Connect with us

Hi, what are you looking for?

ဆောင်းပါး

တံတားလေးထိုးရအောင်

မြေပြင်က တော်လှန်ရေးနဲ့ပတ်သက်ရင် သတင်းအတိအကျ သိခွင့်ရဖို့က သိပ်ခက်ခဲတယ်။ တော်လှန်ရေး သဘာဝအရ လျှို့ဝှက်ကြရတာလည်းပါတာပေါ့ ။ လက်တွေ့လုပ်နေကြသူတွေ ရဲ့အခက်အခဲ ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေက မြင်သာမနေဘူး။

—မသီတာ (စမ်းချောင်း)

နိုင်ငံ့အရေး ဝိုင်းဆွေးနွေကြ ဝေဖန်ပြောဆိုနေကြတာတွေကို တွေ့ရမြင်ရကြားရပါတယ်။ ရုပ်ပုံကားချပ် ဆက်တမ်းကစားသလိုလည်းကြားသိရသမျှကို ဆက်စပ်နေရာချပြီး နားလည်ယူကြည့်နေမိပါတယ်။ မြေပြင်က တော်လှန်ရေးနဲ့ပတ်သက်ရင် သတင်းအတိအကျ သိခွင့်ရဖို့က သိပ်ခက်ခဲတယ်။ တော်လှန်ရေး သဘာဝအရ လျှို့ဝှက်ကြရတာလည်းပါတာပေါ့ ။ လက်တွေ့လုပ်နေကြသူတွေ ရဲ့အခက်အခဲ ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေက မြင်သာမနေဘူး။ မြင်ရသလောက်မှာ အစုအဖွဲ့တွေပြန့်ကြဲနေပုံရတာလည်း တွေ့ရတယ်။ သင်တန်းတွေအမျိုးမျိုးကို သင်တန်းပေးအဖွဲ့အစည်း အဖုံဖုံက လေ့ကျင့်ပေးနေတာတော့သတိထားမိပါတယ်။ သတိမထားမိတာက အဲဒီအစုအဖွဲ့ တွေကြားက ချိတ်ဆက်ဆောင်ရွက်မှုပဲ။

အန်ယူဂျီရဲ့ တိုက်ရိုက်ဆက်စပ်တဲ့အဖွဲ့၊ သွယ်ဝိုက်ဆက်စပ်တဲ့အဖွဲ့၊ အီးအေအို တစ်ခုခုနဲ့တိုက်ရိုက်ဆက်စပ်တဲ့အဖွဲ့၊ သွယ်ဝိုက်ဆက်စပ်တဲ့အဖွဲ့၊ ဒေသဆိုင်ရာ စုဖွဲ့ ထောင်ယူထားတဲ့အဖွဲ့ ဆိုတာမျိုးတွေ ကွဲပြားစုံလင်နေတယ်လို့ မှန်းဆရတာပဲ။ ဒီကြားထဲ တော်လှန်ရေး တပ်ဖွဲ့တစ်ခုက လူမျိုးအခြေခံနဲ့အသစ်ဖွဲ့ပြီး အန်ယူဂျီနဲ့မဆက်စပ်ဘူး၊ ကိုယ့်လမ်းစဉ်၊ ကိုယ့်ဦးတည်ရာသပ်သပ်ရှိတယ်လို့ ပြောလာတာကိုတွေ့ရပြန်တယ်။ အဲဒီမှာတင် တံတားထိုးကြဖို့လိုနေပြီဆိုတာကို ပြောချင်စိတ် ဖြစ်လာတာပါပဲ။

