Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စပါးမစိုက်​နိုင်တော့ဘဲ စစ်တိုက်ကြရ​မယ်

“ မိုးအလာ စောတော့ မိုးနှမ်းလည်းမျှော်လို့ရတယ် မိုးပြန်အထွက် ဆောင်းနှမ်း လည်း မျှော်လို့ရတယ်” လို့ ဘုတလင် မြို့နယ်က စိုက်မျိုးရေးသမားလည်းဖြစ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring ကိုပြောပါတယ်။

● အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းက ​ကျေးရွာ​ပေါင်းများစွာကို မီး​တင်ရှို့ပြီး​တော့ မိုးရာသီမတိုင်ခင် ထိန်းချုပ်မယ်​လို့ကြွေး​ကြော်ကာ ဆိုးရွား​တဲ့ဖျက်ဆီးမှု​တွေ​​နေ့စဥ်ရက်ဆက်ပြုလုပ်​နေပါတယ်။စစ်တိုက်တာထက် ပြည်သူ့နေအိမ်​တွေကို မီးလိုက်ရှို့​နေတာကိုဦးစား​ပေးလုပ်​နေတဲ့
အကြမ်းဖက်စစ်​တပ်ရဲ့ တတိယအကြိမ်ထိုးစစ်ဆင်မှုကို ရင်ဆိုင်​နေရတဲ့ စစ်ကိုင်းအတွက် အာရုံစိုက်မှုနဲ့ကူညီမှုအရင်ကထက်ပိုလိုအပ်​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီနှစ် မိုးမှန်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းမယ်လို့ တောင်သူတွေက ခန့်မှန်းခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်တာကာလ မိုးခေါင်ခဲ့တာကြောင့် ဒီနှစ်မှာမိုးမှန်မယ်လို့ တောင်သူတွေက သူတို့ အတွေ့အကြုံအရ ခန့်မှန်းတာပါ။ တကယ်တမ်းလည်း အခု မေလထဲမှာ လေပြင်းတွေနဲ့အတူ အညာဒေသ နေရာ တစ်ချို့ကို မိုး ချဥ်းကပ် ဝင်ရောက်လာတာမို့ ယခင်နှစ်တွေကထက်စာရင် မိုးစောတယ်လို့ ပြောနိုင်ပါတယ်။

“ မိုးအလာ စောတော့ မိုးနှမ်းလည်းမျှော်လို့ရတယ် မိုးပြန်အထွက် ဆောင်းနှမ်း လည်း မျှော်လို့ရတယ်” လို့ ဘုတလင် မြို့နယ်က စိုက်မျိုးရေးသမားလည်းဖြစ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring ကိုပြောပါတယ်။

မေလ ၃ ရက်နေ့ညက ဘုတလင်မြို့နယ် နဲ့ ကနီနယ်စပ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ​​ဒေသခံPDF ​တွေတိုက်ပွဲ ဖြစ်​နေတုန်း လျှပ်စီးတွေနဲ့အတူ မိုးတွေရွာလာလို့ သူတို့အဖွဲ့ ပြန်ဆုတ်လာကြပါတယ်။

Public Service Announcement

Public Service Announcement

“ တောင်သူတွေအလုပ်အကိုင်ကောင့်းမဲ့အချိန်ကို ရွေးပြီးဖိတိုက်နေတာပဲဗျာ” လို့ သူက ပြောနေပါတယ်။ နှမ်းစိုက်တောင်သူတွေ အခုချိန် မိုးနှမ်းကျဲနိုင်ရင် နောက်သုံးလအတွင်းဟာ တစ်နှစ်တာငွေအရွင်ဆုံး အချိန်ဖြစ် တယ် လို့ သူက ရှင်းပြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ သူတို့ဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးဒေသကာကွယ်ရေးတပ်သား ဖြစ်တဲ့သူလည်း လယ်ကွင်းထဲပြန် မသွားနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး မိုးနောက်ကျတဲ့ အတွက် စိုက်ပျိုးရေးဒေသ အညာမှာ သီးနှံများစွာဆုံးရှုံးခဲ့ကြပါတယ်။ ဒီနှစ်ကတော့ ၅ နှစ်တာ အတွင်း ရာသီဥတုကောင်းမွန် တဲ့ နှစ်လို့ခန့်မှန်းနိုင် ကြောင်းရွှေဘို မြို့နယ်စိုက်ပျိုးရေးဌာန က အငြိမ်းစားတစ်ဦးကလည်းပြောပါတယ်။ ဒါပေမယ့် ဒီမိုးရာသီမှာ စစ်ကိုင်းမှာ စစ်မီးတွေ တောက်လောင်နေအောင် အာဏာသိမ်းစစ်တပ်က ဖန်တီးထားပါတယ်။

