Connect with us

Hi, what are you looking for?

ဆောင်းပါး

■စစ်​ကောင်စီရဲ့အင်တာနက်​သုံးစွဲမှုထိန်းချုပ်ရန်အားထုတ်​​နေမှုနောက်ကွယ်…

မြန်မာနိုင်ငံသည် အာဏာမသိမ်းခင်က ကမ္ဘာ့ပေါ်တွင် မိုဘိုင်းအင်တာနက်ဈေးနှုန်း အသက်ဆုံးနိုင်ငံများစာရင်းတွင် အဆင့်၃၅ တွင်ရပ်တည်​နေပြီး ပျမ်းမျှတစ်ဂဂ္ဂါဘိုက် (1GB)လျှင်ကျပ် ၁၀၀၀ခန့်သာရှိခဲ့သည်။

နိုင်ငံတွင်း သတင်းစီးဆင်းမူကို နှေး​ကွေးစေရန်၊ အခြေခံလူတန်းစားများ အင်တာနက်ကို အလွယ်တကူမသုံးစေရန် နှင့်စစ်​ကောင်စီတပ်​အောက်​​ခြေ စစ်သားမိသားစုဝင်များအင်တာနက်ကို လက်လှမ်းမမီ​စေရန် အာဏာသိမ်းစစ်ကောင်စီကအင်တာနက်ဈေးနှုန်းများကိုမြှင့်တင်လိုက်သလို၊ ဆင်းကတ်​ဈေးတက်​အောင်အခွန်တိုး​ကောက်လိုက်သည်။

မြန်မာနိုင်ငံသည် အာဏာမသိမ်းခင်က ကမ္ဘာ့ပေါ်တွင် မိုဘိုင်းအင်တာနက်ဈေးနှုန်း အသက်ဆုံးနိုင်ငံများစာရင်းတွင် အဆင့်၃၅ တွင်ရပ်တည်​နေပြီး ပျမ်းမျှတစ်ဂဂ္ဂါဘိုက် (1GB)လျှင်ကျပ် ၁၀၀၀ခန့်သာရှိခဲ့သည်။

သို့​သော်စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် မိုဘိုင်းအင်တာနက်အသုံးပြုခဈေးနှုန်းများကိုစစ်​ကောင်စီက နှစ်ကြိမ်တိုင်​ဈေးတက်ပြီး အာဏာမသိမ်းခင်ကထက်နှစ်ဆကျော်​ဈေးတက်သွားပြီဖြစ်သည်။ထိုအပြင် အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မူလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကိုး ၁၅ ရာခိုင်နှုန်း နှင့် ဆင်းကတ်တစ်ခုရောင်းချမူနှင့် စတင်အသုံးပြုမူရန် ဝန်ဆောင်မူအပေါ်ကို ကုန်သွယ်လုပ်ငန်းခွန်ဆိုကာကျပ် နှစ်သောင်းထပ်မံ​တောင်းယူလာသည်။

အခွန်​ခေါင်းစဥ်မျိုးစုံပြကာ​ ပြည်သူ့ထံမှငွေ​တောင်းခံမှုကြောင့် မိုဘိုင်အင်တာနက်ဈေးနှုန်းများသာမက ဖိုက်ဘာအင်တာနက် (FTTH)များအပါအဝင် အခြားအင်တာနက်ဝန်ဆောင်မူများပါ ဈေးတက်ရန်ရည်ရွယ်ခြင်းပုံရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင်သည် နိုင်ငံရေးမတည်ငြိမ်သည့်အာဏာရှင် နိုင်ငံများတွင် လူထုကို ဖိနှိပ်သကဲ့သို့ အင်တာနက်ဈေးနှုန်းများကို မြင့်တင်ပြီး သတင်းအ​မှောင်ချရန် ၊စစ်​ကောင်စီအတွက် အခွန်​ငွေပိုရရန်ကြိုးစားလာနေခြင်းဖြစ်သည်။ အာဏာသိမ်းမှု​ကြောင့်နိုင်ငံ့စီးပွား​ရေး​​​စောက်ထိုးကျဆင်း​နေပြီး ပြည်သူများဝင်​ငွေနည်း၊အလုပ်အကိုင်များဆုံးရှုံး ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို အလူးအလဲခံနေရချိန်တွင် ​ရေနစ်ချိန် ဝါးနှင့်ထိုးသလိုဖြစ်​နေသည်။