တကယ်တော့ ခုနေရာမှာ အများစုအတွက် သတင်းစီးဆင်းမှုဟာ ဖေ့ဘွတ်ခ်က တဆင့်ဖြစ်နေတယ်။ သတင်းဌာနတွေက တော်လှန်ရေးသတင်းတွေကို ကိုယ်တိုင်လိုက်နိုင်တာနည်းတော့ ပို့သတင်း၊ ပေးသတင်းတွေကို တင်ဆက်နိုင်ကြတယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးမှုတွေကိုတော့ ကိုယ်တိုင်စုစည်းတင်ဆက်လာနိုင်ကြတယ်။ အရင်ကလို နယ်ပယ်စုံက လူတွေကို ဖိတ်ခေါ်တာမျိုး မရှိကြတော့ နိုင်ငံရေးဆွေးနွေးကြသူတွေဟာ လုံခြုံစိတ်ချနယ်မြေတွေကချည်း ဖြစ်နေကြတယ်။ နိုင်ငံတကာ ထောက်ခံမှု အတွက် အရေးတကြီး လုပ်နေချိန်ဆိုတော့ နိုင်ငံတကာရောက်ပညာရှင်တွေနဲ့ ဆွေးနွေးတာတွေ များလာတယ်။ နောက်အန်ယူဂျီထဲမှာလည်း တချို့က နဂိုကတည်းကိုက လုံခြုံရေးနယ်မြေက ပညာရှင်တွေဖြစ်နေသလို အန်ယူဂျီကိုဝေဖန်နေကြသူတွေကို ကြည့်တော့လည်း နိုင်ငံတကာပဲရောက်ရောက် တောတွင်းပဲရောက်ရောက် လုံခြုံနယ်မြေရောက်တွေဖြစ်နေကြတယ်။

Public Service Announcement

Public Service Announcement

အဲဒီမှာ လက်ရှိပြည်တွင်းမြေပြင်အနေအထားကို အခြေခံပြီး ဝေဖန်သုံးသပ်ကြတာထက် နိုင်ငံတကာစံတွေ၊ ပေတံတွေ၊ ဘုတ်အုပ်ကြီးတွေထဲက ဖြစ်သင့်ဖြစ်ထိုက်တာတွေနဲ့ တိုင်းတာဝေဖန်အကြံပြုနေကြတာကိုတွေ့ရပါတယ်။ ဒါမှမဟုတ် လုံခြုံရာမရောက်မီ ကိုယ်သိထားတဲ့ မှတ်မိနေတဲ့ ခံစားချက်ပေါ်အခြေခံပြီး ပြောကြတယ်။ ရှေ့လာမယ့် ဝေးဝေးက အနာဂတ်အတွက် ကိုပိုပြီး ပူပန်ကြောင့်ကြဆွေးနွေးကြတယ်။ အဲဒီမှာတင် တံတားထိုးကြဖို့ လိုနေပြီဆိုတာကိုပြောချင်စိတ်ဖြစ်လာပြန်ပါတယ်။

မြေပြင်တော်လှန်ရေး နဲ့ဖန်သားပြင် နိုင်ငံရေးတို့ကြားမှာ ၃၆၀ ဒီဂရီ ပတ်ချာလည်က ချဉ်းကပ်နိုင်မယ့် တံတားထိုးကြမှ အဆင်ပြေပြေ ရွှေ့နိုင်မယ်လို့ယူဆပါတယ်။

အန်ယူဂျီရဲ့အားနည်းချက်က နိုင်ငံရေးဗျုဟာလို့ ဆိုကြတယ်။ အဲဒီထဲမှာ ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး အသေးစိတ်မူဝါဒ မထွက်ပေါ်လို့၊ အားလုံးပါဝင်မှုမှာ အားနည်းလို့ဆိုတဲ့ဝေဖန်မှုတွေ များပါတယ်။ ဒါတွေအားနည်းလို့ နိုင်ငံတကာက ထောက်ခံမှု အများကြီး မရသေးတာလို့ ကောက်ချက်ချကြတယ်။ ဒါကြောင့် နိုင်ငံတကာ က လက်ခံနိုင်လောက်တယ်လို့ ယူဆရတဲ့ စံတွေ၊ ပေတံတွေ ကိုထောက်ပြပြီး အဲဒီအတိုင်း အခုလုပ်မှ ဖြစ်တော့မလို တိုက်တွန်းကြတယ်။ ခက်တာက ဖက်ဒရယ် အရေး၊ တိုင်းရင်းသားအရေးလို နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးဆိုတာတွေကို လက်တွေ့ပြည်တွင်း မြေပြင်က တော်လှန်ရေးသမားတွေအပါအဝင် သာမန်လူထုတွေရဲ့သဘောထားဆန္ဒ အားလုံးကိုမခံယူဘဲ အန်ယူဂျီထဲမှာ ပါသူနဲ့ဝေဖန်အကြံပြုသူတွေလောက်ကပဲ ဆုံးဖြတ်အတည်ပြုလို့မဖြစ်သင့်တဲ့ကိစ္စပါပဲ။ နိုင်ငံတကာ စံတွေ၊ ပေတံတွေနဲ့အညီဆို ကောင်းတယ်လို့ ထောက်ခံမှာဖြစ်ပေမယ့် လူထူရဲ့ သဘောထားနဲ့ မဲဆန္ဒဆိုတာဟာ အဲဒီစံပေတံတွေထဲမှာ အရေးအကြီးဆုံးဖြစ်နေတယ်လေ။ ဒီလို ကိစ္စမျိုးတွေအတွက် နိုင်ငံလုံးဆိုင်ရာညီလာခံတွေ ၊ပြည်သူ့ဆန္ဒခံယူပွဲတွေကျင်းပယူပြီးမှ အတည်ပြုနိုင်မှာကို သဘောပေါက်နားလည်ထားတဲ့ နိုင်ငံတကာက အန်ယူဂျီကို အခုအဲဒါတွေ ဆုံးဖြတ်လို့ အမိန့်ချဖို့လုပ်မယ်မထင်ပါဘူး။ စစ်ကောင်စီ က တိုင်းရင်းသားတွေပါတဲ့စကစကို ဖွဲ့ပြတာတောင် လူထုဆန္ဒမပါလို့အသိအမှတ်မပြုဘဲနေနေကြတဲ့ နိုင်ငံတကာကိုး။

