Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကိုဗစ်စတုတ္ထလှိုင်းကာကွယ်ဖို့ NUG နဲ့ တိုင်းရင်သားကျန်းမာရေးအဖွဲ့တွေ ဘယ်လိုကြိုးစားနေလဲ

လတ်တလောကျန်းမာရေးနဲ့ပတ်သက်တဲ့ NUG ရဲ့ အဓိကမျှော်မှန်းချက်ဟာ ကိုဗစ်စတုတ္ထလှိုင်းမဖြစ်ခင် ပြည်သူတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်ကာကွယ်ဆေး ၆ ဒဿမ ၂ သန်း မြန် မာနိုင်ငံကို ရောက်လာဖို့ရှိနေပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုရှုဒေါင့်ကနေ တိုင်းရင်းသားဒေသတွေကိုပေးမဲ့ ကာကွယ်ဆေး ၃ သန်းရယ် ၊ နိုင်ငံတကာက အကူအညီပေးမယ့်ဆေးတွေနဲ့ ပြည်သူ့အစိုးရလက်ထက်က ဝယ်ယူထားတဲ့ အိန္ဒိယထုတ် ကာကွယ်ဆေးတွေနဲ့ပေါင်းရင်း ကာကွယ်ဆေး ၁၀ သန်းကျော် ဝင်လာဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသားကျန်းမာရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဥက္ကာက VOA နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီကညတရုတ်နိုင်ငံက ကူညီထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေရယ်၊ ဝယ်ယူထားတဲ့ဆေးတွေနဲ့ လက်ရှိထိုးနှံပေးနေပါတယ်။ ပြည်သူ့အစိုးရက ပြည်သူတွေအတွက်အန္ဒိယနိုင်ငံက ဝယ်ထိုးပေးခဲ့တဲ့ ပိုမိုကောင်းမွန်တဲ့ Covidshield ကာကွယ်ဆေးတွေကိုတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ငွေထပ်မပေးတော့ဘဲ ရပ်လိုက်တာဖြစ်ပါတယ်။

လတ်တလောကျန်းမာရေးနဲ့ပတ်သက်တဲ့ NUG ရဲ့ အဓိကမျှော်မှန်းချက်ဟာ ကိုဗစ်စတုတ္ထလှိုင်းမဖြစ်ခင် ပြည်သူတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သည်တော့ NUG အနေနဲ့ မြန်မာနိုင်ငံထဲကို ကိုဗစ် ကာကွယ်ဆေးတွေ ရောက်လာဖို့နဲ့ ပြည်သူတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ ဘယ်လိုပြင်ဆင်လုပ်ကိုင်နေပါသလဲ ကြည့်ရအောင်ပါ။

Public Service Announcement

Public Service Announcement

(တတိယအဖွဲ့အစည်းအကူအညီ)

ကာကွယ်ဆေးတွေရဖို့ စီစဉ်ဆောင်ရွက်ရတဲ့အခါမှာ NUG ဟာ ကူညီပေးမဲ့အဖွဲ့အစည်းတွေ အရင်ရှာရပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အပါအဝင် ကုလသမဂ္ဂရဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

မဟာမိတ်တွေထဲမှာ Unicef ပါဝင်သလို WHO ကဖွဲ့စည်းထားတဲ့ ကိုဗစ်အစီအစဉ်(COVAX) ၊GAVI ၊ CEPI စတဲ့အဖွဲ့အစည်းတွေပါဝင်တယ်လို့ ကုလနဲ့မဟာမိတ်အဖွဲ့တွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ကယ်တော့ ဒီအဖွဲ့အစည်းတွေဟာ ရွေးကောက်ခံပြည်သူ့အစိုးရလက်ထက်ကတည်းက ကိုဗစ်ကာကွယ်ဆေးရရှိဖို့ စတင်ချိတ်ဆက် ဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

“ဆွေးနွေးတဲ့အခါမှာ ပြည်သူသာ အဓိကဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေးတယ်။ အဓိကဆိုတဲ့နေရာမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူအား လုံး ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ဖြစ်ပါတယ်”လို့ ဒေါက် တာဥက္ကာက ပြောပါတယ်။

ဒါကြောင့် ပြည်သူ့မျက်နှာကြည့်ပြီး အကူအညီပေးတ တိယအဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ မဖြစ်မနေဆက်ဆံရမဲ့အပေါ် နားလည်မှုပေးရတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ NUG ရဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။

