Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ် စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလာတဲ့ အမေရိကန် အစိုးရ

နိုင်ငံရေး အကျဉ်းသားတွေကို တရားလက်မဲ့ ကွပ်မျက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ မြန်မာ စစ်ကောင်စီရဲ့ စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍကို တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့ဖို့ အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ် စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလာတဲ့ အမေရိကန် အစိုးရ
စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ် စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလာတဲ့ အမေရိကန် အစိုးရ

အာဏာသိမ်း စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းတွေကနေ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိနေပြီး တစ်နည်းအားဖြင့် စွမ်းအင် ကဏ္ဍဟာ စစ်ကောင်စီရဲ့ စီးပွားရေးအတွက် အဓိက အသက်သွေးကြော ဝင်ငွေ ရင်းမြစ် တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ မြန်မာ့ စွမ်းအင်ကဏ္ဍကို ထိထိရောက်ရောက် ပစ်မှတ်ထားနိုင်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ဖို့ စဉ်းစားနေကြောင်း အဲဒီ လုပ်ငန်းစဉ်နဲ့ နီးစပ်တဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ အရေးယူ ပိတ်ဆို့မှု အစီအစဉ် အသစ်တွေနဲ့ ပတ်သက်လို့ နောက်လထဲလောက်မှာ အတည်ပြု ကြေညာဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့အပေါ် အမေရိကန် အစိုးရက လုံလောက်တဲ့ အရေးယူ တုံ့ပြန်မှုမျိုး မရှိခဲ့တဲ့အပေါ် အမေရိကန် လွှတ်တော် အမတ်တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက စိတ်ပျက်လာကြပါတယ်။

အမေရိကန် အထက်လွှတ်တော်ရဲ့ ရီပတ်ဘလစ်ကန် အင်အားစုခေါင်းဆောင် မစ်ချ်မက်ကော်နဲလ်ကလည်း အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်နေတဲ့ မြန်မာ စစ်ကောင်စီကို အမေရိကန် အစိုးရက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေပြီလို့ တိုက်တွန်းခဲ့ပြီး မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) အပါအဝင် စစ်တပ်ရဲ့ အဓိက ဝင်ငွေ ရင်းမြစ်တွေကို ပိတ်ဆို့ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ် စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလာတဲ့ အမေရိကန် အစိုးရ
စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရင်းမြစ် စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလာတဲ့ အမေရိကန် အစိုးရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် အမေရိကန်နဲ့ အနောက်အုပ်စု ဒီမိုကရေစီ နိုင်ငံတွေက စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်တွေ၊ နီးစပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရဟာ MOGE အပါအဝင် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို ထိထိရောက်ရောက် ပစ်မှတ်ထားခဲ့တာမျိုး မရှိပါဘူး။ အာဏာသိမ်းပြီး ၁ နှစ်လောက် အကြာမှာတော့ ဥရောပ သမဂ္ဂက MOGEအပေါ် အရေးယူ ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေက အမေရိကန်၊ ဗြိတိန် အစိုးရတွေကိုလည်း အလားတူ လမ်းစဉ်အတိုင်း လိုက်ပါ ကျင့်သုံးကြဖို့ တိုက်တွန်းနေပါတယ်။

အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို အရေးယူ ပိတ်ဆို့ဖို့ မတင်မကျ ဖြစ်နေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေ ပိုမို ခက်ခဲသွားနိုင်တာကို ထည့်တွက်နေတာကြောင့်လို့ ဆိုပါတယ်။ ဥပမာ အနေနဲ့ ရန်ကုန်မြို့ရဲ့ စွမ်းအင်လိုအပ်ချက် ထက်ဝက်လောက်ဟာ ရတနာ သဘာဝ ဓာတ်ငွေ့ ပရောဂျက်ကို မှီခိုနေရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ထိုင်းလိုမျိုး အိမ်နီးချင်း နိုင်ငံတွေကလည်း မြန်မာရဲ့ စွမ်းအင် တင်ပို့မှုအပေါ် ကြီးကြီးမားမား မှီခိုနေရဆဲ ဆိုတာမျိုး အခြေအနေတွေကို အမေရိကန်က ထည့်သွင်း တွက်ချက်နေရပါတယ်။