ဒါကြောင့် အန်ယူဂျီ ရဲ့နိုင်ငံရေးဗျုဟာ အားနည်းချက်ကို နိုင်ငံတကာမျက်လုံးနဲ့ မြင်ကြည့်ရင် သိပ်လေးနက်ပြီးသိပ်အသေးစိတ် သေချာဆွေးနွေးရမယ့် အချက်အလက်တွေကို ခုချက်ချင်း ချမပြနိုင်သေးလို့ဆိုတာမျိုးဖြစ်နိုင်ချေ မများလှပါဘူး။ မကြာသေးခင်ကမှ နိုင်ငံတကာက တတ်သိနားလည်သူမတ်ဆွေတစ်ယောက်ကို အန်ယူဂျီ အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုခံရဖို့ ဘာအဓိက လိုအပ်သလဲဆိုတာ လှမ်းတီးခေါက်မေးကြည့်တော့ ၂၀၂၀ ရွေးကောက်ပွဲအရ တက်လာရမယ့် အစိုးရကို ကိုယ်စားပြုပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အစုအဖွဲ့အဖြစ် သက်သေ ပြနိုင်ရမယ်လို့ ပြန်ဖြေပါတယ်။ အဲဒါကို အနက်ပြန်ကြည့်ရတာ သိပ်မခက်ခဲလှပါဘူး။

လက်တွေ့ပြည်တွင်းမြေပြင်အနေအထားကို တည်ငြိမ်သွားအောင်၊ တရားဥပဒေစိုးမိုးရေးပိုင်းမှာ တိုးတက်လာအောင် ဘာတွေပြင်ဆင်ထားလဲ၊ ဘယ်လိုတွေလုပ်နေလဲ၊ တကယ်လို့ အန်ယူဂျီ ကိုအသိအမှတ် ပြုလိုက်ပြီးရင်ရော ဘယ်လောက် စိတ်ချ လုံခြုံတဲ့ အာဏာကျင့်သုံးမှုကို ဘယ်လောက်အချိန်အတိုင်းအတားအတွင်းထိထိရောက်ရောက် လုပ်သွားနိုင်မလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖရိုဖရဲ မပြိုကွဲအောင် ဘယ်လို ထိန်းသွားနိုင်မယ့် ပုံရှိသလဲ စတဲ့မေးခွန်းတွေကို အန်ယူဂျီ ဖြေနိုင်လောက်တယ်ဆိုတာ သေချာမှ အပြည့်အဝထောက်ခံကြမယ့်ပုံပါ။

တနည်းအားဖြင့်တော့ နိုင်ငံရေးဗျုဟာနဲ့အမြော်အမြင် ကိုတော်လှန်ရေး ထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ဆောင်နေလဲ၊ တော်လှန်ရေး အဆုံးသတ်နဲ့ နိုင်ငံရေးအဆက်အစပ်ကို ဘယ်လို လမ်းပြမြေပုံနဲ့လုပ်မှာလဲဆိုတာတွေကိုသာ နိုင်ငံတကာက စိတ်ဝင်စားတဲ့ပုံရှိပါတယ်။

