Connect with us

Hi, what are you looking for?

ဆောင်းပါး

“စစ်အာဏာရှင်ဖျက်ဆီးခဲ့​သော နိုင်ငံ့စီးပွား​ရေးအ​ဆောက်အအုံ”

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတွင်း ဒီမိုကရေစီလိုလားသူများကို နှိပ်ကွပ်ရန်အတွက် နိုင်ငံစီးပွားရေး အခြေခံအုပ်မြစ်များကို အာဏာသိမ်းထားသည့် တစ်နှစ်အတွင်း တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ခဲ့သည်။

● “မကြာခင်မှ တိုင်းပြည်မှာ အကြီးမားနဲ့အဆိုးဆုံး စီးပွားရေးပျက်ကပ်ကြီးကလာတော့မယ်။ စီးပွားရေးက တစ်နှစ်အတွင်းမှာ ဆယ်စုနှစ် တစ်ခု ၊နှစ်ခုနှစ်စာလောက် နောက်ပြန်သွားတဲ့ အနေအထားဖြစ်နေပြီ”-စီးပွား​ရေးလုပ်ငန်းရှင်တစ်ဦး

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း နိုင်ငံ့သမိုင်းတလျောက် အကြီးမားဆုံးစီးပွားရေးကျဆင်းမှုကို ကြုံတွေ့နေရသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတွင်း ဒီမိုကရေစီလိုလားသူများကို နှိပ်ကွပ်ရန်အတွက် နိုင်ငံစီးပွားရေး အခြေခံအုပ်မြစ်များကို အာဏာသိမ်းထားသည့် တစ်နှစ်အတွင်း တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ခဲ့သည်။

ထိုကြောင့် နိုင်ငံတွင်း ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းခြင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးအခြေခံအဆောက်အဦးများကို ပျက်စီးခြင်း၊လုပ်ငန်းများစွာရပ်နားသွားခြင်း ၊အွန်လိုင်းအ​ခြေပြုလုပ်ငန်းများ ​သေဆုံးသွားခြင်း၊ အလုပ်အကိုင်​ပေါင်းသန်းနှင့်ချီ ပြုတ်သွားခြင်း၊ ဘဏ်လုပ်ငန်းစနစ်ပျက်စီးခြင်းစသည့် အာဏာသိမ်းခဲ့တစ်နှစ်အတွင်း အလျှင်အမြန်ဖြစ်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ပွဲပဋိပက္ခများ ကျယ်ပြောလာမှု၊ နိုင်ငံခြားငွေလဲလှယ်နိုင်မှု ၊ ဘဏ္ဍာရေး အခက်အခဲ၊ လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်စည်ပို့ဆောင်ရေးနှင့် အင်တာနက်ရရှိမှု အခက်အခဲတို့သည် အာဏာသိမ်းထားသည့် တစ်နှစ်အတွင်း ပို၍မို၍ ဆိုးရွားလာသည်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်-ADB, IMFစသည့် နိုင်ငံတကာအဖွဲ့အစည်းများက စစ်တပ်အာဏာသိမ်းခဲ့သည့် တစ်နှစ်အတွင်း တိုင်းပြည်စီးပွားရေးသည် ၂၀၂၁တွင် ၁၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်ဟုထုတ်ပြန်ခဲ့သည်။ ထိုနှုန်းသည် မြန်မာ့သမိုင်းတလျောက် အဆိုးဝါးဆုံးကျဆင်းမူဖြစ်သည်။ မြန်မာ့စီးပွားရေးသည် COVID-19 နှင့် အာဏာသိမ်းမှုများ မဖြစ်ပေါ်ခဲ့လျှင် ရှိရမည့် နှုန်းထက် ၃၀ ရာခိုင်နှုန်းလျော့နည်း ကျုံဝင်သွားခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

