Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မီးစတဖက် ရေမှုတ်တဖက်စစ်ကောင်စီ

ဓာတ်ပုံ - အီးပီအေ

အာဏာသိမ်းတာကို ဆန့်ကျင်လို့ အင်းစိန်ထောင်မှာ ဖမ်းခံထားရတဲ့ ကိုသက်ပိုင်ထွေး ဟာ အောက်တိုဘာ၁၉ ရက် ညပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။

အချုပ်အနှောင်ကနေလွတ်လာလို့ ဝမ်းသာနေတဲ့ ကိုသက်ပိုင်ထွေးရဲ့ ပျော်ရွှင်မှုဟာ နာရီပိုင်းမကြာလိုက်ပါဘူး။

အိမ်ကိုရောက်ပြီး ၁ နာရီမပြည့်ခင်မှာတင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အိမ်ကိုကိုလိုက်လာပြီး ထပ်မံဖမ်းဆီးသွားတာပါ။

“ညီမတို့အိမ်ရောက်တာ ၄၅ မိနစ်တောင်မပြည့်ပါဘူး မလွှတ်ချင်လည်းမလွှတ်ပါနဲ့” လို့ ကိုသက်ပိုင်ထွေးရဲ့ ဇနီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို စစ်အုပ်စုဟာ အခုမှ ကျူးလွန်တာမဟုတ်ပါဘူး။

ထင်ရှားတဲ့ ဥပမာဆိုရင် စစ်အာဏာရှင်ကိုဆန့်ကျင်သူတွေထဲ အာဏာရှင်အဆက်ဆက်ရဲ့ နံပါတ် ၁ ရန်သူတော်လို့ သတ်မှတ်ခံထားရတဲ့ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးပါတယ်။ ဆရာဦးဝင်းတင်ကို လွှတ်ပေးမယ်ဆိုပြီး ထောင်ဗူးဝအထိခေါ်သွားပြီးမှ ထောင်ထဲ ပြန်ထည့်တာမျိုး စစ်အုပ်စု လုပ်ခဲ့တာပါ။

ဒါဟာစစ်အာဏာရှင်ကိုဆန့်ကျင်တဲ့သူတွေကို စိတ်ဓာတ်ပျက်ပြားအောင်၊ ထိခိုက်အောင်လုပ်တာမျိုးလို့ ဟံသာဝတီဦးဝင်းတင်က ပြောပြဖူးပါတယ်။

အသက် ၆၀ ကျော်အရွယ် ဟံသာဝတီဦးဝင်းတင်အပေါ် စိတ်ဓာတ်စစ်ဆင်ရေး မအောင်မြင်တဲ့အခါ စစ်အုပ်စုဟာ အနှစ် ၂၀ နီးပါးထောင်ထဲ ထည့်ထားလိုက်ပါတော့တယ်။

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်လည်း စစ်အုပ်စုရဲ့အဲဒီလိုယုတ်မာပုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသေးတယ်။

အဲဒီတုန်းက စစ်အုပ်စုဟာ ထောင်ဒဏ် ၁၀ နှစ်အထက် ချထားသူတွေကို ၁၀ နှစ်ထိလျော့ချ လိုက်တယ်ဆိုတဲ့ လွတ်ငြိမ်းသက်သာခွင့်ကိုကမ္ဘာသိကြေညာပါတယ်။

ဒါပေမယ့် ၁၀ နှစ်ပြည့်တဲ့အခါမှာတော့ စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်တဲ့အပြင် နောက်ထပ်ပုဒ်မနဲ့ တရားစွဲပြီးပြစ်ဒဏ်တိုးခဲ့တယ်လို့ ဦးမင်းကိုနိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက PVTV ရုပ်သံမှာ ပြုလုပ်တဲ့စကားဝိုင်း မှာ ထည့်သွင်းပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ကို လွှတ်မယ့်နေ့မှာ ဘာပြောတယ်မှတ်လဲ ၊ဒီနေ့ လွတ်ပါပြီ ဒါပေမယ့် ပုဒ်မ ၁၀ (က)နဲ့ ပြည်ထဲရေး က ထပ်ပြီးတရားစွဲတဲ့အတွက် ဒီအခန်းထဲမှာပဲ ဒီအတိုင်းပဲ ဆက်နေပါဦးလို့ရှိခဲ့တယ်” လို့ ဦးမင်းကိုနိုင်က ပြောတယ်။

ဒါဟာစစ်အုပ်စုရဲ့အမူအကျင့်ဖြစ်ပြီး ” မီစတဖက် ရေမှုတ်တဖက်ပုံစံ” လို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။