(တခြားအသေးစိတ် နိုင်ငံပြုဖွဲ့စည်းပုံ နဲ့မူဝါဒဆိုတာကတော့ကိုယ့်အရေးသာဖြစ်လို့ နိုင်ငံတကာ စိတ်ကြိုက်ထက် ကိုယ့်နိုင်ငံထဲက တစ်ယောက်ချင်း စိတ်ကြိုက်ဆန္ဒပြု ဆွေးနွေးရွေးချယ်ခွင့်ရအောင် ကိုယ့်ဖာသာလုပ်ကြဖို့ပါပဲ။)

တိုတိုပြောရရင် အခုလိုနေတာ ၁။ တော်လှန်ရေးကို ဘယ်တော့ ဘယ်လိုအဆုံးသတ်မလဲ၊ ၂ ။နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုကို ဘယ်တော့ ဘယ်လိုလုပ်ကြမလဲ ၊ ၃ ။ နိုင်ငံတော်သစ်အတွက် အခင်းအကျင်းကို ဘယ်တော့ ဘယ်လို စတင်ကြမလဲဆိုတဲ့မေးခွန်းသုံးခု ကို အဖြေပေးကြဖို့ပါပဲ။

၁ ။ တော်လှန်ရေးကို ဘယ်တော့အဆုံးသတ်မလဲဆိုတာ D Day ခေါ်တာအပါအဝင် ဘယ်အချိန် လောက်မှာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကို အန်ယူဂျီ လက်ထဲရောက်လာနိုင်ဖို့မျှော်မှန်းသလဲဆိုတာပါပါမယ် ။ ခြောက်လအတွင်းလား ၊တစ်နှစ်လား။ လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလတုန်းက တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြောဟာ လူထုကို ခွန်အားရှိစေခဲ့တာ သေချာပါတယ်။ အန်ယူဂျီဆီက လူထုမျှော်လင့်နေတဲ့အထဲမှာ ဒီအချိန်ကာလ ခန့်မှန်းပိုင်းဖြတ်ချက်ပါပါတယ်။

နောက်ဘယ်လို အဆုံးသတ်မလဲဆိုတာကတော့ လက်နက်ကိုင်တော်လှန်ရေး သက်သက်နဲ့ အနိုင်ယူမယ်ဆိုရင် ဘယ်နယ်မြေတွေနဲ့ ဘယ်လို လူတွေကို သိမ်းပိုက်အနိုင်ယူနိုင်မှ ရမယ်ဆိုတဲ့လျာထားချက် အပါအဝင် နိုင်ငံရေးဆွေးနွေးမှုနဲ့ ထပ်ဆောင်းပြီး အနိုင်ယူမယ်ဆိုရင်တော့ ဘယ်လို နိုင်ငံရေး အခင်းအကျင်းမျိုးကို ရအောင်တောင်းတာမျိုး ( နိုင်/ကျဉ်းလွှတ် ၊ စကစကို ခုံရုံးတင် ၊ တော်လှန်ရေး အစုအဖွဲ့နဲ့ အီးအေအိုတွေကို နယ်မြေထိန်းသိမ်းရေးအတွက် လုပ်ပိုင်ခွင့် ခွဲ/လွှဲ) တွေပါလာတော့မှာပါ။

ဒီပထမမေးခွန်းကို ပြည်တွင်းကရော ၊စကစရောနိုင်ငံတကာကပါ စိတ်ဝင်စားကြတယ်လို့ မြင်ပါတယ် ။အာဆီယံက ကြားပွဲစားလုပ်တဲ့ အခင်းအကျင်းအရ တင်သွင်းလာမယ့် တော်လှန်ရေးအဆုံးသတ်အပိုင်းကို လူထုက လက်မခံနိုင်လောက်ဘူးလို့ တွေးမိကြရင် အခုလိုမေးခွန်းတွေအတွက် အဖြေကို ကြိုတင်ပြင်ဆင်ထားသင့်တာတာပိုသေချာပါတယ်။

အဲဒီအတွက် အဖြေဟာ အန်ယူဂျီရဲ့ နိုင်ငံရေးဗျုဟာတစိတ်တဒေသဖြစ်သလို နိုင်ငံတကာကို လော်ဘီဖို့ အရေးပါတဲ့အချက်လည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေရဲ့ ချိတ်ဆက်မှုတွေကို အန်ယူဂျီရဲ့ ဒီအဖြေ သက်ရောက်နိုင်လို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အများကြီးပြောစရာရှိပေမယ့် ဥပမာတစ်ခုပဲပြောချင်ပါတယ်။ ကြားကာလ တရားမျှတမှုကိုဆောင်ရွက်ဖို့ တွေးကြံထားတဲ့ အန်ယူဂျီဆိုတာမျိုး သက်သေပြနိုင်ဖို့ လက်နက်ကိုင်အစုအဖွဲ့တွေရဲ့ ခံစစ် ၊တိုက်စစ် ၊ ပစ်မှတ်တွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားသလဲဆိုတာကအရေးကြီးလို့ပါပဲ။

