စက်တင်ဘာလ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ရဟန်းတော်များ ခရီးမသွားရသည့် ဝါတွင်းကာလမှာပင် ရုရှားနိုင်ငံသို့ လိုက်ပါသွားခဲ့ပြီးနောက် ဝေဖန်၊ပြစ်တင်၊ရှုတ်ချမှုများ ပြင်းထန်စွာထွက်ပေါ်လာခြင်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ International Army Games 2021 ပိတ်ပွဲ အခမ်းအနားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ကြေညာသည်။
ရုရှားရောက်ပြီးနောက်တစ်နေ့တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သီတဂူဆရာတော်ကြီးနှင့် ကျောင်းထိုင်ဆရာတော် တို့အားမော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းဌာနများက ဖော်ပြခဲ့သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ပြည်တွင်းတင်မက ပြည်ပအထိပါ လိုက်ပါဝန်းရံနေသည်ဟုဆိုကာ ဆရာတော်ကြီးအား ဝေဖန်မှုများတဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။လူသုံးအများဆုံးဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ဆရာတော့်အား ဝေဖန်မှုများ သောသောညံနေသည်။

Public Service Announcement
“သီတဂူရဲ့ သဘောထားအမှန်က ဗာတီကန်ကိုအုပ်ချူပ်တဲ့ ပုပ်ရဟန်းမင်းကြီးလိုကိုဖြစ်ချင်နေတာ။သံဃရာဇာတို့ သံဃအဓိပတိတို့ ဆိုတာလောက်နဲ့ မတင်းတိမ်တော့ဘူး။အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံဖြစ်လေတော့ သူလဲအာဏာကိုမက်လာတဲ့သဘောရှိတယ်။ရှေးစကားပုံမှာ
ဘုန်းကြံးလောဘ ပင်လယ်ဝတဲ့။ ဟိုးအရင်တုန်းက ကြည်ညိုကိုးကွယ်ခဲ့ဖူးတယ်။နေဝင်ချိန်လဲကပ်နေပြီ။ အကုန်လည်းပြည့်စုံနေပြီးသား။ဒါယိကာဒါယိကာမလည်းမရှား။ ဘာတွေထပ်လိုချင်နေသေးလို့ ဒိလိုတွေလုပ်နေရလဲမသိဘူး”ဟု အမျိုးသားတစ်ဦးက ဝေဖန်ခဲ့သည်။
“ငါတို့ရင်ထဲမှာ ဥပက္ခာတရားနဲ့ဖြေလိုက်ပါတယ်။ သီတဂူ အရှင်ဉာဏိဿရ ထာဝရ ဘဝနတ်ထံပျံလွန်တော်မူသွားပါပြီ”
“အရင်က ဆရာတော် ပျံတော်မူသွားပြီး၊ အခုက တစ်ခုခု ဝင်ပူးနေတာဖြစ်မယ်”ဟုလည်း ဝေဖန်ကြသည်။
သီတဂူဆရာတော်ကြီး၏ ရုရှားခရီးစဥ်နှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေးလေ့လာသူ ဆရာဦးသန်းစိုးနိုင်က RFA စကားဝိုင်းတွင် ဤသို့ပြောပါသည်။
“ရဟန်းသံဃာဆိုတာကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာတွေကတော့ ဦးထိပ်ထားရတဲ့ ဆရာတော်တွေပါပဲ။ သို့သော်ငြားလည်း စိတ်မကောင်းတာတစ်ခုက အဲလိုဆရာတော်တွေထဲမှာ အချို့သောဆရာတော်တွေက စကစနဲ့ပူးပေါင်းပြီးတော့ စကစရဲ့ ပွဲလမ်းအခမ်းအနားတွေတက်တာ လာဘ်လာဘတွေယူတာ စသည်အားဖြင့် ကျွန်တော်တို့မြင်တွေ့ကြားသိနေရတာ စိတ်မချမ်းသာဘူး။ အဲထဲမှာအဆိုးဆုံးကတော့ စစ်ကိုင်းတောင်က နာမည်ကြီး တရားဟောဆရာတော်ကြီးကိုယ်တိုင် ရုရားကို လိုက်ပါသွားတယ်ဆိုတဲ့သတင်း လူထုထဲမှာ ပျံ့နှံ့နေတယ်။ အဲဒါသာ တကယ်လို့များ ဟုတ်ခဲ့ရင် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဝမ်းနည်းယူကျုံးမရ ဖြစ်ကြရကြောင်း ကျွန်တော့်အနေနဲ့ ပြောချင်တာပါပဲ”ဟု သူ၏ အမြင်ကို ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ရဟန်းတစ်ပါးဖြစ်သူ ဆရာတော် အရှင်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)ကလည်း RFA စကားဝိုင်းတွင် ယခုကဲ့သို့ မိန့်ကြားသည်။
“ဦးဇင်းတို့ရဟန်းသံဃာတော်တွေဆိုတာကလည်း ပြည်သူပြည်သားတွေကနေပြီးတော့ မိမိတို့ ပစ္စည်းလေးပါး လှည့်ကြည့်စရာမလိုဘဲနဲ့ ထောက်ပံ့ပြီးတော့ လှုဒါန်းထားတာ ပြည်သူတွေဟာ မိမိတို့ရဲ့ ကျေးဇူးရှင်တွေ ဖြစ်ပါတယ်။ ယနေ့မိမိတို့ရဲ့ ကျေးဇူးရှင်တွေဟာ မိမိတို့ရဲ့ ရှေ့မှာပဲ မျက်ဝါးထင်ထင် သတ်ဖြတ်ခြင်း၊ ရက်စက်ခြင်း၊ ဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊ နည်းမျိုးစုံနဲ့ ခံနေရတာ။ စစ်ဘေးတွေဆိုလည်း ရောက်လိုက်တာဗျာ။ တစ်တိုင်းပြည်လုံးက မလုံခြုံတော့ဘူး။ အဲဒီတော့ ကိုယ့်ပြည်သူလူထုတွေ ကျေးဇူးရှင်တွေ အသတ်ဖြတ်ခံနေရတာကို မိမိတို့က မျက်ဝါးထင်ထင် မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။ ဒါကို လျစ်လျူမရှုပါနဲ့။ ဓမ္မဘက်က မားမားမတ်မတ်ရပ်ရမယ့် ရဟန်းသံဃာတော်တွေဟာ ဗုဒ္ဓကခွင့်မပြုတဲ့ သတ်ခြင်းဖြတ်ခြင်းတွေ နှိပ်စက်ခြင်းတွေ ရက်စက်ခြင်းတွေ ယုတ်မာခြင်းတွေ အပြည့်အဝရှိတဲ့ ဒီမသူတော် လူယုတ်မာတွေကို သွားပြီးတော့ အားပေးနေတယ် ထောက်ခံတယ်ဆိုရင်တော့ အဲဒီအားပေးတဲ့ ထောက်ခံတဲ့ မည်သည့်ပုဂ္ဂိုလ်ဘုန်းကြီးဖြစ်စေ တိပိဋကပဲဖြစ်စေ နောက်ဆံးဘိဝံသပဲဖြစ်စေ ဓမ္မကထိက အကျော်အမော်ကြီးပဲဖြစ်စေ အဲဒီဘုန်းကြီးတွေမှန်သမျှလဲ လူယုတ်မာပဲ။ မိစ္ဆာဒိဌိပါပဲ။ မှားယွင်းတဲ့အကျင့်ကို ကျင့်ခြင်းပါပဲ။ ဗုဒ္ဓရဲ့လမ်းစဥ်တွေနဲ့ သွေဖီခြင်းပါပဲ။ ဆရာတော်ကြီးတွေကိုပြောချင်တာကတော့ ရပ်တန်းကရပ်ပါ။ ဆက်ပြီးတော့ မယုတ်မာပါနဲ့။
