Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ ရှင်သန်ရပ်တည်မှုကို အဆိပ်ခတ်နေတဲ့ မြေရှားသတ္တု မိုင်းတွင်းများ

“ဘယ်သူကမှတော့ မိဘဘိုးဘွားပိုင် မြေတွေကို မစွန့်လွှတ်ချင်ဘူးပေါ့။ ဒါပေမဲ့ သူတို့ကို ငြင်းဆန်မိရင် အသတ်ခံရနိုင်တယ်လေ”လို့ ကချင် လူမှုဝန်ထမ်း အဖွဲ့ဝင် တစ်ဦးက Global Witnessကို ပြောပြခဲ့ပါတယ်။

​မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
​မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

People’s Spring ဘာသာပြန်ဆိုသည်

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မြေရှားသတ္တု တရားမဝင် တူးဖော်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခြင်းက ဒေသတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပေါ်စေတဲ့အပြင် တရားမဝင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုအတွက်ပါ ငွေကြေး အထောက်အပံ့ကောင်းတွေ ရရှိနေစေကြောင်း အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Global Witnessက အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သန်စင်ထား​သော ​​မြေရှားသတ္ထု
သန်စင်ထား​သော ​​မြေရှားသတ္ထု

ဒီအစီရင်ခံစာဟာ ၆ လတာ ကာလအတွင်း ပြောင်းလဲလာတဲ့ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေ၊ ဒေသခံ လူ့အဖွဲ့အစည်းကို ဆက်သွယ်စုံစမ်း မေးမြန်းမှုတွေအပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ လောက်က ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်တဲ့ မိုင်းတွင်း လက်တစ်ဆုပ်စာလောက်သာ ရှိခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လမှာတော့ ကချင်ပြည်နယ်ထဲက နေရာပေါင်း ၃၀၀ နီးပါးလောက်မှာ မြေရှားသတ္တု ရယူဖို့ တူးထားတဲ့ ကန်ပေါင်း ၂၇၀၀ ကျော်လောက်ကို တွေ့ရှိနေပါပြီ။

မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

မြေရှား သတ္တုတွေ တူးဖော်မှုတွေကို ထိခိုက်ခံစားရတဲ့ သစ်တောဖုံး တောတောင်တွေရဲ့ ဧရိယာဟာ စင်ကာပူ နိုင်ငံလောက်ကို ကျယ်ဝန်းနေပါတယ်။ အစီရင်ခံစာပါ ဖော်ပြချက်အရ မြန်မာဟာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ မြေရှားသတ္တု ထုတ်လုပ်မှု အများဆုံး ရင်းမြစ်နိုင်ငံ ဖြစ်လာနေပြီလို့ သိရပါတယ်။ မြေရှားသတ္တု အမျိုးအစားအဖြစ် သတ်မှတ်ခံရတဲ့ ဒြပ်စင်တချို့ကို စမတ်ဖုန်းတွေ၊ အိမ်သုံး အီလက်ထရောနစ် ကိရိယာတွေ၊ လျှပ်စစ်ကားနဲ့ လေအားလျှပ်စစ် စက်ရုံတို့လို သန့်စင်စွမ်းအင် နည်းပညာသုံး ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ မြေရှား သတ္တုတွေ အသုံးပြုမှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်နေခြင်းကပဲ မြန်မာနိုင်ငံ အနေနဲ့ ဒီသတ္တုတွေ အများဆုံး ထုတ်လုပ်တယ်ဆိုတဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်မျိုးဆီ တွန်းပို့ခံရတာမျိုး ကြုံသွားနိုင်တယ်လို့ အစီရင်ခံစာအတွက် ပါဝင်စုံစမ်း စစ်ဆေးထားသူတွေက ပြောပါတယ်။