ဧပြီလကုန်ပိုင်းက စလို့ ဒီနေ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဟာ စစ်ကိုင်း တိုင်း မြောက်ပိုင်း ကလွဲလို့ မြို့အနှံ့ မှာထိုးစစ်တွေကို နေ့စဉ် မရပ်မနား လုပ်လာ ပါတယ်။ မိုး သည်းထန်စွာ မကျမှီ တောင်သူလယ်သမားတွေ စိုက်ပျိုးကောင်းမဲ့ အချိန်မှာ စစ်တပ်ရဲ့ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းထဲက ရွာများ စွာဟာ ပြာပုံဘဝ ရောက်ကြရပါတယ်။ အခုနှစ် စိုက်ပျိုးဖို့ မတွေးနိုင်တဲ့အပြင် အရင်နှစ်က သိုလှောင်သမျှ ​ကောက်ပဲသီးနှံ​တွေပါမီးလောင်ပျက်စီးသွားကြပါတယ်။

စစ်ဆင်ရေး အသေး စိတ် ကို အတိအကျမသိရပေမယ့် ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ သူလျှိုသတင်းပေးများဆီက သတင်း တွေအ ရ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း အလယ်ပိုင်းနဲ့အောက်ပိုင်း မြို့နယ်တစ်ချို့ကို မေလဆန်း မှာ “တံမြက်စည်းလှဲသလို နယ်မြေရှင်းလင်းဖို့” ၊ “လေကြောင်း ပစ်ကူ နှင့် တပ်ကူပစ်ကူယူဖို့” ၊ “ရွာ​တွေကိုမီးရှို့ဖျက်စီးတာကို မြို့နယ်အနှံ့တရစပ် ပြုလုပ်ဖို့” နဲ့ “PDF အသွင်ယူ လှုပ်ရှားအကြမ်းဖက်ဖို့ ” ဆိုတာတွေ ညွှန်ကြားထားတာတွေရှိတယ်လို့ မြေပြင်သတင်းနဲ့ PDF ပြန်ကြားရေးအဖွဲ့တွေက People’s Spring ကို ဖြေဆိုပါတယ်။

ဒါ​ပေမယ့်စစ်ကိုင်းတိုင်းက ​တော်လှန်​ရေးတပ်ဖွဲ့​တွေနဲ့ ပြည်သူ​တွေရဲ့ စိတ်ဓါတ်မာ​ကျော ပြင်းထန်မှုက​​နွေဦး​တော်လှန်​ရေးမှာစံပြ​ဒေသတစ်ခုဖြစ်ပါတယ်။ ၂၀၂၁ ​အောက်တိုဘာလက​နေ ဒီဇင်ဘာလအထိ့ စစ်​ကောင်စီရဲ့ အ​နော်ရထာ စစ်ဆင်​ရေး ၊၂၀၂၂ ​ဖေ​ဖော်ဝါရီ ၊မတ်လမှာ မတ်၂၇ (ဖက်ဆစ်​တော်လှန်​ရေး​နေ့) မတိုင်ခင် စစ်ကိုင်းတိုင်းကိုထိန်းချုပ်​ရေးဆိုတဲ့စစ်ဆင်​ရေး​တွေကို အကြီးအကျယ်အထိ့နာ​အောင်တုန့်ပြန်နိုင်ခဲ့ပါတယ်။ အခု မိုးရာသီမတိုင် ခင် မေလအတွင်း ထိန်းချုပ်​ရေးကို စစ်ကိုင်းတိုင်းကဘယ်လိုတုန့်ပြန်မယ်ဆိုတာလည်း မကြာခင်မြင်​တွေ့ရမှာဖြစ်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ကစလို့ မန္တလေး ကနေ စစ်ကိုင်းတိုင်းကို စစ်ကားအစီး ၉၀ ကျော် တက် ကနဦးတက်လာပြီးနောက် ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) လက်အောက်ခံ တပ်ရင်း တွေက စစ်ကိုင်းထိုး စစ်ကို ဆက်လက်အင်အားဖြည့် နေတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လက ကိန်းဂဏန်းတွေနဲ့သတင်းတွေ ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ အ​နောက်​မြောက်လွင်ပြင် မှာ စစ်တိုက်တာ ထက် မီးရှို့တာကိုပဲ အင်တိုက်အားတိုက်ပိုမိုလုပ်ဆောင်နေခဲ့ပါတယ်။ Data For Myanmar ဆိုတဲ့ NGO အဖွဲ့အစည်းက တိုင်း၊ပြည်နယ်အလိုက် မီးရှို့ခံရမှု စာရင်းတွေ ​မေလ (၁)ရက်က ထုတ်ပြန်ခဲ့ရာမှာ- စစ်ကိုင်း တိုင်း အတွင်း ဧပြီတစ်လတည်းမှာပဲ ခင်းဦးမြို့နယ်ထဲ ၅၂၉ အိမ် မီးလောင်ဖျက်ဆီးခံခဲ့ရသလို မင်းကင်းမှာလည်း ၄၀၉ အိမ် မီးလောင်တိုက်သွင်းခံ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဆုံးရှုံးမှုက စာရင်း​ကောက်ခံရသမျှသာဖြစ်ပါတယ် အင်တာနက်နဲ့ဖုန်းလိုင်း​တွေဖျက်ထားတာ​ကြောင့် သတင်းအချက်အလက်မရ​သေးတဲ့​နေရာ​တွေကျန်နိုင်​သေးပြီး ဒီထက်​တောင်ပိုများနိုင်ပါ​သေးတယ် ။