နောက်ပြီး အရှေ့တောင်အာရှ ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာဖြန့်ကျက် စိုးမိုးမှုကို ဟန့်တားဖို့ ပထဝီဝင် နိုင်ငံရေး ရှုထောင့်ကနေ အမေရိကန် ထည့်သွင်း စဉ်းစားရတဲ့ အချက်တွေလည်း ရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဇူလိုင်လကုန်မှာ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း ကြေညာလိုက်တဲ့ အချိန်မှာတော့ အမေရိကန် အနေနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို မြှင့်တင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ သိပ်မရှိတော့ပါဘူး။ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တဲ့ သေဒဏ် စီရင်မှုတွေကို အမေရိကန် အပါအဝင် နိုင်ငံတကာက အပြင်းအထန် ရှုတ်ချခဲ့ပေမယ့် စစ်ကောင်စီက အရေးမစိုက်တဲ့အပြင် နောက်ထပ် ကွပ်မျက်မှုတွေ ရှိလာဦးမယ်လို့ ပြောကြားထားပါတယ်။

MOGEနဲ့ မြန်မာ့ စွမ်းအင်ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေကို လတ်တလောမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက် တစ်ခုခု မပေးလိုသေးကြောင်း ငြင်းဆိုထားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဒ်ပရိုက်စ်က ရွေးချယ်စရာ အားလုံးကို ထည့်စဉ်းစားနေတယ်လို့သာ ပြောဆိုထားပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ စီးဆင်းဝင်ရောက်မှုရဲ့ ထက်ဝက်လောက်နဲ့ ညီမျှတဲ့ ဒေါ်လာ ၁.၅ ဘီလီယံ ဝန်းကျင် ပမာဏကို စွမ်းအင်ကဏ္ဍကနေ နှစ်စဉ် ရရှိနေတယ်လို့ သိရပါတယ်။ လောလောဆယ် မြန်မာစစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်လက်နက်နဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့အတွက် ဒေါ်လာ လိုအပ်ချက် အရမ်းမြင့်မားနေပါတယ်။

နိုင်ငံတကာ အထင်ကရ စွမ်းအင် လုပ်ငန်းစုကြီးတွေဖြစ်တဲ့ အမေရိကန်ရဲ့ Chevronနဲ့ ပြင်သစ်ရဲ့ Totalတို့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရုပ်သိမ်း ထွက်ခွာသွားခဲ့ပါတယ်။ မြန်မာ့ စွမ်းအင်ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင်ရေး ရည်မှန်းချက်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်း ဆွေးနွေးမယ်လို့လည်း ယုံကြည်ရပါတယ်။

အချိန်ကိုက် ဆိုသလိုပဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က နေပြည်တော်ကို အလည်အပတ် ခရီးစဉ် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အမေရိကန်၊ အာဆီယံ ဖိအားတွေကို တွန်းလှန်ဖို့ ရုရှားအပေါ် ပိုမို မှီခိုလာဖွယ် ရှိနေပါတယ်။ ရုရှားဟာ အာဏာသိမ်းမှု နောက်ဆက်တွဲ ကာလတလျှောက် မြန်မာစစ်တပ်အတွက် စစ်လက်နက် အထောက်အပံ့ အများဆုံး ပေးပို့ခဲ့တဲ့ နိုင်ငံကြီး တစ်ခုလို့ စတော့ခ်ဟုမ်းလ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ မြန်မာစစ်တပ်ဟာ တရုတ်အပေါ် မှီခိုရမှုကို လျှော့ချဖို့ ရုရှားဆီ ချဉ်းကပ်ပြီး ဟန်ချက် ထိန်းညှိလာမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။