ဒေဝဒက်က ဘာ့ကြောင့်မြေမြိုသွားတာတုန်း။ ဒေဝဒက်မြေမြိုသွားတာဘာ့ကြောင့်လဲ။ တကယ်တော့ ဒေဝဒက်ကလည်း စျာန်တွေ အးဘိညာဥ်တွေရပြီး နည်းတဲ့ပါဝါမဟုတ်ပါဘူး။ သို့သော်လည်း သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အလိုဆိုးပေါ့ဗျာ ဣိသာမစ္ဆရိယပေါ့။ မကောင်းတဲ့စိတ်တွေ ကြီးထွားလာတဲ့အခါမှာ သူ့စိတ်ကို သူမနိုင်နင်းပြီးတော့ နောက်ဆုံး ဘုရားကိုသတ်ပြီးတော့ ငါဘုရားလုပ်မယ် အဇာတသတ်ကိုလည်း မင်းအဖေကိုသတ်ပြီး ဘုရင်လုပ် ဘုရင်ရဲ့ ကိုးကွယ်ခံဘုန်းကြီး ဖြစ်ချင်တာ။ ဒါတွေဟာ အလိုဆိုးတွေ ကိုယ့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ စိတ်တွေကို ပယ်သတ်ရမှာကို မပယ်သတ်နိုင်ဘဲ စိတ်ရဲ့စေစားရာအတိုင်း ပြောမိဆိုမိလုပ်မိ မပေါင်းသင့်တာတွေနဲ့ပေါင်းမိ သတ်ဖြတ်ခြင်းတွေ ကြံမိတော့ နောက်ဆုံး သင်ကန်းဝတ်ကြီးနဲ့ကို မြေမြိုတာပါပဲ။
စစ်အာဏာရှင်နဲ့ပေါင်းပြီးတော့ လုပ်စားနေတဲ့ ဘုန်းကြီးတွေဟာ မြေမမျိုသေးသော်လည်း နာမည်တွေကတော့ မြေမြိုသွားကြပါပြီ။ တစ်တိုင်းပြည်လုံးကလည်း အရင်ကလို ကြည်ညိုခြင်း၊ လက်ခံခြင်း မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဗုဒ္ဓအဆုံးမနဲ့ ဆန့်ကျင်ဘက် အဓမ္မ မိစ္ဆာဓိဌိတွေကို သွားအားပေးနေကြတဲ့ အတွက်ကြောင့် သူတို့ရဲ့ မကောင်းကျင့်မကောင်းကြံတွေကပဲ သူတို့ရဲ့နာမည်တွေဟာ လူမသေသေးသော်လည်း ပျံလွန်တော်မူခြင်းမဖြစ်သေးသော်လည်း နာမည်တွေကတော့ သေသွားခဲ့ကြပါပြီ မြေမြိုသွားကြပါပြီ။”ဟု စစ်ကောင်စီနှင့်ပူးပေါင်းနေသော ဆရာတော်ကြီးများအား ဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံ၌ ကျော်ကြားသော ရဟန်းတော်တစ်ပါးဖြစ်ပြီး ဓမ္မကထိကဆရာတော်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၊ ဆေးရုံများ တည်ထောင်သူ၊ သာသနာရေးနှင့် လူမှုရေးရာ အကျိုးပြုဆောင်ရွက်သူအဖြစ် ထင်ရှားသည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရသည် အာဏာကို အကြမ်းဖက်သိမ်းယူထားသည့် စစ်ကောင်စီ၏ ခေါင်းဆောင်များနှင့် ပုလဲနံပ သင့်နေခြင်းအတွက် မြန်မာပြည်သူများက အံ့သြဝမ်းနည်းမှုများဖြင့် ဝေဖန်လာခဲ့ကြသည်။
ဆရာတော်ကြီးသည် ယခင်ကတည်းက စစ်တပ်ခေါင်းဆောင်များနှင့် ပုလဲနံပသင့်ခဲ့ခြင်းဖြစ်ပြီး တရားပွဲများတွင်ပါ တပ်မတော်အပေါ် အကောင်းမြင်သော အကြောင်းအရာများပင် ဟောပြောခဲ့ဖူးသည်။
အာဏာသိမ်းပြီးနောက်ပိုင်းလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံလှုဒါန်းသည့်သတင်းများလည်း မကြာခဏ တက်လာခဲ့သည်။ ပြည်သူပြည်သားများ အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းခံနေရသော်လည်း ဆရာတော်သည် နူတ်ဆိတ်တော်မူနေခဲ့သည်။