Data For Myanmar ပြုစုထားတဲ့အချက်အလက်​တွေအရ ၂၀၂၁ ​ဖေ​ဖော်ဝါရီ လ၁ ရက်က​နေ ၂၀၂၂ ဧပြီ ၃၀ အထိ့ စစ်​ကောင်စီတပ်က နိုင်ငံတစ်ဝန်းမီးရှို့ဖျက်ဆီးတဲ့​နေအိမ်​ပေါင်း ၁၁၄၀၀ ​ကျော်ရှိပါတယ်။အဲဒီထဲမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပါတယ်။စစ်ကိုင်းတိုင်းတစ်ခုတည်း ​နေအိမ်​ပေါင်း ၇၅၀၀ ​လုံးကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ​မေလဆန်းပိုင်းမှာ အကြမ်းဖက်တပ်က မီးရှို့ဖျက်ဆီးတာပိုများလာလို့ မကြာခင်မှာပင်စစ်ကိုင်တိုင်းတစ်ခုတည်း​နေအိမ်အလုံးတစ်​သောင်း​ကျော်သွားနိုင်ပါတယ်။

ခင်ဦးတစ်မြို့နယ်ထဲမှာ – ပျဉ်ထောင်၊ရွာသစ်ကုန်း၊ဒါန်းကုန်း၊မှန်တော်၊ကျွန်းလယ်၊သက်ပေး၊တမုတ်၊ ကုလားလူး၊ သဲကုန်းကြး၊ရှားလွင်၊ ငါးတင်းကြီး၊ မင်းဝံစိုက်ကွင်း၊ရွာသာရွာ၊သံဘို၊ အင်းပတ်ရွာ၊ကြာပင်အိုင် ဒီ ၁၇ ရွာလုံးကို စစ်တပ် က ဧပြီလထဲမှာပဲ တရစပ် မီးရှိုခဲ့တာကြောင့် ခနအတွင်းမှာပဲ ဆုံးရှုံးမှုကြီးလွန်းတယ်လို့ ခင်ဦးပကဖ အဖွဲ့ဝင် တစ်ဦးက မချိတင်ကဲ ပြောပါတယ်။ လူပေါင်းသောင်းနဲ့ချီစစ်ရှောင်ရပြီး တချို့တစ်ဝက်က နေရာအတည် အကျမရှိဘဲ လယ်ကွက်တွေမှာ စစ်ဘေး ရှောင်နေရ ပါတယ်။ ခင်ဦးမြို့ဟာ သန်းခေါင်စာရင်း – စာရင်းတွေအရ အမျိုးသမီး ဦးရေ အချိုးဟာ အမျိုးသားဦးရေထက်ပိုများပြီး သက်ကြီးရွယ်အိုနဲ့ကလေး အချိုးကလည်း ၄၀ ရာ ခိုင်နှုန်း ရှိတာကြောင့် မှီခိုသူ များပြားတဲ့ နယ်တစ်ခုအဖြစ်မျက်လုံး ထဲမြင်ကြည့်နိုင်ပါတယ်။

