရတဲ့ သိမ်ဖြူသင်္ဘောကျင်းက ဌာနပိုင်စက် ရုံလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေပြည်သာက ပုဂ္ဂလိကပိုင် ယူနတီစက်ရုံ၊ တောင်ဥက္ကလာပစက်မှုဇုန် ကရွှေပြည်ညွှန့်အောက်စီဂျင်စက်ရုံ အပါအဝင် အဲဒီရက်ပိုင်းက မော်လမြိုင်၊ လားရှိုးနဲ့ မန္တလေးမြို့တွေမှာရှိတဲ့ စက်ရုံတွေကိုပါ ဖိအားပေးတာတွေရှိခဲ့တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေထဲမှာ စက်ရုံတွေကို လျှပ်စစ်မီးဖြတ်တောက်တာ စက်ရုံဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်တာတွေအထိပါ ရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
နောက်ဆုံးအခြေအနေတွေအရ ရန်ကုန်အပါအဝင် မြို့နယ်အတော်များများမှာ အောက်ဆီဂျင်ရဖို့ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာကိုပါမဖြစ်မနေယူဖို့ပါ သတ်မှတ်လိုက်ပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ယန္တရားလည်ပတ်ဖို့ ရပ်ကျေးအဆင့်ကိုအသက်သွင်းနေပေမဲ့ ခုချိန်ထိမပီပြင်သေးတာကြောင့် အောက်ဆီဂျင်ကိစ္စကိုခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစီနေတာလည်းဖြစ်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။
စစ်ကောင်စီက နိုင်ငံပိုင်စက်ရုံတွေကိုသာမက ပုဂ္ဂလိကစက်ရုံတွေအားလုံးကိုပါ ထိန်းချုပ်ပြီး စစ်ကောင်စီအတွက် အောက်စီဂျင် ဦးစားပေးဖို့ စီစဥ်ထားပါတယ်။ စစ်ကောင်စီရဲ့တပ်ထဲမှာလည်း ကိုဗစ်ဖြစ်ပွားနေသူတွေများတာကြောင့် သူတို့အတွက် ဦးစားပေးအောက်စီဂျင်လိုသလောက်ရအောင် စီစဥ်တာပါ။

မုံရွာမြို့က မိဘဂုဏ်အောက်စီဂျင်စက်ရုံကိုလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(နမခ)က သူတို့အတွက် ခွဲတမ်းတစ်ဝက်တောင်းပြီးကျန်တာကိုသာ မြို့ခံပြည်သူတွေရောင်းဖို့ပြောလို့ မြို့ခံတွေမကျေမနပ်ဖြစ်နေကြပါသေးတယ်။ ဒီလိုပဲ ရန်ကုန်သာမက တစ်နိုင်ငံလုံးကစက်ရုံတွေကိုပါ စစ်ကောင်စီက ထိန်းချုပ်ပြီး သူတို့အတွက် အောင်စီဂျင် လုံလောက်အောင်ရဖို့၊ ကျန်တာကို ဆေးရုံမှာသုံးပြီးကျန်တာကိုမှ ပုဂ္ဂလိကကို ထောက်ခံစာပါမှထုတ်ပေးဖို့ ကန့်သတ်လိုက်တာပါ။ ဒီကန့်သတ်ချက်ကြောင့် အခုဆိုရင် လူနာတွေကို အောက်စီဂျင်ရအောင်လိုက်ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေလည်း မကူညီနိုင်တော့ဘဲ ရပ်နားနေရပါတယ်။
လိုအပ်ချက်မြင့်မားဆဲ အောက်ဆီဂျင်
အခုဆိုရင်လည်း ပြည်သူလူထုကြား အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်ပါတယ်။ လိုအပ်နေသူတွေထဲမှာ တာမွေမြို့နယ်က ကိုဖိုးသင်္ကြန်းဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