အင်တာနက် သုံးစွဲရန်ကန့်သတ်မှုများကို ခေတ်သစ်လူ့အခွင့်အရေးချိုးဖောက်မူဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ဝန်ကြီးဌာနကတို့က ​ပြောကြားသည်။

အင်တာနက်ဈေးနှုန်းများမြင့်တက်လာခြင်းက တပ်တွင်း သတင်းမှားများ ဖြင့် ထိန်းချုပ်ရန်ဖြစ်ပြီး၊​အောက်​ခြေစစ်သားနှင့်မိသား စုများသတင်းမှန်မသိစေရန်ရည်ရွယ်သည်ဟုလည်း CDMဗိုလ်ကြီး လင်းထက်အောင်ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝန်း ၎င်းတို့ကျူးလွန်သည့် လူသတ်မူ၊ နေအိမ်မီးရှို့မူများ ၊ လူအခွင့်အရေးချိုးဖောက်မူများကို ဖုံးကွယ်ရန်အတွက် နိုင်ငံတွင်း သတင်းစီးဆင်းမှုကို ဖြတ်​တောက်ရန် နည်းပေါင်းစုံးအသုံးပြုလုပ်ကိုင်နေသည်။

အာဏာသိမ်းခါစတွင် နိုင်ငံတဝန်းအင်တာနက်များကို ဖြတ်တောက်ခဲ့သည်။ နိုင်ငံအတွင်းစီးပွားရေးလည်ပတ်မူများနှင့် သတင်းစီးဆင်းမူများ ရပ်သွားခဲ့သည်။ လက်ရှိအချိန်ထိလည်း နိုင်ငံအတွင်း တော်လှန်​ရေးအားကောင်းသည့် ဒေသအများစုကို အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများဖြတ်တောက်
ထားဆဲသည်။

အာဏာသိမ်း စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခဲ့ခြင်း၊လူမှုကွန်ယက်များကို ကန့်သတ်ခြင်း ၊သတင်းအချက်အလက်ထိန်းချုပ်ခြင်းများကြောင့် ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့​ကြောင်း ဗြိတိန်အခြေစိုက် ဒစ်ဂျစ်တယ် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ လေ့လာသည့်အဖွဲ့ Top10VPNက ဇန်နဝါရီလဆန်းတွင်ထုတ်ပြန်ထားသည်။ ထိုပမာဏသည် ကမ္ဘာပေါ်တွင် အင်တာနက်ဖြတ်တောက်မူကြောင့် ထိခိုက်ဆုံးရှုံးမူ အများဆုံးပမာဏဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းအမှားများသည် လူမူကွန်ယက်များပေါ်တွင် သက်ရောက်မူမရှိခြင်း၊ အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမူများက လူမှုကွန်ယက်များပေါ်တွင် အားကောင်း​နေခြင်းကြောင့်လူမှုကွန်ယက်နှင့် အင်တာနက်သုံးစွဲမှု​လျော့ကျ​အောင်နည်းမျိုးစုံဖြင့်ကန့်သတ်နေခြင်းဖြစ်သည်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက အင်တာနက်ကို သူတို့ရဲ့ ရန်သူလို့ မြင်နေတယ်။ သူတို့က နည်းပညာကို မလိုက်နိုင်။ မသိနိုင်တော့ အခြားသူတွေကိုလည်း မသုံးနိုင်အောင် ကန့်သတ်နေတာလို့မြင်တယ်” ဟု အင်တာနက်ကို အခြေခံလုပ်ကိုင်နေသည့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ မန်​နေဂျာတစ်ဦး ကပြောသည်။

အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သူများ အင်တာနက်မရဘဲ အဆက်အသွယ်ပြတ်တောက်စေရန်၊ သတင်းအချက်လက် စီးဆင်းမူ လျော့နည်းစေရန်၊ အာဏာသိမ်းမူကို ဆန့်ကျင်သူများက ဆောင်ရွက်နေသည့် အွန်လိုင်း ကမ်းပိန်းများ လျော့ကျလာစေရန်နှင့် ဝင်ငွေနည်းပြည်သူများ အင်တာနက်မသုံးစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒေါ်ယမင်းကသုံးသပ်သည်။

မိုဘိုင်းအင်တာနက်ဈေးနှုန်းများနှင့်ပတ်သတ်ပြီး မြန်မာနှင့် ဒေသတွင်း အိမ်နီးခြင်းများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် 1GBကို ကျပ် ၆၀၀ကျော် သာရှိသည်။ ဗီယက်နမ်သည် ကျပ် ၈၀၀ကျော်ရှိသည်။

ကမ္ဘာပေါ်တွင် မိုဘိုင်းအင်တာနက် ဈေးအပေါဆုံးမှာ အစ္စရေးနိုင်ငံဖြစ်ပြီး 1GBကို ကျပ်ငွေ ၉၀ကျော် သာရှိသည်။ ဈေးအကြီးဆုံးနိုင်ငံမှာ အီကွေတိုရီရယ်ဂီနီဖြစ်ပြီး 1GBကို ကျပ် ၉သောင်းကျော် ကျသည်။

နိုင်ငံအတွင်းစစ်ရေးပဋိပက္ခဖြစ်နေသည့် အိသီယိုပီးယားနိုင်ငံသည် ဖိုင်ဘာအင်တာနက်ဈေးနှုန်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်သည်။ ၎င်းနိုင်ငံသည် ဖိုင်ဘာအင်တာနက်အတွက် တစ်လလျှင် ကျပ်ငွေရှစ်သိန်းကျော် အသုံးပြုရသည်။ နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများတွင် အစိုးရများက အင်တာနက်ဈေးနှုန်းများကို အဆမတန်ဈေးမြင့်တင်ထားလေ့ရှိသည်ဟု တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ မန်နေဂျာကိုနေစိုးကပြောသည်။

မိုဘိုင်းအင်တာနက်ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် မိုဘိုင်းငွေပေးချေသည့်စနစ်များ၊ အွန်လိုင်းစနစ်သုံး ဝန်ဆောင်မူလုပ်ငန်းများ၊အွန်လိုင်းစနစ်ကို မှီခိုနေရသည့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကိုထိခိုက်စေသည်။

“အင်တာနက်ခတွေ ဈေးတက်လို့ ဒီလို စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပါစေ။စစ်တပ်ကတော့ သူတို့ အာဏာတည်မြဲဖို့တခုတည်းပဲ ကြည့်တယ်။ကိုဗစ်ရောဂါတတိယလှိုင်းတုန်းကတည်းက သူတို့ သရုပ်မှန်ပြောပြီးသားပါ ”ဟု အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ လက်အောက်ခံစစ်သားနှင့် စစ်သားမိသားစုများကို အင်တာနက်မှ သတင်းအချက်အလက်များမရစေရန်အတွက်လည်း ရည်ရွယ်ထားသည်ဟု CDM စစ်သားများနှင့် စစ်သားမိသားစုဝင်များကပြောသည်။

“စစ်သည်အသိုင်းအဝိုင်းပေါ် တော်တော်ရိုက်ခတ်ပါတယ် social media နဲ့ စစ်တပ်ရဲ့အောက်ခြေကို အဆက်ဖြတ်လိုက်သလိုပါပဲ ချက်ချင်းတော့မသက်ရောက်ပေမယ့် တဖြည်းဖြည်းချင်းသက်ရောက်ပါလိမ့်မယ် နဂိုတည်းက အမှန်ကိုမသိပဲအမှောင်ဖုံးနေတာ စစ်တပ်ကပြောတာကိုပဲ တစ်ဖက်သတ်ကြားရပြီး အာဏာရှင်နောက်အများကြီးထပ်ရောက်သွားပါလိမ့်မယ်” ဟု CDMဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။