မေလမှာ​တော့ လအစတည်းက စစ်ကောင်စီတပ်တွေဟာ တစ်ရက်မှ အနားမပေးပါဘူး။ မေလ (၃)ရက်နေ့ညပိုင်း စစ်ကိုင်းတိုင်း ဒေသအချို့မှာ မိုးသည်းထန်စွာရွာနေပါတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန် ခင်ဦးမြို့နယ်ထဲက ယာတော၊ အင်ပတ်၊ကံသစ်၊ ဂွေးကုန်း ရွာတွေကို လက်နက်ကြီးနဲ့ တရစပ်ပစ်နေတာ ကြောင့် စစ်ရှောင်တွေဟာ မိုးရေထဲ လယ်ကွင်းတွေကိုဖြတ်သန်းပြီး ပြေးလွှားနေကြရပါတယ်။

“ ကျွန်တော် ဒီနေ့ရဲ့မြင်ကွင်းကို မေ့နိုင်မှာမဟုတ်တော့ဘူး” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ခင်ဦး မြို့နယ် အင်ပတ်ရွာသားတစ်ဉီးက ပြောပါတယ်။ သူတို့ရွာကို ဧပြီလကုန် တုန်းကမှ စစ်တပ်မီးဝင်ရှို့လို့ တစ်ရွာလုံး ပြာဖြစ်ခဲ့ ပါတယ်။ ရွာကိုပြန်လာပြီး နေရာချနေထိုင်နေတုန်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ထပ်ပြီး​တော့ထွက်ပြေးနေရတာပါ။ မိုးသည်းပြီး မှောင်မဲနေတဲ့ ည ၁၀နာရီမှာ အင်ပတ်ရွာ အပါအဝင် ရွာလေးရွာက စုစုပေါင်း လူ ၁၀၀၀ ကျော်ဟာ ဓါတ်မီးအလင်း​ရောင်အားကိုးပြီး နီးစပ်ရာ မီးမလောင်တဲ့ ရွာတွေကို သွားရောက်ခိုလှုံနေရ တယ် လို့ သူကပြော ပါတယ်။

“အိမ်မက်ပဲဖြစ်လိုက်ချင်တယ်။မနက်နိုးလာရင် ကျွန်တော်တို့ရွာတွေ၊ အိမ်တွေ၊စပါးတွေ ပြန်ရချင်တယ်” လို့ သူက လေးပင်စွာပြောနေပါတယ်။

People’s Spring ရဲ့ မေးမြန်းမှုတွေအရ ​မေလဆန်းမှာ အကြမ်းဖက် စစ်တပ်ဟာ မြင်းမှု၊ မြောင်၊အရာတော် ချောင်းဦး ၊ မုံရွာ၊ ရွေဘို၊ ဒီပဲယင်း နဲ့ဘုတလင် နယ်တွေမှာ နေ့စဉ်ရက်စက်တိုက်ပွဲတွေနဲ့ မီးရှို့ပွဲတွေ ဆက်တိုက်လုပ်တယ်လို့ စစ်ကိုင်းအနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစုမှာဦးဆောင်ပါဝင်နေသူ တစ်ဦး ပြောပါတယ်။ ယင်းမာပင်၊ကနီ၊ဆားလင်းကြီး၊ဘုတလင် ၊ရေဦး၊တန့်ဆည်၊ ကလေး နဲ့ ကလေးဝ မြို့တွေကိုလည်း ဒီ နှစ်ပါတ်အတွင်း စစ်တပ်ကအပြင်းအထန် ဖျက်ဆီး​နေတာပါ။

ကျေးရွာတွေဆက်တိုက်မီးရှို့ ဖျက်ဆီးခံ​နေရတာ​ကြောင့် ပကဖ တွေ ၊ ဒေသခံPDF​တွေက ထွက်​ပြေးတိမ်း​ရှောင်ရသူ​​တွေကိုကူညီတာ ၊မီးငြှိမ်းသတ်​ပေးတာ​တွေကိုပါ ကူညီလုပ်​ပေး​နေကြရပါတယ်။