နိုင်ငံတကာက မိတ်ဆွေတွေက လက်နက်မဲ့တော်လှန်ရေးကို လုပ်စေချင်ခဲ့တာကလည်း ကြားကာလတရားမျှတ ရေးဆိုင်ရာအကြပ်အတည်းတွေဖြစ်လာနိုင်တာကြောင့်ပါပဲ။ အရပ်သားအချင်းချင်း ကြား လက်နက်ကိုင်ဖြေရှင်းမှုတွေဟာ အာဏာရှင်ကျဆုံးသွားပြီးတဲ့တိုင် ရပ်ရွာအေးချမ်းရေးနဲ့ လူတစ်ဦးချင်စီရဲ့ လုံခြုံရေးဆိုင်ရာအန္တရာယ်တွေကို ဆက်လက်ဖြစ်ပေါ်စေနိုင်တဲ့အတွက် တိကျတဲ့ပစ်မှတ် နဲ့ ဗျုဟာတွေကို မထင်မှတ်ထားနိုင်ရင် နောင်မှာ ဖြေရှင်းရခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒီလို ဖြေရှင်းရနိုင်တာတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့အတွက် တံတားလိုပါတယ်။ အန်ယူဂျီနဲ့ မြေပြင်က တော်လှန်အစုအဖွဲ့တွေအကြား တံတားလိုပါတယ်။ အန်ယူဂျီဟာ လက်တွေ့ပြည်တွင်း မြေပြင်က အစုအဖွဲ့အားလုံးနဲ့ မထိတွေ့နိုင်ရင်တောင် နိုင်ငံရေးဗျုဟာအရ တိုက်ခိုက်ရေးနည်းနာဆိုင်ရာ ဦးဆောင်မှုပေးနိုင်ဖို့ လုပ်ရမှာပါ။ အဲဒီလိုပဲ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေကလည်း ကိုယ့်ပန်းတိုင်နဲ့ကိုယ် ၊ကိုယ့်လမ်းစဉ်နဲ့ ကိုယ်ဆိုတဲ့ မူဝါဒ ကိုကိုင်စွဲမယ့်အစား အန်ယူဂျီ ရဲ့ အရွှေ့နဲ့ အဆုံးအဖြတ်ကို နားစွင့်ကြည့်မြင့်ထားနိုင်ဖို့အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ခက်ခဲနေတဲ့ ပြဿနာတစ်ခုကတော့ နိုင်ငံရေးခံယူချက် တူတယ်ဆိုတဲ့တိုင် လက်နက်ကိုင်အစုအဖွဲ့တွေကို identity- based လို့ဆိုရမယ့် လူမျိုးစုခေါင်းစဉ်အောက်ကနေ သီးခြားစီ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အတွက် ပြည်ပရဲ့အမြင်မှာတော့ ဘုံလုပ်ငန်းစဉ် အားနည်းချက် ကြီးနေတဲ့အတိုက်အခံကို ဘယ်လိုထောက်ခံပေးရမလဲ မတွေးတတ်တဲ့ အနေအထားကိုဖြစ်စေလို့ပါပဲ။ ဒါကြောင့် ၃၆၀ ဒီဂရီ တွေးပြီး ၃၆၀ ဒီဂရီ ချည်းကပ်တံတားထိုးနိုင်ကြဖို့ လိုတယ်လို့ဆိုရတာပါ။ အဲဒီတံတားထိုးနိုင်မှဒီပထမကာလအလွန် နိုင်ငံရေးအဖြေရှာကာလမှာ ချောမွေ့မှာ ဖြစ်လို့ပါပဲ။

(ခုလို D-Day ကြေညာတော့မယ်လို့ ဆိုလာတော့ ပိုပြီး စုစည်းတဲ့အတိုက်အခံ တော်လှန်ရေး အစုအဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာ ကို ပြသနိုင်ဖို့ အရေးကြီးပါတယ်။)