ကမ္ဘာ့ဘဏ်က ဇန်နဝါရီလတွင်းထုတ်ပြန်ခဲ့သည့် စီးပွားရေစောင့်ကြည့်မှု အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အားနည်းနေဆဲဖြစ်ပြီး ၂၀၂၂ခုနှစ်တွင် စီးပွားရေးတိုးတက်နှုန်းသည် ၁ ရာခိုင်နှုန်းသာရှိမည်(၂၀၂၁ နှင့် နှိုင်းယှဥ်လျှင် ၁ ရာခိုင်နှုန်းသာတက်နိုင်)ဟုဆိုထားသည်။သို့​သော် ၂၀၂၂ခုနှစ်သည် ၂၀၁၉ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းလျော့သွာမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ သို့​သော်ယခုနှစ်တိုးတက်နိုင်သည်ဆို​သော ၁ ရာခိုင်နှုန်းမှာ တိုက်ပွဲများ ၊ မီးပျက်မှုများ ၊​ ငွေ​ကြေး​ဖောင်ပွမှုများ ယခုထက်ပိုမိုဆိုးရွားလာပါက ထို​အောက်​လျော့နည်းသွားနိုင်​သေး​ကြောင်း ကမ္ဘာဘဏ်က ခန့်မှန်းထားသည်။

“မြန်မာနိုင်ငံက ပြည်သူတွေအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလများအတွက်ခန့်မှန်းရမယ်ဆိုရင် အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာရှိပါတယ်”ဟု ကမ္ဘာ့ဘဏ်​၏ မြန်မာ၊လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ညွန့်ကြားရေးမှူးမာရီယမ်ရှာမန်ကပြောသည်

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း တစ် သန်းကျော် ဆုံးရှုံးခဲ့ရပြီး နိုင်ငံ​၏ ဆင်းရဲမွဲတေမှု နှစ် ဆမြင့်တက်သွားသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။တစ်နှစ်အတွင်း စီးပွား​ရေးကဏ္ဍပြိုကျခြင်းအပါအဝင် ပညာ​ရေး၊လူသားလုံခြုံ​ရေး၊ကျန်းမာ​ရေး၊လူမှု​ရေး ကဏ္ဍအားလုံးတွင် ဆိုးဆိုးရွားရွားအ​ခြေအ​နေ ကြုံ​တွေ့​နေခြင်း​က နိုင်ငံမှာကျရှုံးနိုင်ငံဖြစ်​နေပြီဖြစ်​ကြောင်းလည်း သုံးသပ်သူများလည်းရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီလိုလားသူများကို ဘဏ္ဍာရေးအထောက်အပံ့ဖြတ်တောက်ရန် ဘဏ်များမှ ငွေထုတ်ခွင့်ယူကန့်သတ်ခဲ့သည်။ထိုကြောင့် ပြည်တွင်းဘဏ်များရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။ ဆယ်စုတစ်ခုကျော်တည်ဆောက်ခဲ့သည့် ဘဏ်များအပေါ် လူထုယုံကြည်မှုက တစ်နှစ်အတွင်းပျောက်ဆုံးသွားသည်။

ထိုအပြင် အင်တာနက်ဖြတ်တောက်ခြင်း၊မိုဘိုင်း​ဒေတာကြောင့် ဖွံဖြိုးစဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများကို ရိုက်ချိုးပစ်ခဲ့သည်။ တိုးတက်မူအားကောင်းနေသည့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ ငွေပေးချေမူများ အားလုံးနီးပါး အကျပ်ခိုက်ခဲ့သည်။ ဒီဂျစ်တယ်ငွေပေးချေမူအပေါ် မှီခိုလုပ်ကိုင်နေသည့် အသေးစားစီးပွားရေးလုပ်ငန်းများ မှ လုပ်ငန်းကြီးများအထိ အခက်အခဲများကြုံတွေ့ခဲ့ရသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် တစ်နှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအားလုံးနီးပါး ရပ်တန့်ခဲ့ရသည်။ တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်မှုကို နိုဝင်ဘာလတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ကုန်သည်တင်ပို့ရန် အခက်အခဲအမြောက်အများရှိနေဆဲဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ခုနှစ်တွင် ယခင်နှစ်ထက် ကုန်သွယ်မူ ဒေါ်လာ ၇ဘီလီယံကျော်လျော့နည်းခဲ့သည်ဟုဆိုသည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ကုန်သွယ်မူ ဒေါ်လာ ၃၇ ဘီလီယံခန့်ရှိပြီး စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃၀ ဘီလီယံအောက်ကို ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့​သော် လက်​တွေ့တွင် စစ်​ကောင်စီ၏ ကိန်းဂဏန်းအချက်အလက်များမှာ မယုံကြည် ရသဖြင့် ထိုထက်ပင် အ​ခြေအ​နေပိုဆိုးနိုင်သည်။