ဒီလို လူမဆန်တဲ့လုပ်ရပ်တွေကို ကျုးလွန်တဲ့ စစ်အုပ်စုဟာ ဖေဖော်ဝါရီလ ၁ ရက် မှာ အရပ်သားအစိုးရ ကို ဖြုတ်ချ အာဏာထပ်သိမ်းပါတယ်။

အာဏာသိမ်းတာ ဆန့်ကျင်သူတွေကိုမတရားဖမ်းဆီးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP ) ရဲ့စာရင်းအရ ၉၀၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ၇၀၀၀ ကျော် ချုပ်နှောင်ထားခံရဆဲဖြစ်ပါတယ်။

ဝရမ်းထုတ်ခံထားရသူဟာ ၂၀၀၀ နီးပါးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့်ကျဆုံးခဲ့ရသူ ၁၁၈၆ ဦးရှိပါတယ်။

ပြည်သူတွေအပေါ် ရက်စက်ဖိနှိပ်မှုတွေကြောင့် နိုင်ငံတကာက ပစ်ပယ်တာ ၊ ဖိအားပေးတာတွေကို မကြုံစဖူး ကြုံလာရချိန်မှာတော့ ဖိအားလျော့ချဖို့ စစ်ကောင်စီဟာ မတရားဖမ်းထားသူတွေထဲက အချို့ကို လွှတ်ပေးဖို့ စီစဉ်ခဲ့တာပါ။

စစ်ကောင်စီခေါင်းဆောင်က သီတင်းကျွတ်ကာလမှာ စုစုပေါင်း ၅၀၀၀ ကျော် လွှတ်ပေးမယ်လို့ ဝါဒဖြန့်ရုပ်သံကနေ ကြေညာပေမယ့် ဒီနေ့အချိန်ထိ အမှန်တကယ်ပြန်လွတ်သူဦးရေအတိအကျ ကို မသိရသေးပါဘူး။

ဒါအပြင် ကိုသက်ပိုင်ထွေးလို အခြားနိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း အလွှတ်ပြပြီးမှ ပြန်ဖမ်းတာ ၊ တခြားပုဒ်မနဲ့ ထပ်ဖမ်းတာ ၊ ဖမ်းဆီးဖို့ ဝရမ်းထုတ်တာတွေလည်း တပြိုင်တည်းလုပ်ဆောင်နေပါတယ်။

Public Service Announcement

မန္တလေးက ဗကသ ကျောင်းသား တစ်ဦးဆိုရင် စွဲဆိုခံထားရတဲ့အမှုကိုပိတ်ပြီး လွှတ်ပေးလိုက်ပေမယ့် အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခံနေရပါတယ်။

“အခုတော့ကျွန်တော်ရှောင်နေရတယ်” လို့အဲဒီကျောင်းသားက ပြောပြပါတယ်။

လွှတ်ပြီး ပြန်ဖမ်းခံရသူတွေထဲ လူသိများတဲ့သူတွေလည်းပါဝင်ပါတယ်။

အဆိုတော်ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော်အီတိုးလည်း လွတ်ပြီး တစ်ရက်အကြာမှာ ပြန်ဖမ်းခံရတာမျိုးရှိပါတယ်။

ဒါကြောင့် အဆိုတော်အီတိုးတို့ မိသားစုဝင်တစ်ဦးက “သူများတွေရဲ့ ဘဝတွေနဲ့ နှလုံးသားတွေကို အပျင်းပြေကစားစရာများ မှတ်နေကြလား မသိဘူး၊ အလွယ်တွေ လုပ်ရက်လိုက်ကြတာ”လို့ ဖေ့ဘွတ်ခ်မှာရေးသားခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြန်ဖမ်းခံရသူဦးရေဟာ ၁၁၀ ဦးရှိတယ်လို့ သိရပေမယ့် အမှန်တကယ် ဦးရေက ဒီထက်ပိုများနိုင်တယ်လို့ AAPP က စာရင်းပြုစုထားပါတယ်။

ဒါအပြင်လွှတ်ပြီးပြန်ဖမ်းတာဟာကာယကံရှင်နိုင်ငံရေးအကျဉ်းသားကိုစိတ်ဒဏ်ရာပေးရုံတင်မကဘဲ မိသားစုဝင်တွေ၊ကလေးငယ်တွေကိုပါ ပစ်မှတ်ထားပြီး ညှင်းပန်းနှိပ်စက်မှုလို့ AAPPက ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေကို “ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ” လို့ AAPP က သတ်မှတ်သုံးနှုန်းထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။