“တိုက်စစ်မဖော်နိုင်သေးဘူး၊ ခံစစ်အနေအထားနဲ့ပဲ စစ်တပ်လာ ရင်ဆုတ်ခွာရတာ” လို့ ဒီပဲယင်း PDF ခေါင်းဆောင် တစ် ဦးကဆို ပါတယ်။ မီးရှို့ပြီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်တာ ကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိနေပေမယ့် ဒါတွေကလည်း ရွာ​တွေမီးရှို့ခံရတဲ့ပမာဏနဲ့ယှဥ်ရင် မကာမိဘူးလို့ သူက မှတ်ချက် ပေးပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာတွေကိုခြောက်လှန့်ရုံ မီးရှို့တာတင်မက ပြည်သူတွေ ရွာကိုပါ စွန့်သွားတဲ့အထိ တိုက်ခိုက်နေတာလို့ သူကပြောပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေမှာ ယခုနှစ်စိုက်ပျိုးဖို့မတည်ငြိမ်သေးတဲ့အပြင် အရင်နှစ်က သိုလှောင် ထားသမျှပါ​မီးထဲပါ သွား တာကြောင့် လက်ဗလာသာရှိပါတော့တယ်။ မေလ ၁ရက်နေ့က ခင်ဦးနယ်က ရွာတစ်ရွာမှဦ အိမ်ခြေ ၁၈၀ လောက်မီးရှိုခံရပြီး စပါးတင်း ၅၀၀ လောက်မီးထဲပါသွားခဲ့တယ်လို့ကျေးရွာသားတစ်ဉီးက ဆိုပါတယ်။

“ဘယ်လောက်ဆုံးရှုံး သွားလဲဆို အား လုံးပါပဲ၊ အားလုံးဆုံးရှုံးသွားလို့ စာရင်း တောင်မလုပ်နိုင်တော့ဘူး “လို့ သူက စိတ်ပျက်လက်ပျက်နဲ့ပြောပါတယ်။

စစ်ကိုင်းအတွင်း နေ့စဉ်တိုက်ပွဲနဲ့ ဆုံးရှံးမှုသတင်းတွေများပြားတာကြောင့် ပြည်တွင်းသတင်းဌာနတွေကလည်း အလျင်မှီအောင်မဖော်ပြနိုင်ပါဘူး။ တိုင်းအတွင်းမှာ မတ်လ တည်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရလဒ်ကြောင့် သတင်းစီးဆင်းမှုကလည်း အင်မတန်နှေးကွေးနေပါတယ်။ မြေပြင်တော်လှန်ရေးအဖွဲ့တွေဟာ တိုက်ရိုက်ထုတ်လွှင့်ဖို့၊ ဗီဒီယို သက်သေဖြန့်ဝေဖို့မပြောနဲ့ လူမှုကွန်ယက်ပေါ်ဓါတ်ပုံတင်ဖို့တောင်အခက်အခဲရှိနေ အောင် စစ်ကောင်စီက ထိုးနှက်ထားပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ကျေးလက်ဒေသမှာ တော်လှန်ရေးအင်အားစုတွေအင်အားတဖြည်းဖြည်းကောင်းလာပေမယ့် အရေးပါတဲ့ စစ်ကိုင်း၊ရွှေဘို၊ ဒီပဲယင်း၊ကန့်ဘလူ၊အရာ‌တော် ဒီလိုမြို့ကြီးတွေကို​တော့စစ်ကောင်စီက ထိန်းချုပ်ထားနိုင်နေပါတယ် ။ စစ်ကောင်စီတပ်တွေဟာ သူတို့ကို ထောက်ခံမှု အားသာခဲ့တဲ့ ရွာတွေကို ပျူစောထီး ရွာတွေအဖြစ်လျှင်လျှင်မြန်မြန် ပြောင်းလဲနေပြီး လူ ဒေသခံတွေ ကြားမှာ သွေးခွဲ ရန်တိုက်ပေးတာ မျိုးကြောင့် စစ်ကိုင်းတိုင်းမှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ ဖြိုး​ရေးပါတီ ​ထောက်ခံသူတွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေဟာ ကမ္ဘာမကျေရန်သူတွေဖြစ်လာကြပါတယ်။

ပြီးခဲ့တဲ့မတ်လနောက်ဆုံးအပတ်က စစ် ကောင်စီဟာ လူပေါင်း ၄၀၀ ကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းဆောင်ရည်ဆု တစ်ခုဖြစ်တဲ့ “ ရဲဗလ” ဆုပေးအပ်ခဲ့ပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းက -အုပ်ချုပ်ရေးမှုးနဲ့အရပ်သား ဦးရေ ၇၀ နီပါးနဲ့အစိုးရဝင်ထမ်း ၁၀၀ ခန့် ကို “ရဲဗလ” ဆုပေးအပ်ခဲ့ပါတယ်။ ဆုရသူအချို့က အာဏာလု​စစ်​ကောင်စီအတွက်အလုပ်လုပ်ရင်း အသတ်ခံရပြီး မရှိကြ​တော့​ပေမယ့် စစ်​ကောင်စီ​ကဆု​ပေးတာဖြစ်ပါတယ်။