“ဘဏ်စနစ်အဆင်မပြေလို့ ပို့ကုန်လုပ်ငန်းတွေ အများကြီးရပ်လိုက်ရတယ်”ဟု ပို့ကုန်လုပ်ငန်းရှင် ဦးမင်းမင်း(အမည်လွှဲ)ကပြောသည်။

ပို့ကုန်ရငွေ ဒေါ်လာများကို စစ်ကောင်စီဘက်မှ ဈေးနိမ့်ထားသည့် ပြည်တွင်းဘဏ်များကို အဓမ္မရောင်းချစေခြင်းနှင့် နိုင်ငံတကာဘဏ်များချိတ်ဆက်လုပ်ကိုင်ရန်အခက်အခဲများကြောင့်ဟု၎င်းကသုံးသပ်သည်။

အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်လုပ်ငန်းများကို ၎င်းတို့ဒေါ်လာလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ပို့ကုန်ရငွေများကို ပြည်တွင်းကိုမဖြစ်မနေယူဆောင်ရန်နှင့် တစ်လအတွင်း ပြည်တွင်းဘဏ်များတွင် ရောင်းချရန် အဓမ္မဖိအား​ပေးခဲ့သည်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းများကို ပြည်တွင်းဘဏ်များတွင် ပြည်ပပေါက်ဈေးထက် ဈေးနှိမ့်ဖွင့်ရန် အမိန့်ထုတ်ထားသည်။ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ခန့်ရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က တစ်ဒေါ်လာပေါက်ဈေးကို ၁၇၇၈ ကျပ်သာ ဇန်နဝါရီ ၂၈ ရက် ဈေးဖွင့်ထားသည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများလည်း ရပ်တန့်ကုန်သည်။ စီးပွားရေးလုပ်ငန်းသစ်ထပ်မံချဲ့ထွင်မှုများလည်း ပျောက်ကွယ်သွားသည်။

အရပ်သားအစိုးရလက်ထက် တန်ဖိုးမြှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများလည်းနိုင်ငံတွင်းမှ တခုပြီးတခုထွက်ခွာကုန်ကြသည်။ ဥပမာ ဂျာမဏီအခြေစိုက် မက်ထရို ၊အိန္ဒိယအ​ခြေစိုက် ADANI ၊​နော်​​​​ဝေ
အ​ခြေစိုက် တယ်လီ​နော ၊ပြင်သစ်အ​​ခြေစိုက် တိုတယ်အန်တာဂျီ ၊ ဗြိတိန်အ​​ခြေစိုက် SAVOY ဟိုတယ်လုပ်ငန်းစသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမူများအသီးသီး ပြန်လည်ထွက်ခွာကုန်သည်။ နိုင်ငံဝင်ငွေ ထက်ဝက်ခန့်ကို ရှာဖွေပေးနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးတွင်လည်း နာမည်ကျော်ရေနံကုမ္ပဏီကြီးများဖြစ်သည့် Total၊ Chevron ၊ Woodsideစသည်တို့လည်း တစ်ခုပြီးတစ်ခုနှုတ်ထွက်ကုန်သည်။ နိုင်ငံခြားကုမ္ပဏီအကြီးအ​သေး​ပေါင်း တစ်​သောင်း​ကျော်ရှိရာတွင် ၂၀၀၀ ​ကျော်မှ တစ်နှစ်အတွင်းနှုတ်ထွက်သွားသည်။

စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမူ သိသိသာသာလျော့လာပြီး ယခင်ဆောင်ရွက်သည့် နွေရာသီမီးမပျက်စေရေးအတွက် လျှပ်စစ်စီမံကိန်းများ ရပ်တန့်လာသည်။