သီတဂူဆရာတော်ကို ကြည်ညို၍ “ငါတို့ဖြစ်ရ ဤလောကဝယ် ဘဝသမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါ ဒို့စွမ်းရာဖြင့် ဒို့သာသနာ ဒို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။” ဆိုသည့် သီတဂူဆရာတော်ကြီး ငါတို့အဓိဌာန်ဆိုသည့် စာသားနှင့် ပုံတော်ကိုလည်း ယခင်က အမြတ်တနိုးတန်ဖိုးထားစွာ ချိတ်ဆွဲထားသူအချို့သည် ဖြုတ်ချပစ်ခဲ့ကြသည်။

“နိဗ္ဗာန်မရောက်မီစပ်ကြား လူမိုက်နဲ့ ပေါင်းဖော်မိသွားတယ်။”ဟု ဝေဖန်ကြသည်။ “အထူးကြည်ညိုမိခဲ့တဲ့အချိန်တွေနှမြောမိပါတယ်။”ဟု နှမျောတသဖြစ်ကြသည်။
“ပြည်သူတွေအပေါ် မေတ္တာ ထားတဲ့ ဆရာတော်ဖြစ်ပြီး စဉ်းစားရခက်အောင် အလုပ်တွေလွဲသွားတာ အရမ်းလဲအံ့ဩမိတယ်။ ဆရာတော်တပည့်ရင်း ပညာတတ်တယောက်ကတောင်ဝက်သားဟင်းကို ပဲဟင်းနဲ့လဲတယ်၊ ရာမြင်ထောင်စွန့်တယ်ဆိုပြီး post တင်ထားသေးတယ်တဲ့။ သူတို့လှူတာလောက်တော့ ပြည်သူတွေလှူတာရဲ့ အစွန်းထွက်ပဲ ရှိတာပါ။ စဉ်းစားလို့မရတာတွေ အသက်ကြီးမှ လုပ်လိုက်တာတွေဟာ တစ်သက်လုံး ကောင်းလာခဲ့သမျှ ဇာတ်သိမ်းခါနီးမှ ဘယ်သူမှ အဲ့လိုအဖြစ်ခံမှာ မဟုတ်ဘူး။တော်တော်လဲ စိတ်မကောင်းဘူး။”ဟု အမျိုးသမီးတစ်ဦးက စိတ်ထိခိုက်စွာ ရေးသားခဲ့သည်။
တချို့ကလည်း ဆရာတော့်ကို အခုမှမဟုတ်။ ယခင် ဝီရသူကိစ္စ၊ ရွေးကောက်ပွဲမဲကိစ္စများကတည်းက စတင်မနှစ်မြို့ခဲ့ကြသည်။ “ဝီရသူကိုငါ့ရဲဘော်လို့ပြောတဲ့နေ့ကဝမ်းနည်းလိုက်တာ။”ဟု လူငယ်တစ်ဦးက ပြောသည်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ တွင်ပြည်ခိုင်းဖြိုးက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘာသာရေးအသုံးချပြီး အမျိုးသားရေးအောင်ပွဲ များကျင်းပရာ သုဝဏ္ဏတွင် ဆရာတော် ဟောကြားသောတရာတော်မှာ ဘာသာရေးအစွန်းရောက်လွန်း၍ ဝေဖန်ခဲ့ကြသေးသည်။ ထို့အပြင် တပ်မတော်သားများမှာ လူသတ်သည်မှာအပြစ်မရှိကြောင်း ရှေးဘုရင်လက်ထက် ပါးစပ်ရာဇာဝင်များနမူနာထားဟောကြားခဲ့သဖြင့်လည်း ဝေဖန်မှုများကြုံခဲ့ဖူးသေးသည်။
အာဏာသိမ်းပြီးနောက် ပြည်သူထောင်ချီသတ်ဖြတ်ခံရပြီး ၊ထောင်ပေါင်းများစွာဖမ်းဆီးနှိပ်စက် ထောင်ချကာ ၊ပြည်သူ့အိုးပစ္စည်းဥစ္စာများကိုလယက်ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီနှင့်အဖော်အပေါင်းလုပ်နေသော ဆရာတော်ကို သည်တစ်ကြိမ်တွင်တော့ ကာတွန်းများရေးဆွဲ၍လည်း သရော်ကြသည်။
မိန့်မိန့်ကြီးပြုံးနေသော စစ်ခေါင်းဆောင်တစ်ဦးနှင့် သီတဂူဆရာတော်ဟု ရည်ရွယ်ရေးဆွဲထားသော ဘုန်းကြီးတစ်ပါးကြား၌ ဒုံးကျည်တစ်ခုရေးဆွဲထားပြီး ထိုဒုံးကျည်ကို ဆရာတော်က သပြေခက်ဖြင့် ပက်ဖြန်းနေပုံကိုလည်း ရေးဆွဲကြသည်။

