မေ-၄၊၂၀၂၆၊ရှိန်း/ People’s Spring
တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာမို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ရုံးလုပ်ငန်းတွေဆောင်ရွက်ရန်မှ လွဲ၍ ကျန်အသုံးပြုမှုများကို မေလ၃ ရက်ကစတင် ပိတ်သိမ်းထားဖို့ အင်းတော်မြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအရ Starlink ဝိုင်ဖိုင်တွေကို ယာယီပိတ်ခြင်းဖြစ်ပြီး အသုံးပြုပါက သတိပေးတာ၊သိမ်းဆည်းတာ တွေလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းတွေက အင်းတော်မြို့ကိုပြန်ထိန်းချုပ်ပြီး မေလ ၃ရက်မှာ မော်လူးမြို့နယ်ဘက်ကိုဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
” မနေ့က ပင့်တင်ရွာဘက်ကနေ အင်အား ၂၀၀လောက် စစ်ကြောင်း ထွက်လာတယ်။ဒရုန်းတွေ ဆက်တိုက်ချပြီး စစ်ကြောင်း တွေဝင် နေတာ။ဒေသခံ တွေကတော့ အကုန်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် မော်လူးမြို့နယ်ကို ထိုးစစ်ဆင်နေကာ မန္တလေးမြို့ဘက်ကနေလည်း စစ်တပ်က အင်အားတွေ ထပ်ပို့နေတယ်လို့ သိရပါတယ်။


















