မြေရှားသတ္တုတွေ တူးဖော်တဲ့ လုပ်ငန်းစဉ်ဟာ တောင်တွေပေါ်မှာ တခြားသတ္တုတွေနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ တူးဖော် ထုတ်လုပ်တဲ့ အခြေအနေနဲ့ မတူပါဘူး။ မြေရှား သတ္တု တွင်းတွေရဲ့ ဘေးထွက် ပစ္စည်းတွေက အရမ်း အဆိပ်အတောက် ပြင်းထန်ပါတယ်။ မြေရှား သတ္တုတွေ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အမိုနီယမ် ဆာလ်ဖိတ်လိုမျိုး ဓာတုပစ္စည်းတွေကို တောင်နံရံထဲ ထိုးသွင်းရတာမျိုးတွေ ပါဝင်ပါတယ်။ အဲဒီနောက် ရလာတဲ့ သတ္တုတွေကို ပြာလဲ့လဲ့ အရည်တွေ ဖြည့်ထားတဲ့ စုဆောင်းရေး ကန်တွေထဲ ပို့ဆောင်ရပါတယ်။

Public Service Announcement

Public Service Announcement

မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
မြေရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

တူးဖော်ရေး လုပ်ငန်းရဲ့ အဆိပ်အတောက် ဖြစ်နိုင်ခြေနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေတွေကြောင့် တရုတ်ဟာ ပြည်တွင်းမှာ မြေရှားသတ္တု တူးဖော်မှုတွေကို လွန်ခဲ့တဲ့ ၆ နှစ်တာအတွင်း တရိပ်ရိပ် လျှော့ချစေခဲ့ပါတယ်။ ဒါပေမဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ကဏ္ဍကို အရှိန်ကောင်းကောင်း ဆက်ထိန်းသိမ်းထားဖို့အတွက် တရုတ်ဟာ နယ်နိမိတ်စည်း တလျှောက်နဲ့ မြန်မာနိုင်ငံ မြောက်ဖျားက ကချင်ပြည်နယ်တို့မှာ တူးဖော်ရေး လုပ်ငန်းတွေ ရှေ့ဆက်စေခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“သဘောသဘာဝအရ အဆိပ်အတောက် ထူပြောလွန်းတဲ့ ဒီလို လုပ်ငန်းမျိုးကို တရုတ်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲမှာ မြန်မာဖက်ကို ထိထိရောက်ရောက် လမ်းကြောင်းပြောင်း ပို့ဆောင်ခဲ့ပါတယ်။ ဒီတော့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို ဒေသခံ ပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ပဲ ခံစားရမှာပါ”လို့ Global Witnessရဲ့ အမှုဆောင်ချုပ် မိုက်ခ်ဒေးဗစ်က ပြောပါတယ်။

မေ့​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်​မှုတွင်စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်များနှင့်စစ်​ကောင်စီတို့က တရုတ်နှင့်​ပေါင်းလုပ်​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-GW
မေ့​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်​မှုတွင်စစ်​ကောင်စီလက်​အောက်ခံပြည်သူ့စစ်များနှင့်စစ်​ကောင်စီတို့က တရုတ်နှင့်​ပေါင်းလုပ်​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-GW

ကချင်ပြည်နယ်က သတ္တုတူးဖော်ရေး ဧရိယာတွေဟာ စံနှုန်း ကြပ်မတ်မှုတွေ အားနည်းလွန်းသလို အချက်အလက် မှတ်တမ်းတွေလည်း မရှိပါဘူး။ ပြီးတော့ မြန်မာနိုင်ငံက သတ်မှတ် ဥပဒေတွေနဲ့ ချိန်ထိုးကြည့်ရင်လည်း တရားမဝင် လုပ်ကိုင်နေကြတာလို့ အစီရင်ခံစာက ဆိုပါတယ်။ နောက်ပြီး သတ္တု တူးဖော်ရေးဇုန် အများစုကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ အဆက်အစပ်ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းက ရရှိတဲ့ ဝင်ငွေတွေဟာ အာဏာသိမ်း စစ်တပ်အတွက် အထောက်အပံ့ ဖြစ်လာမှာ စိုးရိမ်ရပါတယ်။

“၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ချိန် ကတည်းက စစ်ကောင်စီဟာ သူတို့ရဲ့ တရားမဝင် အာဏာချုပ်ကိုင်မှု တည်မြဲစေရေး ဝင်ငွေ ရရှိဖို့အတွက် သဘာဝ အရင်းအမြစ်တွေ ရောင်းချမှုကို မှီခိုလာပါတယ်။ တစ်ဖက်မှာလည်း မြေရှားသတ္တုတွေအပေါ် တောင်းဆိုမှုက တရှိန်ထိုး မြင့်တက်လာတယ်။ ဒီတော့ စစ်တပ်က ဒီအခြေအနေကို သူတို့ရဲ့ ပိုက်ဆံအိတ် ဖြည့်ဖို့၊ ရန်ပုံငွေရှာဖို့ အခွင့်အရေး တစ်ရပ်အဖြစ် သဘောထားမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး”လို့ ဒေးဗစ်က ထောက်ပြခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှုတွေဟာ ရုတ်တရက် အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ အဆွယ်အပွား ကုမ္ပဏီတွေက တရားဥပဒေ စိုးမိုးမှု ပြိုလဲသွားတာကို အခွင့်ကောင်း တစ်ခုလို့ သဘောထားပြီး အမြတ်ထုတ်လာကြပါတယ်။

မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

Global Witnessရဲ့ စုံစမ်းမှုတွေမှာ မြန်မာနိုင်ငံက တရားမဝင် တူးဖော်ထားတဲ့ ဓာတ်သတ္တုတွေ ကမ္ဘာ့စျေးကွက်ထဲ ဘယ်လို ရောက်ရှိသလဲ ဆိုတာကိုလည်း ခြေရာခံ ဆန်းစစ်ထားပါသေးတယ်။ လောလောလတ်လတ် တူးဖော် ရရှိထားတဲ့ မြေရှားသတ္တုတွေကို မိုင်းတွင်းနဲ့ အနီးတဝိုက်မှာပဲ တစိတ်တပိုင်း စတင် သန့်စင်ပါတယ်။ နောက်တော့ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က အစိုးရပိုင် စက်ရုံတွေမှာ အချောသတ် သန့်စင်တာတွေ လုပ်ပါတယ်။ အဲဒီ စက်ရုံတွေက တစ်ကမ္ဘာလုံးကို တင်ပို့နေတဲ့ မြေရှားသတ္တု ၈၀ ရာခိုင်နှုန်းလောက်ကို သန့်စင် ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

တရုတ် စက်ရုံတွေမှာ သန့်စင်ထားတဲ့ မြေရှား သတ္တုတွေက သက်ဆိုင်ရာ တင်ပို့မှု လမ်းကြောင်းတွေကနေတဆင့် ကမ္ဘာပေါ်မှာ နာမည် အကြီးဆုံး အီလက်ထရောနစ် ပစ္စည်းနဲ့ သန့်စင်စွမ်းအင်ဆိုင်ရာ ကုန်စည်တွေ ထုတ်လုပ်နေတဲ့ General Motors၊ Mitsubishi Electric၊ Siemens၊ Teslaနဲ့ Volkswagenတို့လို ကုမ္ပဏီကြီးတွေဆီ ရောက်ရှိသွားပါတယ်။

တရားမဝင် တူးဖော် ထုတ်လုပ်ထားတဲ့ ဓာတ်သတ္တုတွေက နိုင်ငံတကာ စျေးကွက်ထဲ ရှောရှောရှူရှူ ရောက်ရှိနေတယ် ဆိုတာကိုက နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အာဏာသိမ်း မြန်မာ စစ်ကောင်စီကို မြေရှားသတ္တု တူးဖော်ထုတ်လုပ်မှု ကဏ္ဍတွေမှာပါ တိုးချဲ့ပိတ်ပင် အရေးယူဖို့ လိုအပ်တယ်ဆိုတာ ပြသနေကြောင်း ဒေးဗစ်က ပြောပါတယ်။

