တောင်အာဖရိကနိုင်ငံမှာ စတွေ့တဲ့ ကိုဗစ်ဗီဇပြောင်းပိုးသစ် Omicron (အိုမီခရွမ်)နဲ့ပတ်သက်လို့ အထူးသတိထားစောင့်ကြည့်ရမယ်လို့ သတိပေးမှုတွေရှိလာနေပါတယ်။
ဒီပိုးဟာဆိုရင် ရောဂါကူးစက်မှု အလွန်မြန်ဆန်ပြီး လက်ရှိမှာ ဘော့ဆွာနာ၊ တောင်အာဖရိက၊ ဟောင်ကောင်၊ အစ္စရေး(ပြည်ပပြန်)၊ ဘယ်လဂျီယမ်စတဲ့ နိုင်ငံတွေမှာ စတင်ပျံ့နှံ့နေပြီလို့ ပညာရှင်တွေက ဆိုပါတယ်။ နိုဝင်ဘာလကုန်ပိုင်းရောက်လာတဲ့အခါ အာဖရိက၊ဥရောပနဲ့အာရှက ၁၂ နိုင်ငံအထိ့ပါကူးစက်လာပြီလို့ဆိုပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေထဲကဥရောပသမဂ္ဂ၊ယူကေ နဲ့ အမေရိကတို့က အာဖရိကတောင်ပိုင်းနိုင်ငံတွေနဲ့ ခရီးသွားလာမှုကန့်သတ်တာတွေ တိုးမြှင့်လာပါတယ်။
အလားတူ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လဂျီယမ်၊ မော်လတာ၊ ချက် စတဲ့နိုင်ငံတွေကလည်း တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ၊ ဇင်ဘာဘွေ စတဲ့နိုင်ငံတွေက လေယာဉ်ဝင်ရောက်မှုကို ကန့်သတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

Public Service Announcement
အာရှဒေသမှာဆိုရင် စင်ကာပူနိုင်ငံကလည်း သူ့နိုင်ငံသားတွေကို တောင်အာဖရိကကိုသွားရောက်ခွင့်မပြုတော့ဘဲ အဲဒီဒေသကခရီးသွား ဝင်ရောက်မှုကိုပါ ပိတ်ပင်လိုက်ပါတယ်။
ဒါကြောင့် ဗီဇပြောင်းပိုး Omrico နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း အထူးသတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလာကြပါတယ်။
အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပျက်ယွင်းသွားတဲ့ ကျန်းမာရေးစနစ်ကြောင့် မြန်မာမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ မြန်မာအနေနဲ့ လူဦးရေသောင်း၊သိန်းချီအသက်သေဆုံးရတဲ့ ကိုဗစ်တတိယလှိုင်းကိုခုမှ ကြော်လွန်ကာစ ရှိပါသေးတယ်။
ဒါတောင်မှ လက်ရှိအနေအထားမှာ ပိုးတွေ့လူနာသစ်တွေ့ရှိမှုဟာ တစ်ရက်ပျမ်းမျှ ၄၀၀ ကနေ ၇၀၀ ဦးကြားရှိနေပါသေးတယ်။ ဒီစာရင်းတွေက အာဏာလုစစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနရဲ့ စာရင်းတစ်ခုတည်းသာဖြစ်ပြီး မြေပြင်အခြေအနေဟာ အဲဒီစာရင်းတွေထက် များပြားနိုင်ပါတယ်။
ပိုးတွေ့လူနာတွေထဲမှာ သေဆုံးသူဦးရေဟာလည်း နေ့စဉ် ၈ ဦးကနေ ၁၀ ဦးခန့်အထိရှိနေပြီး သေဆုံးနှုန်း ၁၀ ဦးအောက်ကျဆင်းတာ ရက်ပိုင်းသာရှိပါသေးတယ်။
ကိုဗစ်ရောဂါဖြစ်ပွားချိန် ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့ ပြည်သူတချို့ဟာ Mask တပ်ဖို့ လက်မကြာခဏဆေးဖို့ ခပ်ခွာခွာနေဖို့ စတဲ့စည်းကမ်းချက်တွေကို လိုက်နာနိုင်မှုလျော့နည်းလာတာ တွေ့ကြရပါတယ်။
အထူးသဖြင့် လူစည်ကားတဲ့ဈေးတွေ ဘတ်(စ်)ကားမှတ်တိုင်တွေ အလှူမင်္ဂလာအခမ်းအနားတွေအပါအဝင် လူစုလူဝေးနဲ့ ခရီးသွားတာ ဘုရားဖူးထွက်တာ စတဲ့နေရာတွေမှာ ကိုဗစ်စည်းကမ်းတွေ လိုက်နာမှုအားနည်းလာကြတာလည်း ဖြစ်ပါတယ်။လပြည့်နေ့ ၊အခါကြီးရက်ကြီးတွေမှာဆိုရင်လည်း ပြည်သူကိုတန်ဖိုးထားတဲ့အစိုးရ မရှိတော့တဲ့နောက်မှာ ကိုဗစ်ကိုဂရုမစိုက်တော့ဘဲ တရုန်းရုန်းနဲ့ပြန်လုပ်လာကြတာကိုတွေ့ရပါတယ်။