သို့သော် တတိယအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံတဲ့အခါ NUG ရဲ့ဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြပေးဖို့ တောင်းဆိုထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အကျိုးဆက်အနေနဲ့ ကုလနဲ့မဟာမိတ်အဖွဲ့တွေဟာ မြန် မာနိုင်ငံကိုပေးမဲ့ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရားဝင်ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ဒီလိုမျိုး တတိယအဖွဲ့အစည်းကတဆင့် မြန်မာနိုင်ငံကိုရောက်ရှိလာမဲ့ ကိုဗစ်ကာကွယ်ဆေး သယ်ဆောင် မဲ့လမ်းကြောင်းတွေဟာလည်း စိတ်ဝင်စားစရာပါ။

(ဆေးသယ်ယူမဲ့ နည်းလမ်းနှစ်သွယ်)

NUG ရဲ့ အမျိုးသားကျန်းမာရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဥက္ကာရဲ့ ပြောဆိုမှုအရ နည်းလမ်းနှစ်မျိုး(လမ်းကြောင်းနှစ်ခု)နဲ့ ချဥ်းကပ်သွားမယ်လို့ သိရပါတယ်။

ပထမနည်းလမ်းကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် တတိယအဖွဲ့အစည်းတွေရဲ့အစီအစဥ်နဲ့ သယ်ယူဖို့ စီစဥ်နေတာရှိသလို၊ ဒုတိယနည်းအနေနဲ့ နယ်စပ်ဂိတ်တွေကနေ သယ်ယူနိုင်မှာဖြစ်တယ်လို့ ဒေါက်တာဥက္ကာက ရှင်းပြထားပါတယ်။

“လေဆိပ်ကနေ သယ်ယူတဲ့အခါမှာ စစ်ကောင်စီရဲ့ အစီအမံမပါဘဲနဲ့ UN တို့ WHO တို့ Unicef တို့ရဲ့ အစီအမံနဲ့ဖြစ်ရမယ်လို့ ကျွန်တော်တို့ ဆွေးနွေးထားတယ်”လို့ သူက ရှင်းပြပါတယ်။

နယ်စပ်ဒေသတွေကနေ ကာကွယ်ဆေးသယ်ယူတဲ့အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေတဲ့ ဒေသအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆေးတွေရောက်ရှိလာမဲ့ ခန့်မှန်းကြာချိန်က ရက်သတ္တခြောက်ပတ်ကနေ ၁၀ ပတ်အတွင်းရှိနိုင်ပြီး တတိ ယအဖွဲ့အစည်းတွေရဲ့ဆွေးနွေးမှုကို အာဏာသိမ်းစစ်ကောင်စီဘက် က ဘယ်လိုတုန့်ပြန်သလဲဆိုတဲ့အပေါ်မှာ မူတည်မှာဖြစ်တယ်လို့ ဒေါက်တာဥက္ကာက ရှင်းပြပါတယ်။

(ကာကွယ်ဆေးထိုးရာမှာ ပါဝင်မဲ့သူတွေ)

ပြီးခဲ့တဲ့ သြဂုတ်လဆန်းထဲကစပြီး NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကနဲ့
တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး COVID Test Force(CTF) ဆိုတဲ့ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

CTF မှာဆိုရင် ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာစင်သီရာမောင်က ဦးဆောင်ပါတယ်။ ဒါ့အပြင် ရှိရှိသမျှတိုင်းရင်းအဖွဲ့အစည်းအားလုံးလည်း ပါဝင်တယ်လို့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူ့မှ ပြည်သူသို့အစီအစဉ်ကတဆင့် အသိပေးထားပါတယ်။

ကျန်းမာရေးကော်မတီအောက်မှာရှိတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့(CTF)ရဲ့ လုပ်စဉ်နဲ့ မူဝါဒတွေထဲမှာ အချက် ၆ ချက် ဖော်ပြထားပါတယ်။

အဲဒီအထဲက ကာကွယ်ဆေးရရှိရေး ဆေးထိုးနှံရေး စတဲ့လုပ်ငန်းစဉ်တိုင်းမှာ လုံခြုံရေးနဲ့သက်ဆိုင်တဲ့အချက်တွေကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။