“ ပြည်ပ LNGတင်သွင်းတာ၊ ပြည်တွင်းက ဓာတ်ငွေ့ထုတ်တော့ အကျပ်ရိုက်ကုန်ပြီ။ မကြာခင်နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မူအကြီးအကျယ်ကြုံတွေ့ရလိမ့်မယ်”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်းနေဂျင်းဒါရိုက်တာ ဦးကျော်ကျော်( အမည်လွှဲ) ကပြောသည်။

နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ တရက်နှင့် တရက်ပိုမို အ​ခြေအ​နေဆိုးလာပြီး ယခင်ကတစ်ရက်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၅၀၀ကျော်ကို နေ့စဉ် ထုတ်လုပ်နိုင်သော်လည်း အာဏာသိမ်းထားသည့် တနှစ်ပြည့်ခါနီးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မူသည် မဂ္ဂါဝပ် ၃၀၀၀အောက်ကိုကျဆင်းလာသည်။

“နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး အကြီးအကျယ် အကြပ်ရိုက်နေတယ်၊ နောက်ပိုင်းဒီထက်ပိုဆိုးလာလိမ့်မယ်”ဟု ဦးကျော်ကျော်ကပြောသည်။

လျှပ်စစ်နှင့် အင်တာနက်ပြတ်တောက်မှုများက စိုးရိမ်ဖွယ်မြင့်တက်လာပြီး သတင်းစီးဆင်းမှုနှင့် ဈေးကွက်ချိတ်ဆက်မှု များလျော့ကျလာသည်။ အင်တာနက်ဈေးနှုန်းများကို စစ်ကောင်စီက တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့်လည်း ကုန်ထုတ်လုပ်မူ ကုန်ကျစရိတ် သိသိသာသာမြင့်တက်လာပြီး လုပ်ငန်းများကိုပိုမိုအ​ခြေအ​နေဆိုး​စေသည်။

ယခင်တည်ငြိမ်ခဲ့သည့် ​ဒေသများတွင် လုံခြုံရေးအခြေအနေပျက်ပြားလာပြီး စီးပွားရေးလုပ်ငန်းများ ဆက်သွယ်လုပ်ဆောင်နိုင်မူလည်း ပျောက်ဆုံးသွားသည်။ ရင်းနှီးမြှပ်နှံမူများ လုပ်ဆောင်ရန် ယုံကြည်မူများနှင့် စိတ်ဝင်စားမှုများ ဆိတ်သုဉ်းသွားသည်။စစ်တပ်အာဏာသိမ်းမူကြောင့် ရင်းနှီးမြှပ်နှံမူနှင့် စီးပွားရေးတိုးချဲ့မှုများက ၂၀၂၁ ဖေဖော်ဝါရီလကတည်းကပင် ရပ်ဆိုင်းခဲ့သည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

အာဏာသိမ်းမှုနှင့်အတူ တရားဥပဒေစိုးမိုးမှုလျော့ကျလာခြင်းနှင့်အတူ တရားမဝင်ရွှေတူးဖော်မှု၊ ကျောက်စိမ်းနှင့်မြေရှားတူးဖော်မှု စသဖြင့် နိုင်ငံ့သယံဇာတများကို ​ဈေး​ပေါ​ပေါဖြင့် ထုတ်​ရောင်းချမှုများ၊တရားမဝင်လုပ်ငန်းများ၊လာဘ်စားမှုများက ကြောက်မက်ဖွယ်ကောင်းအောင် များပြားလာသည်။

စစ်ကောင်စီက အာဏာသိမ်းထားသည့် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဝင်ရောက်ခဲ့သည်ဟု ကြွေးကြော်ခဲ့သည်။သို့သော်
လည်း ထိုပမာဏများသည် အရပ်သားအစိုးရလက်ထက်က ခွင့်ပြုသားလုပ်ငန်းများသာဖြစ်သည်။ ဥပမာ အားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိဧရာဝတီတိုင်း မီးလောင်ချိုင့်ရှိ LNG ဓာတ်အားပေးရေးစီမံကိန်းသည် တရုတ်သမ္မတ ရှီကျင်းပင် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကြား သဘောတူထားသည့် စီမံကိန်းဖြစ်သည်။ သို့သော်လည်း ထိုစီမံကိန်းကို စစ်ကောင်စီက ၎င်းတို့ခွင့်ပြုပေးခဲ့သယောင် ထုတ်ပြန်ထားသည်။