စစ်ကောင်စီက​တော့ ထောက်ခံသူ တွေကို ပြည်သူ့စစ်အဖွဲတွေဖွဲ့ထားပြီး လက်နက်တပ်ဆင်ပေးထားကြောင်း အတိအလင်းပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေမှာ အရေးမသာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ပျူ​စောထီးရွာတွေကို လက်နက် ကြီး တွေ၊ အဝေးပစ်တွေ အထိတပ်ဆင်ပေးထားပြီး ဒေသကာကွယ်ရေးတပ်တွေစိုးမိုးထားတဲ့ နယ်မြေတွေ ကို ချဲ့ထွင်ဖို့ကြိုးစားလာတယ်လို့ ခင်ဦးမြို့နယ် ပကဖ အဖွဲ့ဝင် တစ်ဦးက People’s Spring ကိုပြောပါတယ်။ ရွာတွေကို မီးရှို့ရာမှာလည်း ပျူစောထီးအဖွဲ့ဝင်တွေက ဦးဆောင်လမ်းပြတာမျိုးတွေ၊ ပစ္စည်းဥစ္စာခိုးယူဖျက်စီးတာမျိုးတွေ လုပ်နေတယ်လို့ သူကဆိုပါတယ်။

ဥပမာအားဖြင့် ခင်ဦးမြို့နယ်ထဲ က ပျဉ်ထောင်၊ ရွာသစ်ကုန်း၊ မဒေါင်းလှ၊ မကျီးတုံ ရွာလေးရွာမှာ စစ်တပ်က အထိုင်ချပြီး စစ်သစ်တန်းပေးနေပါတယ်။ ဒီလေးရွာကို ခြေကုတ်ယူပြီး ရွာပေါင်း ၂၀ ကျော်ကို မီးရှို့ခဲ့တာ ကြောင့် လူပေါင်း တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အခုချိန်ထိ့အိမ်မပြန်နိုင်သေးပါဘူး။ သူတို့အားလုံးအတွက် လုံလောက်အောင် ကူညီထောက်ပံ့နိုင်ဖို့ကို အမျိုးသားညီညွတ်ရေး (NUG) အစိုးရအပြင်၊ တခြားသော ထောက်ပို့အဖွဲ့တွေ မပြင်ဆင်နိုင်သေးတဲ့အချိန်မှာ စစ်ကောင်စီကတော့ နေ့စဉ် ရွာ​တွေကို စီးနင်းဝင်​​ရောက်ပြီးဖျက်ဆီးနေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ နိုဝင်ဘာလ ကတည်းက စပြီးစစ်ကိုင်းတိုင်းက​ဒေသအချို့မှာ ရွာတွေကို စုပေါင်းရွာတည်ဖို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ် ။ ယမန်နှစ်ကတည်းက ချင်းတွင်းမြစ်ရိုးတစ်လျောက်ဒေသဖြစ်တဲ့ ယင်းမာပင်၊ ကနီ တွေမှာ ဝါဒဖြန့်ခြိမ်းခြောင်စာတွေကျဲချခဲ့ပြီး ဒီထဲမှာ “မင်းတို့မြို့တွေ-ရွာတွေ အပျက်ခံမလား” ဆိုတဲ့ခြိမ်းခြောက်စကား နဲ့အတူ စုပေါင်းရွာတည်မယ် လို့ ထည့်သွင်းခြိမ်း​ခြောက်ခဲ့ဖူးပါတယ်။ ခုခံစစ်​ကောင်းတဲ့ ထီးချိုင့်ဘက်မှာဆိုရင် ​လေယာဥ်​ပေါ်က​နေ ခြိမ်း​ခြောက်စာ​တွေကျဲချခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ ပြန့်ကျဲနေတဲ့ရွာတွေကို စုပေါင်းပြီး ရွာကြီးအဖြစ် ထိန်းချုပ်ဖို့ မိုးရာသီမတိုင်ခင်မှာ အကောင်အထည်ဖော်ဖို့ လုပ် နေတယ်လို့ ယင်းမာပင် PDF အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောပါတယ်။