၂။ နိုင်ငံရေး ဆွေးနွေးအဖြေရှာမှုကိုဘယ်တော့ ဘယ်လို လုပ်ကြမလဲ
လက်တွေ့ ပြည်တွင်းမြေပြင်အနေအထားအရ နိုင်ငံပြု ဖွဲ့စည်းပုံနဲ့မူဝါဒတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့ဆန္ဒသဘောထားရအောင်ဆွေးနွေးအဖြေရှာဖို့ ဘယ်လိုမှမဖြစ်နိုင်နေပါဘူး။

ဒါကြောင့်အန်ယူဂျီအပါအဝင် လုံခြုံနယ်မြေက နိုင်ငံရေးအီလစ်တွေလောက်က စံတွေ ၊ပေတံတွေအရ ဖြစ်သင့်ဖြစ်ထိုက်လို့ ဒီလိုတွေရေးဆွဲအတည်ပြု လိုက်တယ် ၊ ငါတို့ကို လူထုက ထောက်ခံပြီး သားပဲမို့ဒီအဆုံးအဖြတ်တွေဟာတရားဝင်တယ်လို့ လုပ်ကြမယ်ဆိုရင်လည်း အဆင်မပြေလောက်ပါဘူး။ အားလုံးအကျုံးဝင်သဘောတူဖို့ဆိုတာ ခွဲတမ်းသဘောကို မဆောင်သလို တတ်သိနားလည်သူတွေက နာမည်စာရင်း တင်သွင်းလို့ဖြစ်ဖြစ် အကြံပြုစာတမ်း တင်လို့ဖြစ်ဖြစ် ကျန်လူထုတရပ်လုံးက လက်ခံလိုက်ရမယ်ဆိုတဲ့ သဘောကိုလည်းမဆောင်နေပါဘူး။ ဒါကြောင့် ဒီအပိုင်းဟာ အချိန်အယူသင့်ဆုံး အပိုင်းဖြစ်ပါတယ်။ နိုင်ငံတကာ အစည်းအဝေးတစ်ခုအမှီ ခပ်မြန်မြန်လေး ဆွေးနွေးအတည်ပြုလိုက်ရအောင် ၊ ငါတို့ကို လူထုကလည်း အသိအမှတ်ပြုထားပြီးသားပဲလို့ ဖုတ်ပူမီးတိုက်ဆုံးဖြတ်ရင် ကိုယ်စားပြု မှုဆိုင်ရာ အငြင်းပွားဖွယ်တွေဖြစ်လာနိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ သေချာပြင်ဆင်ပြီးမှ အတည်ပြုကြမယ်ဆိုရင် အချိန်လိုသလို အခြေအနေလည်း လိုပါတယ်။ လူတိုင်းက အဲဒီအချက်အလက်တွေကို လက်လှမ်းမှီတဲ့အနေအထားမျိုးမှာမှ နိုင်ငံပြုဖွဲ့စည်းပုံနဲ့မူဝါဒမျိုးကို ဆွေးနွေးအတည်ပြုတာ သဘာဝကျမှာ ၊တရားဝင်မှာဖြစ်ပါတယ်။

နိုင်ငံတကာက တဖွဖွရွတ်နေတာဟာ လူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရထံ အာဏာပြန်လွှဲရေးသားဖြစ်နေသေးပြီး အန်ယူဂျီကို အာဏာလွှဲပေးပါလို့မပြောကြတာဟာ ဒီသဘောပါပဲ။ လူထုက ရွေးကောက်ပွဲ (သို့) ဆန္ဒခံယူပွဲမှာ သဘောထားပေးထားတဲ့ ရလဒ်ကသာ တရားဝင်တယ်လို့သတ်မှတ်ကြတာပါ။