ငွေသားစီးဆင်းမှု၊ ချေးငွေနှင့် နိုင်ငံခြားငွေကြေးရရှိနိုင်မှု အကျပ်အတည်းများပိုမို ကြီးမားလာသည်။ ၂၀၂၁ စက်တင်ဘာလတွင် ကျပ်ငွေတန်ဖိုးထိုးကျဆင်းခြင်းကြောင့် လောင်စာဆီ၊ ကုန်ထုတ်လုပ်မှုအတွက်ကုန်ကြမ်းဈေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ တိုးမြှင့်လာရ​ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာကဆိုသည်။ ၂၀၂၁ စက်တင်ဘာ တွင် ငွေကြေးဖောင်းပွမူ ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်ဟု ကမ္ဘာဘဏ်က ဇန်နဝါရီလတွင်ထုတ်ပြန်သည် အစီရင်ခံစာတွင်ဖော်ပြထားသည်။

စစ်တပ်အာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ၁၃၃၇ကျပ်ရှိရာမှ တစ်နှစ်အတွင်း တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အထိရှိလာသည်။ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လကို ၂၇၀၀ ကျပ်အထိစံချိန်တင်မြင့်တက်ခဲ့သည်။

လောင်စာဆီဈေးနှုန်းမှာလည်း စစ်တပ်အာဏာမသိမ်းခင်က အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၉၅ ကျပ်ရှိရမှာတစ်နှစ်အတွင်း ၁၇၀၀ကျပ်နီးပါး နှစ်ဆ​ကျော် မြင့်တက်လာခဲ့သည်။

စစ်တပ်အာဏာသိမ်းမူကြောင့် လက်လီကုန်သွယ်မှု၊ အပန်းဖြေလုပ်ငန်း၊ သယ်ယူပို့ဆောင်းလုပ်ငန်းများလည်း ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ လုပ်ငန်းအားလုံးနီးပါး ရောင်းအားပမာဏနှင့် အကျိုးအမြတ်သိသိသာသာလျော့ကျလာသည်။ လုပ်ငန်းများသည် ငွေသားစီးဆင်းမှု၊ ကုန်ကြမ်းရနိုင်မှု၊ ဘဏ်ဝန်ဆောင်မှု၊ အင်တာနက် အသုံးပြုနိုင်မှု စသည့် နေရာများ အခက်အခဲများစွာရင်ဆိုင်နေရသည်။

ကမ္ဘာ့ဘဏ်က ၂၀၂၁ခုနှစ်အောက်တိုဘာလတွင် ကုမ္ပဏီပေါင်း ၅၀၀ကျော်ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ စစ်အာဏာသိမ်းမူကြောင့် လုပ်ငန်းအားလုံး၏ ၆၆ ရာခိုင်နှုန်းသည် စီးပွားရေးလုပ်ငန်းများ လျော့ကျခဲ့သည်ဟု​ဖြေဆိုကြသည်။ လုပ်ငန်းထက်ကျော်က ရှေ့ဆက်လုပ်ကိုင်ရန် မလွယ်ကူတော့ဟုဝန်ခံထားသည်။

“မြေပြင်မှာလုပ်ရာတာက လုပ်ငန်းလည်ပတ်ရုံပဲ၊ဝန်ထမ်းလစာပေးရုံပါပဲ။ ဝန်ထမ်းတွေ အလုပ်ပြုတ်မှာစိုးရိမ်လို့ ဆက်လုပ်နေတာပါ။ ဘာမှ လုပ်ငန်းဆက်လုပ်လို့လဲမရဘူး။” ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးက​ပြောသည်။

