■အကြမ်းဖက်စစ်ခေါင်းဆောင်က ရန်ကုန်ကတ်သလစ်ဂိုဏ်ချုပ်ဆရာတော်၏ ငြိမ်းချမ်းစည်းလုံးရန်အကြံပြုစကားကို ကောင်းစွာနားထောင်ပါသည်။ တွေ့ဆုံမှုအပြီး နာရီပိုင်းအကြာတွင် ခရစ်ယာန်ဘာသာဝင် ကရင်တိုင်ရင်သားများ အများစုနေထိုင်ရာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ဗုဲးကြဲပြီး လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခဲ့ခြင်းလုပ်ရပ်ဖြင့်ဖြစ်ပါသည်။
အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ခရစ္စမတ်သဝဏ်လွှာပါး ၊ကျပ်သိန်း ၂၀၀ လက်ခံပြီး ပြုံးရွှင်စွာဖြင့်ကိတ်မုန့်အတူလှီးခဲ့သော ရကုန်ကတ်သလစ်ဂိုဏ်ချုပ်ဆရာတော်ကြီးကာဒီနယ် ချားလ်စ်ဘို၏ လုပ်ရက်အပေါ် ခရစ်ယာန်ဘာသာဝင်များအပါအဝင် မြန်မာပြည်သူများက အပြင်းအထန်ဝေဖန်ပစ်တင်နေကြသည်။

ကာဒီနယ်ချားလ်စ်ဘိုသည် ဒီဇင်ဘာ ၂၃ ရက်တွင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကတ်သလစ်ဂိုဏ်ချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက် (ရန်ကုန်)တွင် ပြုံးပြုံးရွှင်ရွှင်ဖြင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ခရစ္စမတ်သည်ကား ကျက်သရည်အဖြာဖြာယုတ်ခဲ့ပြီ။ချားလ်စ် မောင်ဘိုသည်ကား ခရစ်တော်ကိုငြင်းပယ်ခဲ့ပြီ”ဟု ပြည်သူတစ်ဦးကလည်း ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

Public Service Announcement
တိုင်းမ်ဂ္ဂဇင်း၏ ၂၀၂၁အတွင်း ကမ္ဘာတွင် သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် ၁၀၀ တွင် ရွေးချယ်ခံရသော မြန်မာအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ကချင်တိုင်းရင်းသူ မအက်စတာဇနောကလည်း

“Catholic ဘာသာဝင်အများစုဖြစ်ကြတဲ့ ကရင်နီမောင်နှမတွေ ဒီကာလပိုင်း စစ်ဒဏ်အပြင်းအထန်ခံကြရတော့ လူသားချင်းကူညီကယ်ဆယ်ရေးအတွက် ဗာတီကန်ပါဝါနဲ့ အထောက်အပံ့ရကောင်းရဲ့၊ ကိုယ့်သိုးတွေရဲ့နာကျင်မှုကိုတော့ လျစ်လျူမရှုကောင်းရဲ့လို့ အားတင်းမိနေကာမှ မြန်မာနိုင်ငံကိုယ်စားလှယ်ကြီးက ယောက်မမြင်းစီးထွက်လာပါရောလား။ တစ်ယောက်တည်းလားဆို “ကိတ်ခွဲမယ့်ဓားလေးနဲ့ပါ” လို့ ဖြေရမယ်ကိန်း။ သိုးတွေကိုကာကွယ်ရမယ့်အစား သူခိုးဓါးရိုးကမ်းသစ္စာဖောက်နေတဲ့ လက်ထောက်သိုးထိန်းလက်အောက်မှာ ဘယ်သိုးကများ လုံခြုံနိုင်ပါလိမ့်မလဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလို၊ လူမျက်နှာကြည့်ပြီး သူရဲဘောကြောင်တဲ့ ခေါင်းဆောင်ဆိုသူတွေနဲ့တော့ ခက်တယ်”ဟု ရေးသားထာသည်။
ဆက်လက်၍ အက်စတာဇနောက “ကျမတို့အမှတ်ရ ရမှာက – လူတစ်ဦးတစ်ယောက်ဟာ ဘာသာရေးတစ်စုံလုံးကို ကိုယ်စားမပြုဘူး။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟာ ဂိုဏ်းဂဏနဲ့ လူတစ်ယောက်ရဲ့ ရွေးချယ်မှုအပေါ်မမူတည်ဘူး။ ဘုရားသခင်ရဲ့ မျှော်လင့်ခြင်း၊ ချစ်ခြင်း
မေတ္တာတွေအပေါ် ကိုယ်တိုင်နားလည်သိမှတ်တဲ့ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်းသာလျင် အဓိကကျတယ်။ အားမလျော့ပဲ ဆက်လျှောက်ကြမယ်”ဟု ပြည်သူများကို တိုက်တွန်းထားသည်။ အက်စတာဇနောသည် အာဏာသိမ်းစစ်အုပ်စုပြုတ်ကျရေး ၊ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ရေးအတွက် တက်ကြွစွာ ကြိုးပမ်းနေသူတစ်ဦးလည်းဖြစ်သည်။