စစ်ကိုင်းတိုင်း မြောက်ပိုင်းမြို့နယ်တွေမှာ NUG (အမျိုးသားညီညွန်​ရေးအစိုးရ) က အမှတ် (၁)စစ်ဒေသအဖြစ် တပ်ရင်း၊ တပ်ဖွဲ့များ အခိုင်အမာ တည်ဆောက်နေတာကို ကချင်လွတ်မြောက်ရေးတပ်မတော်( KIA) ကအဓိက ထောက်ပံ့ပေးပြီး စစ်ရေး ခိုင်မာအား​ကောင်းလာ​အောင်ကြ်ုးစားနေပါတယ်။ (က)သုံးလုံးလို့ နံမည်ကျော်တဲ့ ကသာ၊ကောလင်း၊ကျွန်းလှဒေသ က အစပြုလို့ ဒီနှစ်ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပင်လည်ဘူး။ကန့်ဘလူနယ်များအထိ ခြေဆန့်လို့လာ​နေပြီဖြစ်ပါတယ်။

စစ်ကိုင်းရဲ့ကျန်ဒေသကိုတော့ ဗမာတိုင်းရင်းသားအများစုတည်ဆောက်ထားတဲ့ လက်နက်ကိုင်တပ်တွေ၊ ကျောင်းသားထုနောက်ခံတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပဲ ဦးဆောင်ပြီး ခုခံစစ်ဆင်နွဲနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ လူငယ်ပေါင်းရာနဲ့ချီဟာ အပတ်စဉ် စစ်သင်တန်း ဆင်းနေကြ ပါတယ်။ ဒါပေမယ့်လက်နက်အပြည့်အစုံတပ်ဆင်နိုင်တဲ့အဖွဲ့ကတော့ နည်းပါးလွန်းပါတယ်။

NUG လက်အောက်က အဓိက အားဖြင့် မုံရွာပြည်သူ့ကာကွယ်ရေးတပ် (MPDF)တပ်တွေကလည်းတပ်ရင်း တပ်ခွဲ ပုံစံမျိုးတွေ နဲ့ တိုက်ပွဲဖော်နေပေမယ့် အင်အားအလုံးအရင်းနဲ့ ဗျူဟာကျတဲ့ အခင်းအကျင်း တစ်ခုအဖြစ် တော့ရောက်မလာသေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေရဲ့ထောက်ပံ့မှု အလုံးအရင်းရရှိဖို့ အတွက်အမျိုး သား ညီညွှတ်ရေးအစိုးရ အနေနဲ့ နိုင်ငံရေးအရသဘောတူညီချက်တွေကို တင်းပြည့်ကျပ်ပြည့် ညှိနှိုင်းဖို့ လိုအပ်တယ် လို့ မုံရွာဗကသ အဖွဲ့ဝင်တစ်ဦးကထောက်ပြပါတယ်။

“ သေချာတာက ဗမာတိုင်းရင်းသားတွေ လွတ်မြောက်ရေးကို ဗမာအင်အားစု တစ်ခုတည်းနဲ့လုပ်လို့မရဘူး၊ ကြာရင် စစ်ပန်း သွားမယ်” လို့ သူကပြောပါတယ်။ အညာဒေသကပြည်သူတွေဟာ သူတို့လက်ရှိ ဒုက္ခတွေနဲ့ စာနာကြည့်ပြီး တိုင်းရင်းသားတွေရဲ့လွတ်မြောက်ရေး ငတ်မွတ်မှုကိုကိုယ်ချင်းစာတက်နေပြီလို့ သူက ထပ်လောင်းပြောပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ဆင်နယ်မြေတွေဟာ အဓိက အားဖြင့် အင်အားသေးငယ်တဲ့ PDF​တွေ ရှိရာ ဒေသတွေဖြစ်တာကြောင့် လက်နက်မပြည့်စုံတဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ ပကဖ အဖွဲ့ အများစုဟာ ဒီစစ်ဆင်ရေးမှာ ရှေ့တန်းစစ်မျက်နှာတပ်သားတွေဖြစ်လာကြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အင်အားနည်းတဲ့ရွာတွေကို စီးနင်းဖျက်ဆီးပြီး အဲ့ဒီ့ရွာတွေမှာ သူတို့ဝင်ထွက်သွားလာရလွယ်အောင်တပ်စွဲထားလေ့ရှိပါတယ်။ မြင်းမူနယ်ထဲက ပဒတ္ထိုင်းရွာမှာ PDF စစ်သင်တန်းတစ်ခုကို ဖေဖော်ဝါရီလအတွင်းက ရက်စက်စွာစီးနင်းပြီး လူ ၁၁ ဦးကို သတ်ပစ်ခဲ့ပါတယ်။ ပဒတ္ထိုင်းမှာစခန်းချပြီး သိပ်မဝေးလှတဲ့ အရာတော်မြို့ထဲက မလဲသာ၊ ညောင်ပင်ရွာတို့ကိုမေလ ပထမအပတ်မှာပဲ အကြီးအကျယ်မီးလောက်တိုက်သွင်းခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေအပါအဝင် ပြည်သူကိုမှီခိုနေတဲ့တော်လှန်ရေးတပ်တွေကို အကြပ်အတည်းဆိုက်အောင်လုပ်ပေမယ့် လူထုအနေနဲ့ ကြောက်လန့်သွားတာမတွေ့ရဘဲ ​ကျေးရွာအချင်းချင်း ကူညီဖေးမမှုရှိကြတယ်လို့ ဒီပဲယင်း PDFခေါင်းဆောင်တစ်ဦးကပြောပါတယ်။ သူကဒီပဲယင်းမြို့နယ် ပကဖ ခေါင်းဆောင်ငါးဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