အာဏာသိမ်းထားသည့် တနှစ်အတွင်း စစ်ကောင်စီအတွက်ဘဏ္ဍာငွေလိုအပ်ချက်ကြီးမားလာပြီး ဘဏ္ဍာငွေရရှိမှု သိသိသာသာထိုးကျခဲ့သဖြင့် ဘတ်ဂျတ်သုံးစွဲနိုင်မှုလည်း ​လျော့ကျသွားသည်။
ယခင်က အခွန်ရရှိမှု နှင့် GDPအချိုးသည့် ၆ ဒသမ ၉ရာခိုင်နှုန်းရှိရာမှ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည်။ ဘဏ္ဍာရေးလိုငွေမှာ ၂၀၂၀တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁တွင် ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာသည်။ ထိုပမာဏသည် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က​ထောက်ပြထားသည်။

“လအတန်ကြာ ပညာသင်ခွင့် ပြတ်တောက်မှုနဲ့အတူ အလုပ်လက်မဲ့နှုန်းမြင့်တက်လာမှု ၊ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေကြောင့် ရေရှည်မှာ လူသားအရင်းအမြစ်၊ ကျွမ်းကျင်မှု နဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်”ဟု ကမ္ဘာဘဏ်၊ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ် အဒ်ဝဒ်ကပြောသည်။

လက်ရှိတွင် သယံဇာတတူးဖော်မှုများ ပိုများလာသောကြောင့် သဘာဝဘေးအန္တရာယ်နှင့် ဆိုးကျိုးများအတွက် ကုန်ကျစရိတ်များ ပိုများလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။ထိုအပြင် မြန်မာနိုင်ငံတွင်ကမ္ဘာကပ်​ရောဂါ အိုမိခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများသည် နောင်လများအတွင်း တိုးမြှင့်လာနိုင်သည်ဟု ကမ္ဘာဘဏ်ကဆိုထားသည်။

စစ်တပ်အာဏာသိမ်းလိုက်ခြင်းနှင့်အတူ စစ်ကောင်စီက စီးပွားရေးစနစ်များကို ကျန်းမာရေး၊ ပညာရေးစနစ်များနှင့်အတူ ဖျက်ဆီးပစ်ခဲ့သည်။ နိုင်ငံအတွင်း ဘဏ္ဍာရေးလုပ်ငန်း၊ ငွေကြေးဝန်ဆောင်လုပ်ငန်း၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စသည့် ကဏ္ဍအသီးသီးတွင် အနှုတ်လက္ခဏာသာပြခဲ့သည်။

အာဏာလုထားသည့် စစ်ကောင်စီတွင် စီးပွားရေးကို ပြန်လည်ကောင်းမွန်လာအောင် ဖြေရှင်းနိုင်ရန် စွမ်းဆောင်ရည်မှာ မရှိဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။

“ဘဏ်စနစ်ကို ဘယ်လို ပြန်လည်ပတ်အောင်လုပ်မလဲဆိုတာ။ သူတို့မှာ အိုင်ဒီယာကောင်းမရှိဘူး။ ရှိလဲ လူထုက ယုံကြည်မယ်မထင်ဘူး။ ဒါက စီးပွားရေးအရဖြေရှင်းလို့ရမယ့် ပြသနာမဟုတ်ဘူး၊နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြသနာ”ဟု ပြည်တွင်းရှိ နိုင်ငံခြားဘဏ်တစ်ခုမှ အရာရှိတစ်ဦးကမှတ်ချက်ပေးသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ စဉ်းစားထားပြီး စီးပွားရေးသာမက ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကို လစ်လျူရှုပြီး ဖျက်ဆီးနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များကသုံးသပ်သည်။

“အခုလည်ပတ်နေတာလဲ မတတ်သာလို့ ရုန်းကန်နေကြတာပါ။ မကြာခင်မှ တိုင်းပြည်မှာ အကြီးမားနဲ့အဆိုးဆုံး စီးပွားရေးပျက်ကပ်ကြီးကလာတော့မယ်။ စီးပွားရေးက တစ်နှစ်အတွင်းမှာ ဆယ်စုနှစ် တစ်ခု ၊နှစ်ခုနှစ်စာလောက် နောက်ပြန်သွားတဲ့ အနေအထားဖြစ်နေပြီ”ဟု ဦးကျော်ကျော်က မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။