အဓိကကတော့ လက်ရှိအခြေအနေလို နိုင်ငံရေးအကြပ်အတည်းကာလမှာ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ဆိုတာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုအရေးကြီးပြီး ပြည်သူလက်ခံမှသာ အစီအစဉ်အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့ ကာကွယ်ဆေးလာထိုးကြမဲ့ ပြည်သူတစ်ဦးချင်းရဲ့ လုံခြုံရေး အရေးကြီးသလို ပါဝင်ဆောင်ရွက်သူတွေရဲ့လုံခြုံရေးဟာလည်း အရေးကြီးတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ UN အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေကိစ္စအပါအဝင် အခြားလိုအပ်တဲ့ကိစ္စရပ်တွေအတွက် စစ်ကောင်စီနဲ့ ဆက်ဆံတဲ့အခါ သူတို့ကို အသိအမှတ်ပြုတဲ့ပုံစံမဖြစ်ရတဲ့အပြင် ပါဝင်ပတ်သက်နေတဲ့ NUG တိုင်းရင်းသားအဖွဲ့တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေအားလုံးကို တန်းတူညီမျှ ဆက်ဆံရမယ်လို့ ထောက်ပြထားပါတယ်။

သည်တော့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ဆောင်ရွက်တဲ့အခါမှာ ပုံစံသုံးမျိုးနဲ့ ရှိလာနိုင်တယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီသုံးမျိုးမှာ ပထမတစ်ခုက တတိယအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ကာကွယ်ဆေးထိုးတာ၊ ဒုတိယတစ် ခုက တိုင်းရင်းသားအဖွဲ့အစည်းတွေက ထိုးနှံပေးတာနဲ့ တတိယတစ်ခုက CDM ကျန်းမာရေးဝန်ထမ်းတွေပါဝင်တဲ့ လူမှုကူညီရေးအဖွဲ့တွေက ထိုးနှံပေးတာ စတဲ့နည်းလမ်းတွေဖြစ်တယ်လို့ ဒေါက်တာဥက္ကာက ပြောပါတယ်။

ဒါပေမဲ့ ပါဝင်ဆောင်ရွက်သူတွေရဲ့ လုံခြုံရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေပြီး အဲဒီအတွက်လည်း ဆွေးနွေးအဖြေရှာနေတယ်လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာလည်း လူသားချင်းစာနာမှုနဲ့ လူမျိုးဘာသာမခွဲခြားဘဲ မြန်မာနိုင်ငံသားတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေးကို အခုလို ထောက်ပြထားပါတယ်။

“တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၏ လုံခြုံရေးအတွက် အာမခံချက်များအပေါ်တွင်လည်း မူတည်မည်”

ဒါ့ကြောင့် ကုလနဲ့ မဟာမိတ်အဖွဲ့တွေဟာ မြန်မာနိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးခွင့်ရဖို့ လိုအပ်တဲ့အခြေအနေတွေကိုနည်းလမ်းရှာပြီး အဓိကသက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

(ကာကွယ်ဆေး ထိုးနှံမှုအခြေအနေ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ စာရင်းတွေအရ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက် ခံရသူ ၄၆၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကူးစက်ခံရသူတွေထဲမှာ ၁၈,၀၀၀ ကျော် အသက်သေဆုံးခဲ့ပါတယ်။

ကူးစက်ခံရသူ လေးသိန်းကျော်မှာသုံးသိန်းကျော် (၃၁၈,၂၄၉ )က မေလ ၁ ရက်နောက်ပိုင်း(အာဏာသိမ်းပြီး ၃ လအကြာ)ကူးစက်ခံရတာဖြစ်ပြီး အဲဒီကာလအတွင်း သေဆုံးသူ ၁၄,၄၂၂ ဦးရှိတယ်လို့ WHO က ဆိုပါတယ်။ ပိုးကူးစက်မှုရယ် သေဆုံးမှုရယ်က စစ်ကောင်စီအာဏာသိမ်းထားတဲ့ တတိယလှိုင်းမှာ ဒီထက်မက ပိုများတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရက် ရောဂါစစ်ဆေး ထိန်းချုပ်နိုင်မှု အကန့်အသတ်ရှိနေတဲ့အပြင် ကာကွယ်ဆေးထိုးပေးနိုင်မှု နည်းပါးနေတယ်လို့ ကုလနဲ့ မဟာမိတ်အဖွဲ့တွေက သုံးသပ်ထားပါတယ်။

ဒါ့ကြောင့် ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့တဲ့ ကိုဗစ် တတိယလှိုင်းကို နမူနာယူပြီး ကိုဗစ်စတုတ္ထလှိုင်းကို ကာကွယ်နိုင်ဖို့ဆိုရင် “လူတိုင်းကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်”လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မှတ်ချက်ပေးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။