ကာဒီနယ်ချားလ်စ်ဘို၏ လုပ်ရပ်အပေါ်ဝေဖန်ပစ်တင်သူအများစုက ဆာလံကျမ်း အခဏ်းကြီး (၁)၊ အခဏ်းငယ် (၁) မှ (၂ )အထိ့ ကိုးကား၍ ရေးသားပြောဆို ထောက်ပြကြသည်ကိုလည်းတွေ့ရသည်။ “မတရားသောသူတို့၏ တိုက်တွန်းခြင်း သို့ မလိုက်။ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့် မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ မတရားသောသူတို့မူကား ထိုကဲ့သို့ မဟုတ်။ လေ တိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသော သူတို့ သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ အ ကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရား သိကျွမ်းတော်မူ၏။ မတရားသော သူတို့ ၏လမ်းသည် ဆုံးရှုံးခြင်း သို့ ရောက်ရလိမ့်သတည်း” ဟု ဆာလံ-၁တွင် ဖော်ပြထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ ဒုတိယဝန်ကြီး ကိုမော်ထွန်းအောင်ကလည်း ချားလ်စ်ဘို၏ လုပ်ရပ်အပေါ် ” မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတု့်၏လမ်းတွင်မရပ်မနေ ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ မင်းအောင်လှိုင်နှင့် ကိတ်မုန့် မခွဲ၊ ထာဝရဘုရားသခင်၏တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည်မင်္ဂလာရှိ၏ ။ ဆာလံ ၁ ( MIV version)”ဟု ရေးသား၍ ဝေဖန်ထားသည်။
မြန်မာနိုင်ငံရှိ လွတ်လပ်သော ကက်သလစ်ဘာသာဝင်များ( ICJM)က လည်း ကာဒီနယ်ချားလ်စ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံခြင်းသည် ကတ်သလစ်ပါဘာသာဝင်များအနေဖြင့် အင်မတန် ထိတ်လန့်တုန်လှုပ် ဝမ်းနည်း စိတ်ပျက်ရသည်ဟု ယနေ့ သဘောထားထုတ်ပြန် သည်။
အဆိုပါ တွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ် ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များအားဖြင့်ဖြစ်စေ အသိအမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တကွ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ICJM အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံခဲ့သည့် ကာဒီနယ်ချားလ်စ်ဘို၏ လုပ်ရပ်သည် အကြမ်းဖက်အာဏာ သိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု ICJMက ပြင်းပြင်းထန်ထန်ထောက်ပြလိုက်သည်။
ICJM သည် တရားမျှတမှုအတွက် ရပ်တည်သော အဖွဲ့အစည်းဖြစ်သည့်အလျှောက် မတရားမှုကို ကျူးလွန်နေသောသူများနှင့်ပူးပေါင်းနေသူများအား ချွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်အတူအမြဲ ရပ်တည်သွားမည်ဟု လည်းဆင်လက်ဖော်ပြ သည်။
ကာဒီနယ်ချားလ်စ်ဘိုက အကြမ်းဖက်ခေါင်းဆောင်ကို ခရစ္စမတ်သဝဏ်လွှာပါးရာတွင်၂၀၁၇ နိုဝင်ဘာက ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မြန်မာပြည်ခရီးစဥ်တွင် နိုင်ငံရေးခေါင်းဆောင်များ၊သံတမန် များ ၊မြန်မာပြည်သူများကို တွေ့ဆုံရာတွင် ပထမဆုံးတွေ့ခဲ့သူမှာ မင်းအောင်လှိုင်ပင်ဖြစ်ကြောင်း တကူတကထုတ် ပြောခဲ့သည်ကို တွေ့ရသည်။
အကြမ်းဖက်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့ခြင်းအပေါ် ကာဒီနယ်ချားလ်စ်ဘိုက အကြောင်းပြနိုင်သောအချက်တစ်ချက်အဖြစ် ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်ခေါင်းဆောင်ကိုတစ်ခုတျုက်တွန်းခဲ့သည်ကို တွေ့ရသည်။
“မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု ၊စည်းလုံးတိုးတက်မှုများ ရရှိစေရန်အတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွတ်မှု ၊ အပြန်အလှန်လေးစားမှု ၊အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ ၊စစ်မှန်ရိုးသားသောတွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးပါသည်။မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်က ရန်ကုန်ကတ်သလစ်ဂိုဏ်ချုပ် ဆရာတော်၏အကြံပြုစကားကို ကောင်းစွာနားထောင်ပါသည်။ တွေ့ဆုံမှုအပြီး နာရီပိုင်းအကြာတွင် ခရစ်ယာန်ဘာသာဝင် ကရင်တိုင်ရင်သားများအများစုနေထိုင်ရာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ဗုဲးကြဲပြီး လက်နက်ကြီးများဖြင့်တရစပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပင်။ထိုကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ ဒဏ်ရာရရှိခဲ့လေသည်။
“ချားလ်စ်ဘို နဲ့တွေ့ပြီးရော ခရစ္စမတ်မှာ ခရစ်ယာန်အများစုနေတဲ့ကရင်တွေကိုဗုံးပါကြဲလိုက်ရော အိမ်း ဘုရားသခင် မအလ ကိုကောင်းကင်ဘုံသာအမြန်ခေါ်ပါစေ အာမင်” ဟု လူထုနွေဦး၏ စာဖတ်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။
ထိုအပြင် ၎င်းတို့ နှစ်ဦး တွေဆုံသောနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင် ကလေးမြို့နယ် နတ်ချောင်းရွာကို တိုက်လေယာဥ်များဖြင့်ပစ်ခတ်ပြီး တစ်ရွာလုံးကို မီးလိုက်ရှို့နေချိန်လည်းဖြစ်သည်။
RVA Myanmar ကတ်သလစ်ဘုရားကျောင်းကလည်း ယနေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဒီဇင်ဘာ ၁၃ ရက်က မိန့်ကြားခဲ့သောစကားတစ်ခွန်းကိုကောက်နှုတ်၍ ၎င်းတို့ဖေစ်ဘွခ်စာမျက်နှာတွင်တင်ထားလေသည်။
” ဘဝဟာ ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အချိန်တစ်ခုဖြစ်တယ်။ အသေးအဖွဲ ရွေးချယ်မှုဟာ အသေးအဖွဲဖြစ်လာမှာ ဖြစ်သလို ၊ ကြီးမားသော ရွေးချယ်မှုဟာလည်း ကြီးမားမှု ဖြစ်လာလိမ့်မယ်။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုမှာ ကျွန်ုပ်တို့ဖြစ်လာတယ်။ ဘုရားရှင်ကို ရွေးချယ်ကြပါ ။ ကိုယ်တော်ဟာ သူ့အချစ်၌ ကျန်ုပ်တို့ကို တနေ့တခြား တိုးတတ်စေတယ်။ ကျွန်ုပ်တို့ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိစေပါတယ် “ဟု ဖြစ်သည်။
အကြမ်းဖက်ခေါင်းဆောင်နှင့် ပြည်တွင်းခရစ်ယာန်ဘာသာရေးခေါင်းဆောင်တို့မှာ စိတ်လိုလက်ရပုံစံပြုံးရွှင်စွာဖြင့် အလှူငွေများပေးအပ် ၊လက်ခံ ၊ကိတ်မုန့်အတူလှီးသော သတင်းဓါတ်ပုံများထွက်ပေါ်လာသောအခါ ပြည်သူအများစုက ဒေါသထွက် ၊အံသြမှင်သက်၊စိတ်အသက်မသာဖြစ်ခဲ့ကြရခြင်းဖြစ်သည်။ ထိုလုပ်ရပ် ကာဒီနယ်ချားလ်စ်ဘို၏ ယခင်က ရှိခဲ့သောကောင်းမွန်သောပုံရိပ်များကိုပင် အချိန်တိုအတွင်းပျက်စီးစေခဲ့ပြီဖြစ်လေသည်။
“မင်းအောင်လှိုင် တရက် သက်တမ်းကြာလေ ပုန်းနေတဲ့ မိစ္ဆာတွေ ထွက်လာလေဘဲ။အရင်တုန်းက ချားလ်ဘို မျက်နှာကို တည်ကြည် အေးချမ်းတဲ့ မျက်နှာသွင်ပြင်လို့ ထင်ခဲ့တာ အခုတော့ မင်းအောင်လှိုင်နဲ့ မျက်နှာတူ ကောက်ကျစ်သူရုပ်ပေါက်သွားတယ်။ခရစ်ယာန် ဘာသာဝင်တွေ အသတ်ခံရ၊မုဒိမ်းကျင့်ခံရ၊ ရွာမီးရှို့ခံရတဲ့အချိန်မှာ တရားခံနဲ့ ဘုန်းတော်ကြီး ပြုံးပျော်လို့ …ဒီပွဲက မိစ္ဆာတွေ အကုန်ရှင်းမယ့်ပွဲ ဆိုတာ ကြာလေ ကြိမ်းသေလေဘဲ”ဟု ပြည်သူတစ်ဦးကလည်း ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။


















