မင်းအောင်လှိုင် အမြင်မှာတော့ တရုတ်အစား ရုရှားက အားကိုးရှာချင်စရာ ဖြစ်လာပုံ ပေါ်တယ်လို့ ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသီ ဟန်တာ မာစတန်က ဆိုပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ အခြေအနေအရ တရုတ်ကို မှီခိုနေရပေမယ့် တစ်ဖက်မှာလည်း တစ်ချိန်ချိန်မှာ တရုတ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေး ကဏ္ဍအပေါ် ခြိမ်းခြောက်လာမယ်ဆိုတဲ့ စိုးရိမ်မှု သံသယတွေလည်း ရှိနေကြောင်း မာစတန်က ပြောပါတယ်။ နောက်ပြီး စစ်ကောင်စီမှာ ဒေါ်လာ သိုလှောင်နိုင်စွမ်း လျော့ပါးလာပြီး မွဲတေစ ပြုလာချိန်မှာတောင် ရုရှားက လိုလိုလားလား ကူညီဖို့ သဘောထား ပြသခဲ့ခြင်းကလည်း အရေးပါတဲ့ အနေအထား ဖြစ်လာပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာ မတန်တဆ ငတ်မွတ်နေမှုကြောင့် ပြည်တွင်းက အမေရိကန် ဒေါ်လာတွေကို မြန်မာကျပ်ငွေနဲ့ အတင်းအဓမ္မ လဲလှယ် လုယူခဲ့သလို ကုမ္ပဏီတွေ၊ ဘဏ်တွေ အနေနဲ့ ပြည်ပချေးငွေတွေ ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ပါ ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ လေ့လာသူ အားလုံးလိုလိုက မြန်မာစစ်တပ်ဟာ စစ်လက်နက် အသစ်တွေ ဝယ်ယူဖို့အတွက် ဒေါ်လာတွေ ရနိုင်သမျှ လိုက်သိမ်းယူနေတဲ့ သဘောလို့ တညီတညွတ်တည်း သုံးသပ်ထားပါတယ်။

ဒါပေမဲ့ လက်ရှိ အစီအမံတွေက ဘယ်လိုမှ အဆင်မပြေသလို တကယ်လို့သာ MOGEကို အရေးယူ ပိတ်ဆို့တာတွေ ရှိလာရင် စစ်ကောင်စီရဲ့ ဝင်ငွေ ရင်းမြစ်တွေအတွက် နောက်ထပ် ကြီးကြီးမားမား ထိခိုက်မှု ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ အမည်မဖော်လိုသူ မြန်မာ့အရေး သုတေသီ တစ်ယောက်က မှတ်ချက် ပေးခဲ့ပါတယ်။ အခုဆိုရင် မြန်မာပြည်သူ အမြောက်အမြားက သူတို့နိုင်ငံဟာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဒေဝါလီ ခံလိုက်ရတဲ့ သီရိလင်္ကာလို ဘဝမျိုးဆီ ဦးတည်နေပြီလို့ ယုံကြည်နေကြကြောင်း အဲဒီ မြန်မာ့အရေး သုတေသီက ဆိုပါတယ်။

လေ့လာသူတွေကတော့ စွမ်းအင်ကဏ္ဍကို အရေးယူ ပိတ်ဆို့လိုက်ခြင်းဟာ မြန်မာ စစ်ကောင်စီကို အကြီးအကျယ် အထိနာစေမှာ မှန်ပေမယ့် နောက်ထပ် အရေးယူရမယ့် စီးပွားရေး ကဏ္ဍတွေ ရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ဥပမာ အနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ လူပုဂ္ဂိုလ် တော်တော်များများဟာ စင်ကာပူမှာ အခြေချ နေထိုင်ခွင့် ရနေသလို စင်ကာပူရဲ့ ဘဏ်လုပ်ငန်း စနစ်တွေဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် သွယ်ဝိုက်ပြီး ငွေကြေး ထောက်ပံ့သလို ဖြစ်နေဆဲလို့ အမေရိကန် အစိုးရ အရာရှိ တချို့နဲ့ ဘဏ်လုပ်ငန်း ပညာရှင်တွေက ပြောပါတယ်။ စွမ်းအင်ကဏ္ဍပြီးရင် နောက်ဆက်တွဲ ခြေလှမ်းအဖြစ် စစ်ကောင်စီနဲ့ ဆက်စပ်မှု ရှိနိုင်တဲ့ စင်ကာပူ အခြေစိုက် ငွေကြေးဆိုင်ရာ ဌာနတွေကို ပိုပြီး ထဲထဲဝင်ဝင် စောင့်ကြည့်ဖို့ အမေရိကန် အစိုးရကို လွှတ်တော် အမတ်တွေက ဖိအားပေး တိုက်တွန်းနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။