အထက်နားမှာဖော်ပြခဲ့သလို ကိုဖိုးသင်္ကြန်အဖို့ မိခင်ရော ဇနီးသည်အတွက်ပါ အောက်ဆီဂျင်လိုအပ်နေတာပါ။ မိခင်ဖြစ်သူ အသက် ၅၅ နှစ်အရွယ် သက်ကြီးပိုင်းဖြစ်သလို ဇနီးဖြစ်သူကတော့ ကိုယ်ဝန်သည် ဖြစ်နေပါတယ်။
ကိုဖိုးသင်္ကြန်ရဲ့ မိခင်က အနည်းငယ်ဖျားပြီး အောက်ဆီဂျင်ကျတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန် ၆ လနဲ့ သူ့ဇနီးသည်ကတော့ တစ်ပတ်လောက်ရှိနေပြီမို့ ကိုဖိုးသင်္ကြန် တစ်ယောက် အပူမီးတောက်နေရပါတယ်။
လတ်တလော စေတနာရှင်တစ်ဦး စက်တစ်လုံးငှားထားလို့ အဆင်ပြေနေသေးပေမဲ့ အဲဒီစက်က ၅ ရက်ပြည့်တာနဲ့ ပိုင်ရှင်ဆီပြန်အပ်ရတော့မှာမို့ နောက်ရက်တွေအတွက် နှစ်ယောက်စာအောက်ဆီဂျင်ကို ကြိုရှာနေရပြီလို့ သူက ညည်းတွားပါတယ်။
“ နောက် ၂ ရက်ဆို ပိုင်ရှင်ဆီပြန်ပေးရတော့မယ်။ ကျွန်တော့်အမေရော ဇနီးသည်ရောက အောက်ဆီဂျင်လုံးဝပြတ်လို့ မရတဲ့အခြေအနေ။ အောက်ဆီဂျင်ပိုက်တပ်ထားတုန်းသာ ၉၀ ကျော် ၉၅ လောက်ရှိတာ။ အောက်ဆီဂျင်ပြတ်တာနဲ့ ချက်ချင်း ၈၀ လောက်ကိုထိုးကျသွားတော့ အသက်ရှူမဝဘဲ အမောဖောက်လို့ ဘယ်လိုမှအဆင်မပြေဘူး”

စေတနာရှင်ဆီက အောက်ဆီဂျင်စက်လေး ရမလာခင်တုန်းကတော့ ကိုဖိုးသင်္ကြန်တစ်ယောက် တစ်ရက် တာအတွက် အောက်ဆီဂျင်ရဖို့ မနက် ၉ နာရီကနေ ည ၉ နာရီလောက်အထိ အချိန်ပေးရှာဖွေရပါတယ်။ ရန်ကင်းမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံမှာ တစ်နေကုန်တန်းစီပြီး ညပိုင်းကျမှ အိမ်ပြန်နိုင်တာပါ။
ဖျားနာပြီး အောက်ဆီဂျင်စကျတဲ့နေ့တုန်းက အတွေ့အကြုံတွေကိုတော့ ကိုဖိုးသင်္ကြန် နာနာကျည်းကျည်းကို အမှတ်ရနေမိတာပါ။ ရန်ကုန်မြို့ က အစိုးရဆေးရုံမှန်သမျှ သွားပြခဲ့တာ အောက်ဆီဂျင်ကျနေတာမို့ ဘယ်ဆေးရုံကမှ လက်မခံခဲ့ပါဘူး။
ဆေးရုံတကာ့ဆေးရုံ အရောက်သွားရင်း လမ်းမှာအောက်ဆီဂျင်ပြတ်ပြီး ဇနီးသည်အမောဖောက်လာလို့ နီးစပ်ရာ အောက်ဆီဂျင်စက်ရုံတစ်ရုံကို ပြေးခဲ့ရပါသေးတယ်။ စက်ရုံရောက်တော့ လူနာကိုပြပြီး အခြေအနေမှန်ကိုပြောပြတော့ ၄၀ လီတာအိုးတစ်လုံးစာ အောက်ဆီဂျင်ဖြည့်ပေးလို့ အသက်ဘေးက သီသီလေးလွတ်ခဲ့တာလို့ ကိုဖိုးသင်္ကြန်က ပြန်ပြောပြပါတယ်။
ဒါပေမဲ့ ကိုဖိုးသင်္ကြန်ရဲ့ဇနီးလို အောက်ဆီဂျင်အချိန်မီမရလို့ အသက်ပေးလိုက်ရတဲ့သူတွေ ရန်ကုန်မြို့မှာ အများအပြားရှိနေပါတယ်။ ပြောမယ်ဆိုရင် ရန်ကုန်မြို့က ရေဝေး၊ ထိန်ပင်နဲ့ ကျည်စုသုသာန်တွေက အသက်မဲ့နေတဲ့ အလောင်းတွေက သက်သေပါပဲ။
ဒါနဲ့ပတ်သက်လို့ အဲဒီသုသာန် ၃ ခုပေါင်းလိုက်ရင် တစ်ရက်တစ်ရက် သင်္ဂြိုလ်ပေးနေရတဲ့ အလောင်းဟာ ရာချီရှိနေတယ်လို့ ရန်ကုန်က လူမှုကူညီရေးအသင်းတွေက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။