နောက်ထပ်ကာတွန်းတစ်ကွက်မှာလည်း စစ်ခေါင်းဆောင်တစ်ယောက်၏ နောက်တွင် ဆရာတော်က လက်နက်များသယ်ဆောင်ပေးပြီး ပြုံးပြုံးကြီးလိုက်နေသည့်ပုံကို ရေးဆွဲကာ သရော်ထားသည်။
သီတဂူဆရာတော်ဘက်မှ ခုခံကာကွယ်သူအချို့ကမူ ရုရှားသို့ ကြွရောက်ရခြင်းမှာ ရုရှားနိုင်ငံတွင် တည်ထားမည့် ရွှေစည်းခုံစေတီတော် ကိစ္စအတွက်ဖြစ်ပြီး ဆရာတော်ဘုရားသည် ဝါတွင်းကာလတွင် မိမိကျောင်းတိုက်၌ အေးဆေးချမ်းသာစွာ သီတင်းသုံးတော်မူရမည်ဖြစ်သော်လည်း အရေးကြီးသော အရေးကိစ္စဖြစ်ကြောင့် ဝိနည်းတော်နှင့်အညီ ဝါပန်၍ ခေတ္တခဏ ကြွရောက်ရခြင်းဖြစ်ကြောင်း၊ ဒု-တပ်ချုပ်လေယာဉ်နှင့်အတူ ကြွရောက်ရခြင်းမှာလည်း ယခုကာလသည် Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာနိုင်ငံများ၏ လေကြောင်းခရီစဉ်များမှာ ဝင်ထွက်ခွင့် ပိတ်ထားခြင်း၊ ခရီးသွားရန်မလွယ်ကူခြင်းများဖြစ်ပေါ်နေပြီး ဘုရားတည်ရန် ရုရှားအစိုးရ ခွင့်ပြုချိန်တွင် လေယာဉ်လိုင်းများမှာ ခက်ခဲနေ၍ ဒု တပ်ချုပ် ခရီစဉ်နှင့် ကြုံ၍ သာသနာရေးအတွက် ရှေ့ရှု၍ လမ်းကြုံလိုက်ပါခြင်းသာဖြစ်ကြောင်း သီတဂူဆရာတော်နှင့်နီးစပ်သူ ဆရာတော်ဦးတေဇိန္ဒက ခုခံရေးသားထားသည်။
ဆရာတော်သည် လက်ရှိတွင် ရွှေကျင်နိကာယ၏ တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်တစ်ပါးဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်။ သဲကုန်းဇာတိဖြစ်သောကြောင့် သဲကုန်းဆရာတော်၊ သပိတ်အိုင်တွင် တောရဆောက်တည်သောကြောင့် သပိတ်အိုင်ဆရာတော်၊ သဒ္ဓမ္မသီတဂူချောင် (စစ်ကိုင်း) ကို တည်ထောင်သောကြောင့် သီတဂူဆရာတော်ဟူ၍ လူသိများ ထင်ရှားသည်။
ပြည်သူတစ်ဦးက “ဆရာတော်အသက်ကြီးလို့ တရားပြည့်ချိန်ရောက်မှ..မသူတော်ကိုတပည့်မွေး၊ တစ်ဘဝလုံးရင်းနှီးလာတဲ့ သီလသမာဓိသိက္ခာတွေ ဆရာတော်ရယ်အရင်းအနှီးကြီးလိုက်တာ” ဟု ရေးသားထားသည်။
ဗုဒ္ဓဝိဟာရ ဆရာတော် ကလည်း ရဟန်းတော်ဖြစ်သော်လည်း မကောင်းတာလုပ်လျှင် ဝေဖန်ပြစ်တင်ခွင့်ရှိကြောင်း ယခုလိုရေးသားမိန့်ကြားထားသည်။
“ရဟန်းစော်ကားလို့ငရဲကြီးတယ်ဆိုရင်ခင်ဗျာတို့ နဲ့ ဘုန်းကြီးတို့ဟာ ငရဲနေ့တိုင်းကြီးနေမှာပေါ့၊ဒေဝဒတ်ကိုဘယ်ဗုဒ္ဓဘာသာမှကောင်းတာမပြောဘူး ဒါပေမဲ့ ဒေဝဒတ်ဟာရဟန်းပဲ။ ရဟန်းစော်ကားလို့ငရဲကြီးတာဆိုရင် ဘာလို့ဒေဝဒတ်စော်ကားတာကျတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ငရဲမကြီးတာလဲ။ သင်္ကန်းဝတ်ထားပေမဲ့လူစိတ်မရှိတဲ့စစ်မိစ္ဆာအားပေးတဲ့ ရဟန်းတွေကို စော်ကားလို့ ငရဲမကြီးနိုင်ဘူးဆိုတာဒေဝဒတ်က ဥပမာပါပဲ”။
—People’s Spring


















