လက်ရှိတွင် စစ်တပ်ထဲတွင် ဆိုရှယ်မီဒီယာမသုံးရန် ကန့်သတ်မူများရှိနေခြင်းနှင့် မိုဘိုင်းအင်တာနက်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဂိမ်းဆော့ရုံမှ တစ်ပါး ဖေ့ဘွခ် အသုံးပြုခြင်းမရှိတော့ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စစ်သားတစ်ဦး ၏သားဖြစ်သည့် အသက် ၂၇ အရွယ်ကိုလင်းထက် (အမည်လွှဲ) ကပြောသည်။

စစ်​ကောင်စီတပ်သားအများစုသည် နည်းပညာမတက်ကျွမ်းခြင်းကြောင့် လက်ရှိ ပြင်ပကမ္ဘာတွင်ဖြစ်ပျက်နေသည်များကို မသိရှိဘဲမိသားစုတွင် ပညာတတ်သားသမီးတစ်ဦးဦးရှိမှသာ ပြင်ပတွင်ဖြစ်​နေသည်ကိုသိရှိနိုင်ကြသည်ဟု ၎င်းက​ပြောသည်။

ထိုပြင် အခြားစစ်သားတစ်ဦးက သားတစ်ယောက်ဖြစ်သည့် ကိုဝေယံကလည်း တပ်တွင်း၌ မြန်မာ့အသံ (MRTV)၊ မြဝတီ(MWD)နှင့် မဟာဗောဓိ ရုပ်သံများကိုသာ အကြည့်များပြီး အင်တာနက်ခဈေးတက်ခြင်းသည့် မဆိုင်သလိုသာရှိနေသည်ဟုဆိုပါသည်။

“Dataဈေးတက်တာ သူတို့နဲ့မဆိုင်သလိုပဲ အမေဆိုရင် 1GBဝယ်ထားပေးတာ တလလုံးတောင်မကုန်ဘူး။ လူငယ်ပိုင်းလောက်ကျတော့ အသံမထွက်ရဲဘူး၊ ကြိတ်ခံကြတယ်”ဟု ကို​ဝေယံက သူအ​တွေ့အကြုံကို​ပြောသည်။

ထိုအပြင်မိုဘိုင်းအင်တာနက်ဈေးနှုန်းမြင့်တက်ခြင်းသည် ဈေးလျော့ပေးနေသည့် Mytel ကိုတပ်မိသားစုများ ပိုမိုသုံးလာစေရန်ဖြစ်သည်ဟု CDMပြုလုပ်ထားသည် ဗိုလ်ကြီး ညီသုတကလည်း ပြောသည်။

“အခုချိန်မှာ ပိတ်ပင်တာထက်စာရင် ပိုပြီးထိန်းချုပ်ဖို့ သူတို့အောက်မှာရှိတဲ့ ဆက်သွယ်ရေးကွန်ယက်ကို တပ်မိသားစုတွေ ပိုပြိး​ရွေးချယ်လာအောင်လို့ ယူဆပါတယ် ”ဟု ၎င်းကဆိုသည်။

အခြားမိုဘိုင်းအော်ပရေတာ ကုမ္ပဏီများက စစ်ကောင်စီသတ်မှတ်သည့်နှုန်းအတိုင်း ဈေးနှုန်းများကို သတ်မှတ်ထား​သော်လည်း စစ်တပ်ပိုင် မိုင်တဲလ်အော်ပရေတာကမူ ဈေးနှုန်းများလျှော့ပေးခြင်း၊ ကံစမ်းမဲများ ပေးခြင်းတို့ဖြင့် ဆွဲဆောင်နေသည်။ အော်ရီဒူးအော်ပရေတာက 1GBလျှင် ၁၉၉၉ကျပ် ၊ တယ်လီနောက 1GBလျှင် ၁၉၉၉ကျပ် သတ်မှတ်ချိန်တွင် မိုင်တဲလ်အော်ပရေတာက ၁၇၇၀ကျပ်ဖြင့်ရောင်းချနေသည်။