ဒါကြောင့်နိုင်ငံရေးအဖြေရှာမှုဟာ တော်လှန်ရေး အဆုံးသတ်ချိန်လောက်မှ စတင်နိုင်မယ့်ပုံပါပဲ။ တနည်းအားဖြင့်တော့ တော်လှန်ရေး လုပ်နေချိန်မှာ နိုင်ငံရေးအဖြေရှာဖို့ ကိုအားစိုက်မယ့်အစားတော်လှန်ရေး မြန်မြန် ပွဲပြတ်မယ့် ဗျုဟာကိုသာ ဦးစားပေးသင့်ပါတယ် ။ အဆင့်ကျော် ငြင်းခုန် နေကြရင် အချိန်ကုန် လူပန်းစည်းလုံးမှု ပြိုကွဲပြီး လက်တွေ့ပြည်တွင်း မြေပြင်က တော်လှန်ရေးသမားတွေနဲ့ သာမန်လူထုကိုမစာနာရာလည်းကျသွားနိုင်ပါတယ်။ ဒီတော့ဒီအဆင့်ကို ဘယ်တော့စမလဲ ၊ဘယ်လောက်အချိန်ယူမလဲ ၊ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အကြမ်းဖျဉ်းလောက် သတ်မှတ်ထားဖို့လိုပါတယ်။ ဒီလိုပြင်ဆင်ထားကြောင်းကို နိုင်ငံတကာထံ ရှင်းပြတာမျိုး လုပ်နိုင်ရင် အန်ယူဂျီကို ထောက်ခံဖို့ အလားအလာပိုကောင်းလာမှာပါ။ တနည်းအားဖြင့် တချို့နိုင်ငံတွေက တော်လှန်ရေးအဆင့်မှာ အားပေးဖို့ တွန့်ဆုတ်နေပေမယ့် နောင်အချိန်ကာလတစ်ခုအတွင်း နိုင်ငံရေးအဆင့်မှာတော့ ဘယ်လိုနဲ့ဘာတွေပံ့ပိုးကူနိုင်တော့မယ်လို့ အားတက်တရောဖြစ်လာနိုင်ပါတယ်။ ကတိတွေ ဘာတွေထက် ပိုတိကျတဲ့ ထောက်ပံ့ကူညီရေး တွေကြိုကမ်းလှမ်းလာနိုင်တာပေါ့။

အဲဒီအတွက် တံတားလိုပြန်တယ် ။ ၃၆၀ ဒီဂရီ ကြည့်ပြီး ခုကတည်းက ထိစပ်ဆက်နွယ်ထားရမယ့် နိုင်ငံရေးအစုအဖွဲ့တွေကိုလက်လှမ်းမီအောင် အန်ယူဂျီ က ပြင်ဆင်တာဟာ တံတားထိုးတာပါပဲ။ တချို့ နိုင်ငံရေးအစုအဖွဲ့တွေအပြင် လူမျိုးစုအသေးလေးတွေ ဘာသာရေးလူနည်းစုကေလေးတွေရဲ့ အခန်းကဏ္ဍဟာ အဲဒီမှာပေါ်ထွက်လာရတော့မှာမို့ တော်လှန်ရေးထဲက အစုအဖွဲ့တွေအပြင် တခြားအဖွဲ့တွေကို တော်လှန်ရေးကာလမှာကတည်းက အန်ယူဂျီက တံတားထိုးထားနိုင်ရင် ဒီအဆင့်မှာ မြန်မြန်သွက်သွက်ချီတက်နိုင်မှာဖြစ်ပါတယ်။

(ဒီနေရာမှာ ၂၀၂၀ ရွေးကောက်ပွဲက အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတဲ့ CRPH အနေနဲ့ ပိုပြီးလုပ်လုပ်ဆောင်သင့်တာဖြစ်ပေမယ့် တချို့အယူအဆတွေက လူထုရွေးကောက်ခံ တွေရဲ့အခန်းကဏ္ဍ ကို အသိအမှတ်ပြုဖို့ထက် အနိုင်ရပါတီအပေါ် သဘောမကျနိုင်လို့ အန်ယူဂျီကိုသာ အတည်ပြု ပြီး CRPH ကို. အသိအမှတ်မပြုချင်တာ မျိုးရှိနေတော့ သမိုင်းတလျောက် ဖြစ်ခဲ့တဲ့ အားနည်းချက် အတိုင်း အုပ်ချုပ်ရေးမဏ္ဍိုင်ကသာ ကျန်မဏ္ဍိုင်တွေကို လွှမ်းမိုးနေဆဲဖြစ်နေရပြန်ပါတယ်။ အသေသေးစိတ်ပြောစရာရှိပေမယ့် ထားခဲ့ပါရစေ။)