သည်ကြားထဲ စစ်ကောင်စီလက်အောက်ခံ ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တချို့ရဲ့ ကျန်းမာရေးအတွက် လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်မျိုးတွေလည်း လုပ်လာပါတယ်။ အဲဒါကတော့ Mask တပ်ပြီးလမ်းပေါ်ထွက်ရင်း အစစ်အဆေးခံရတာ ဒဏ်ရိုက်ခံရတာတွေပဲဖြစ်ပါတယ်။ ပြီးတော့ ပြည်သူဆွေကိုသာအာဏာသိမ်း စစ်ကောင်စီက ကိုဗစ်နဲ့ပတိသပ်ပြီး ဂရုတစိူက်လုပ်မပေးကြပေမယ့် တပ်တွင်းညွန်ကြားချက်တွေမှာတော့ ကိုဗစ်စတုတ္ထုလှိုင်းကူးစက်မခံရအောင် စစ်ကောင်စီတပ်သားတွေကို ညွန်ကြားထားတာတွေြရပါတယ်။
“အခုက mask တပ်လို့ ဒဏ်ရိုက်တာကလည်း တကယ်ရှိနေတယ်။ ဘာတွေမှန်းကို မသိတော့ဘူး”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ညည်းတွားပါတယ်။
ကိုဗစ်အန္တရာယ်ကနေကာကွယ်ဖို့ Mask တပ်ရမှာလား ဒါမှမဟုတ် စစ်ကောင်စီရဲ့အန္တရာယ်ကနေရှောင်ကွင်းဖို့ Mask မတပ်ဘဲသွားရမှာလား ဝေဝေဝါးဝါးဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
ရောဂါကူးစက်မှုလမ်းကြောင်း ဘယ်လိုရှိတယ်ဆိုတာမသိရသေးပေမယ့် ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၅ ရက်ကပဲ တစ်ရက်တည်းမှာ မန္တလေးက ဆရာမ ၁၉ ဦးပိုးတွေ့ခဲ့ပါသေးတယ်။
ပြီးတော့ တစ်နေရာတည်းမှာ လူအစုအလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှုတွေထဲက ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အထက်တန်းကျောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်တန်းကျောင်းတွေလည်းပါဝင်ခဲ့ပါတယ်။
ရောဂါကူးစက်မှုနှုန်း ကျဆင်းလာတယ်ဆိုပေမယ့် ပြည်သူလူထုကြားမှာ ရောဂါပြန့်နှံ့မှု ဆက်ရှိနေသေးတဲ့အတွက် ကိုဗစ်စည်းကမ်းတွေလိုက်နာကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းကြပါတယ်။
အထူးသဖြင့် ဗီဇပြောင်းပိုးသစ် Omrico ကို အာဖရိကမှာတွေ့ထားတာကြောင့် မျိုးဗီဇပြောင်းပိုးသစ်ဟာ နောက်ထပ်ကိုဗစ်ကူးစက်မှုလှိုင်းတစ်ခု အချိန်မရွေးဖြစ် လာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်စုတုတ္ထလှိုင်းကို သတိထားကြားဖို့ အခုရက်ပိုင်းမှာပဲ ထပ်မံသတိပေးထားပါတယ်။
အဓိကကတော့ အိမ်အပြင်ထွက်တိုင်း Mask တပ်ဖို့ လက်ကိုမကြာခဏဆေးဖို့ လူစုလူဝေးရှောင်ပြီး ခပ်ခွာခွာနေဖို့ စတဲ့စည်းကမ်းချက်တွေကို လိုက်နာကြဖို့ပဲ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ပြည်သူတွေရဲ့အသက်ကို တန်ဖိုးမထားဘူးဆိုတာ ကိုဗစ်တတိယလှိုင်းမှာ အထင်အရှားပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေတစ်ဦးချင်းက
ကပ်ရောဂါဘေးကင်းဝေးဖို့ပညာရှင်တွေတိုက်တွန်းထားတဲ့အတိုင်း ဘယ်အခြေအနေရောက်နေရောက်နေ ပါးစပ်နှာခေါင်းစီးတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေကြဖို့ မမေ့ဖို့လိုပါတယ်။


















