အများပြည်သူသုံးဆက်သွယ်ရေး ဝန်ဆောင်မူလုပ်ငန်းများမှ အခွန်အခဝင်ငွေများသည် အကြမ်းဖက်စစ်အုပ်စု၏ အဓိကဝင်ငွေဖြစ်ပြီး ပြည်သူများကို သတ်ဖြတ်ရန် လက်နက်ဝယ်ယူရန် ကြံရွယ်နေခြင်းဖြစ်သည်ဟု NUGက​ထောက်ပြထားသည်။

တယ်လီနောက စစ်ကောင်စီက အခွန်တိုးကောက်ခြင်းသည် မိုင်ဘိုင်းဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေး ကုမ္ပဏီ (ISP)များ အားလုံးအပေါ်သက်ရောက်မည်ဟုထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လူ့အခွင့်အရေးဝန်ကြီး ဌာနကလည်း အင်တာနက်အခွင့်အရေးချိုးဖောက်သူများကို အနီးကပ်စောင့်ကြည့်နေပြီး လူပုဂ္ဂိုလ်များနှင့် အစုအဖွဲ့များကို အရေးယူနိုင်ရန်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်သည်။

စစ်တပ် အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်အင်တာနက်အသုံးပြုမှု လွတ်လပ်ခွင့် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိသွားသည်။ အင်တာနက်သုံးစွဲမှုသည် ခေတ်သစ်ကမ္ဘာတွင် မရှိမဖြစ်လိုအပ်သောကြောင့် ဈေးနှုန်းကြီးမြှင့်သော်လည်း ဆက်လက်သုံးဆွဲရမည်ဟု ရန်ကုန်မြို့တွင်နေထိုင်တွင် အသက် ၂၄နှစ်အရွယ် ကိုရဲရင့်(အမည်လွှဲ)ကပြောသည်။

သို့​သော်စစ်​ကောင်စီကအင်တာနက်သုံးစွဲမှုကိုထိန်းချုပ်ရန်ကြိုးပမ်းမှုမှာ ၎င်းတို့မ​မျှော်လင့်ထား​သောရလဒ်ကိုရ​စေရန်တွန်းအားလည်းဖြစ်လာ​ရေပါသည်။စစ်ကောင်စီက ပြည်သူလူထု၏ အင်တာနက်အသုံးဆွဲမှုကို ယခုကဲ့သို့ ထိန်းချုပ်နေခြင်းသည် လူငယ်များအပေါ် အာဏာရှင်လှန်ရေးကို အဆုံးထိသွားရန် တွန်းအားပေးနေသည်ဟု လူငယ်များက​ပြောသည်သည်။ လူငယ်များသည် အင်တာနက်သုံးဆွဲမှုဖြင့် ကြီးပြင်းလာသူများဖြစ်၍ အင်တာနက်ကို ထိန်းချုပ်နေသည့် စစ်ကောင်စီမှာ၎င်းတို့၏ အကြီးမားဆုံးရန်သူဟု ထင်ထင်ရှားရှားမှတ်ယူလာ​စေ​သော​ကြောင့်ဖြစ်သည်။

“ဒီလုပ်ရပ်က စစ်တပ်က နိုင်ငံနဲ့ ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ အဖွဲ့အစည်းဆိုတဲ့ လူငယ်တွေ အသိတရားမှာ ပိုခိုင်မာလာတယ်။ မြန်မာနိုင်ငံမှ သူတို့ကို မောင်းထုတ်ပစ်မှ ရမယ်၊ သူတို့ ရှိနေရင် ဒုက္ခတွေ၊ သောကတွေ ထပ်ပေးနေဦးမှာ။ ဒါကြောင့် တော်လှန်ရေးက ပြည်သူတွေ နိုင်မှရမယ်” ဟု ကိုရဲရင့်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။