လူထုနွေဦးအနေနဲ့ နေ့စဉ်သဂြိုလ်ပေးနေရသူအရေအတွက် သိရှိနိုင်ဖို့ စစ်ကောက်စီလက်အောက်ခံ စည်ပင်သာယာဌာနကို ဆက်သွယ်ခဲ့ပေမဲ့ တိကျတဲ့အဖြေမရခဲ့ပါဘူး။ သုဿာန်ကို ကိုယ်တိုင်လာကြည့်ရင် သိနိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ ကိန်းဂဏန်းအတိအကျ ဖြေပေးခွင့်မရှိဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ကိုဗစ်လူနာတွေနဲ့ပတ်သက်လို့ အစိုးရဆေးရုံတွေက လူနာသစ်လက်ခံပေးနိုင်တဲ့အခြေအနေမရှိပါဘူး။ ဒါကြောင့် လူနာတွေဟာ ကိုယ့်အိမ်မှာကိုနေပြီး သင့်ရာနည်းနဲ့ ဝေဒနာသက်သာဖို့ ကြိုးပမ်းနေကြရပါတယ်။
ကိုဗစ်ရောဂါခံစားနေရပြီး အောက်စီဂျင်ကျနေတာကြောင့် အစိုးဆေးရုံတင်ဖို့ကြိုးစားပြီး လက်မခံဘဲဘနောက်ဆုံး ဖခင်ကွယ်လွန်ခဲ့တဲ့ သူတစ်ဦးကတော့အခုလိုရင်ဖွင့်ပါတယ် ။
“ မြောက်ဥက္ကလာပဆေးရုံကို ၂ ခေါက်သွားတယ် လက်မခံဘူး။ ရန်ကုန်ဆေးရုံကြီးကလည်း တောင်ပန်တာတောင်ဝင်ခွင့်မပြုဘူး။ ဒေါ်ခင်ခင်ကြီးက ဒေသန္တရ ဆေးခန်းညွှန်းစာပါရင် ဆေးရုံတက်ရတယ်ဆိုလို့ ဒေသန္တရကမဖွင့်လို့ ဖုန်းဆက်မေးတော့ ဆေးရုံတွေသွားလည်း လူနာတွေများလို့လက်ခံမှာမဟုတ်ဘူး။ အိမ်မှာပဲ ကုတာ ပိုကောင်းတယ်လို့ပြန်ပြောတယ်။ ဒီလိုနဲ့အဖေက ဆုံးသွားတယ်” လို့ စစ်ကောင်စီလက်အောက်ဆေးရုံတွေရဲ့ဝန်ဆောင်မှုကိုပြောပါတယ် ။
ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတစ်ဦးရဲ့အပြောအရ သူတာဝန်ယူရတဲ့မြို့နယ်မှာဆိုရင် အောက်ဆီဂျင်ကျပြီး အမောဖောက်နေတဲ့လူနာ အယောက် ၂၀ လောက်က နေ့စဉ်ဆက်သွယ်အကူအညီတောင်းခံတာနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အောက်ဆီဂျင်ပြဿနာကို စစ်ကောင်စီက ဖြေရှင်းမပေးဘူးဆိုရင် “ ခုထက်ပိုပြီး အဖိတ်အဆင်များလာဖို့ရှိတယ်” လို့ အဲဒီမြို့နယ်ကျန်းမာရေးဦးစီးမှူးက သုံးသပ်ပါတယ်။

⚫️ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ဇန်နာဝါရီ ၃၁ ရက်အထိ
◾️ကိုဗစ်လူနာပေါင်း ၁၄၀,၁၄၅ ဦး
◾️သေဆုံးသူပေါင်း ၃,၁၃၁ ဦး
⚫️ အာဏာသိမ်းပြီး ၆ လအတွင်း (ဖေဖော်ဝါရီ ၁ မှ ဇူလိုင် ၃၁ အထိ)
◾️၆ လအတွင်း လူနာပေါင်း ၁၅၉,၀၄၀ ဦး (စုစုပေါင်း ၂၉၉,၁၈၅)
◾️၆ လတွင်းသေဆုံးသူ ၆,၂၀၃ (စုစုပေါင်းဆိုလျှင် ၉,၃၃၄ ဦး)
⚠️မှတ်ချက် – အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်ကို လျှော့ထုတ်ထားသည်ဟု သုံးသပ်နေကြသည်။ ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်မှာ ဆေးရုံတက်ရောက်ကုသသူများကိုသာ စစ်ကောင်စီကရေတွက်ထားခြင်းဖြစ်သည်။




















