မီးလောင်သွားတဲ့ရွာတွေကို နီးစပ်ရာကျေးရွာတွေက မိသားစုအရင်းလို ကူညီစောင့်ရှောက်ပေးပြီး ဒီကာလဆိုးကိုကျော်ဖြတ်နေကြတယ်လို့ သူကပြောပါတယ်။

” အခုဆော်နေတယ်ဆိုတာ တို့လို့ လက်နက်မပြည့်မစုံတဲ့အဖွဲ့တွေ၊ လက်လုပ်တွေနဲ့အဖွဲ့‌‌​တွေကို နင်းဆော်နေတာ။ တကယ့်တပ်ရင်းတပ်ဖွဲ့တွေ Fighterတွေက ဆင်းမလာသေးဘူး ” လို့ သူကပြောပါတယ်။ ” ဒီလိုမပြည့်မစုံအဖွဲ့တွေနဲ့တောင် သူတို့သေကြတာမနည်းဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ဆိုးဝါးလှတဲ့ဖျက်ဆီးမှု​တွေ ​နေ့စဥ်ရက်စက် ပြုလုပ်​နေတဲ့ စစ်ကိုင်းတိုင်းကို ​ပြည်သူ​တွေ၊​တော်လှန်​ရေးအင်အားစု​တွေက အာရုံစိုက်ပြီး ကူညီ​ပေးကြဖို့လည်းလိုတယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်​တွေက​​ပြောပါတယ်။

တစ်ဖက်မှာလည်း တောင်သူဒေသ ခံတွေ ရဲ့ မာကြောလှတဲ့စိတ်ဓါတ်က လည်း စစ်ကိုင်းတိုင်းရဲ့အမာခံမြေကတုတ်တွေပါ။ ရွာမီးလောင် သွားတာကြောင့် စိတ်ဓါတ်ကျသွားတဲ့အစား ခံပြင်းစိတ်တစ်နင့်တစ်ပိုးနဲ့ တော်လှန်ရေးတပ်တွေထဲ လာပူးပေါင်း သူတွေအများအပြားရှိတယ်လို့ ခင်ဦးမြို့နယ် ပကဖ အဖွဲ့ဝင် တစ်ခ People’s Spring ကိုပြောပါတယ်။

သူ့နေထိုင်တဲ့ ရွာကို စစ်တပ်က သုံးကြိမ်မီးရှို့ ပြီးတဲ့နောက် အိမ်ခြေ ၉၀ ကျော်မီးလောင်သွားပြီး ရသမျှသစ်တွေနဲ့ အိမ်ပြန်ဆောက်နေကြပါတယ်။

“ သေချာတာကတော့ ဒီနှစ်တို့ရွာစပါးစိုက်တဲ့သူနည်းသွားပြီ။… ။စစ်တိုက်တဲ့သူပဲများလာတော့တယ်” လို့ သူကခပ်ရွဲ့ရွဲ့ပြောနေပါတော့တယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

သတင်း

ပိုဝကျေးရွာသည် ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ်က စာသင်ဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

သတင်း

မတ်လ ၅ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ပန်းလှိုင်ရွာနှင့် မုန့်စီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပလိုင်းကျေးရွာသို့ ဝင်ရောက်နားချိန် နံနက် ၇ နာရီခွဲအချိန်ကစ၍ (၆၀)မမ လက်နက် အချက်ရေ ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။