ခုကတည်းက တချို့အချက်တွေကို ဆွေးနွေးထားနှင့်ကြမယ်လို့ တိုင်းရင်းသား အစုအဖွဲ့တွေက တွေးကြတာလည်း ဒါကြောင့်ပဲဖြစ်ပါမယ်။ဆွေးနွေးနှင့်ကြတာ ကောင်းပေမယ့် ဆုံးဖြတ်နှင့်ကြတာမျိုးမဖြစ်ရအောင် အခြေအနေအရ လက်လှမ်းမမှီဖြစ်နေကြတဲ့ ပြည်သူတရပ်လုံးက ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်မှာ ပါလာအောင် ဘယ်လိုစီမံဆောင်ရွက်ကြမယ်ဆိုတာကိုတော့ ဆုံးဖြတ်ပြင်ဆင်ထားကြဖို့လိုပါတယ်။ ဒီလိုအသေးစိတ်တွေ ပြင်ဆင်ထားတယ် မျှော်မြင်ထားတယ်ဆိုတာကို ချပြနိုင်ရင် နိုင်ငံတကာကလည်း သဘောကျနိုင်မှာပါ။

၃။ နိုင်ငံတော်သစ်အတွက် အခင်းအကျင်းကို ဘယ်တော့ ဘယ်လို စတင်ကြမလဲ။
ဒီအပိုင်းကတော့ အရေးအကြီးဆုံးအပိုင်းပါပဲ။ အန်ယူဂျီဟာ အနာဂတ်အစိုးရ မဟုတ်တာကို သိကြပေမယ့် အနာဂတ်အစိုးရ ကို ဘယ်လို ဘယ်ပုံ ဖွဲ့စည်းပြီး အာဏာသုံးရပ် အပ်နှင်းနိုင်အောင် အန်ယူဂျီက ဘယ်တော့ဘယ်လို လုပ်မလဲဆိုတာက အရေးကြီးပါတယ်။ ကြားကာလအစိုးရသဘောဖြစ်နေတဲ့အတွက် အနာဂတ်အစိုးရ ဖွဲ့စည်းဖို့ ဒုတိယအဆင့်က ဆွေးနွေးအဖြေရှာထားတဲ့နိုင်ငံပြု ဖွဲ့စည်းပုံ နဲ့မူဝါဒတွေအရ ပေါ်ထွက်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ၊ရွေးကောက်ပွဲ စနစ်သစ်နဲက ရွေးကောက်ပွဲ ဥပဒေသစ် ဆိုတာမျိုးတွေအတိုင်းရွေးကောက်ပွဲအသစ်ကို ကျင်းပပေးဖို့ ဘယ်လိုလုပ်မလဲ ၊ဘယ်တော့လုပ်မလဲ စတာတွေအထိ တွေးဆပြင်ဆင်ကြရမှာဖြစ်ပါတယ်။

ဒါမှမဟုတ် ၂၀၂၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းနိုင်မယ့် အစိုးရ ကိုကြားကာလ အစိုးရအဖြစ် သတ်မှတ်အတည်ပြုကြတယ်ဆိုရင် တမျိုးတမည် ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးပြီးပြီးချင်း အာဏာသုံးရပ်ကို ကိုင်တွယ်ကျင့်သုံးမယ့် အစိုးရအဖွဲ့ဟာ ကြားကာလအစိုးရအသွင်သာဆောင်တယ်ဆိုတာပါပဲ။ ဒီအတွက်အချိန်ကာလ ကိုလည်း ၂ နှစ်သို့မဟုတ် ၃ နှစ်ဆိုတာမျိုး သက်တမ်းတိုပဲသတ်မှတ်သင့်ပါတယ်။

ဒီအပိုင်းမှာပြောစရာတွေအများကြီးရှိပေမယ့် ကြိုမပြောထားချင်လို့ မပြောတော့ပါဘူး။ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးအဆစ်အပိုင်းအဖြစ် သိမှတ်ထားပြီး တင်ကြိုစိတ်ကူးစဉ်းစားထားနိုင်ကြဖို့ပဲ ရည်ရွယ်ပါတယ်။ဒီလိုအဆစ်အပိုင်းအလိုက် တင်ကြိုပြင်ဆင်စိတ်ကူးထားပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ရာ မကျတဲ့ ၊ကိုယ်စားပြုမှု ရှိတဲ့အစုအဖွဲ့အနေနဲ့သာ အန်ယူဂျီဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ အသိအမှတ်ပြုမှုကို အကောင်းဆုံး ရယူနိုင်မှာဖြစ်သလို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တံတားထိုးပေးနိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် လူထုရဲ့ အသိအမှတ်ပြုမှုကိုခံရနိုင်ကြောင်းဆွေးနွေးလိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