သန်စင်ထား​သော ​​မြေရှားသတ္ထု
သန်စင်ထား​သော ​​မြေရှားသတ္ထု

ကချင်ပြည်နယ်က မြေရှားသတ္တုတွင်းတွေနဲ့ နီးနီးကပ်ကပ် နေထိုင်သူတွေက ဂေဟစနစ်ရော၊ လူသားတွေ မှီခိုနေရတဲ့ အရင်းအမြစ်တွေ အပေါ်မှာပါ သက်ရောက်မှုတွေ ရှိစေတယ်လို့ ဒေသခံတွေက Global Witnessကို ပြောပြကြပါတယ်။ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုစွန့်ပစ် အရည်တွေဟာ မြစ်လက်တက်၊ ချောင်းလက်တက်တွေကနေတဆင့် မြန်မာနိုင်ငံရဲ့ ပင်မ ရေအရင်းအမြစ်ကြီးဖြစ်တဲ့ ဧရာဝတီ မြစ်ထဲထိ တိုက်ရိုက် စီးဆင်းကြပါတယ်။ ဒီအခြေအနေက ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်မှုကို အကြီးအကျယ် အကန့်အသတ် ဖြစ်သွားစေပါတယ်။

Global Witnessရဲ့ စုံစမ်းမှုတွေအရ တရုတ်မှာ မြေရှားသတ္တုတွေ တူးဖော်တဲ့ နေရာနားမှာ အရိုးအဆစ် ရောင်ရမ်း နာကျင်တာတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အရေပြား၊ မျက်လုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ သိသိသာသာ များပြားလာကြောင်း သိရှိရပါတယ်။ အခုတော့ မြန်မာနိုင်ငံက မြေရှားသတ္တု မိုင်းတွင်းတွေနား နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာလည်း အလားတူ ကိစ္စတွေ ပေါ်ပေါက်လာနေပါပြီ။

ကိုယ့်အတွက် ဒီလို ဆိုးရွားလှတဲ့ အကျိုးဆက်တွေ ကြုံရမယ်မှန်း သိပေမယ့်လည်း ဒေသခံ လူ့အဖွဲ့အစည်းတွေ အနေနဲ့ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းကြီးကို တန်ပြန်နိုင်ခွင့် မရှိသလောက်ပါပဲ။ သတ္တုတွင်းတွေ တဝိုက်မှာ ကြမ်းတမ်း ရက်စက်ပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်တဲ့ ပတ်ဝန်းကျင်မျိုးကို စစ်တပ် ဩဇာခံ လက်နက်ကိုင် အဖွဲ့တွေက ဖန်တီးယူထားကြောင်း Global Witnessက ဆိုပါတယ်။ Global Witnessက ရရှိထားတဲ့ လတ်တလော ထွက်ဆိုချက် တစ်ခုအရဆိုရင် ကျေးရွာတစ်ခုမှာ လက်နက်ကိုင် အဖွဲ့ဝင် တစ်ယောက်က ရွာသားတွေ အနေနဲ့ သတ္တုတွင်းတူးဖို့ သူတို့ပိုင်တဲ့ မြေတွေကို စွန့်လွှတ်မပေးဘူးဆိုရင် ပစ်သတ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

​မြေရှားသတ္ထုတူး​ဖော်မှု​​ကြောင့်​ဒေသခံများ၏​မြေယာများအသိမ်းခံရပြီး သဘာဝပါတ်ဝန်းကျင်ပျက်စီး​နေသဖြင့် ​ဒေသခံပြည်သူများအ​ရေး​ဆောင်ရွက်သူများက အာဏာသိမ်းစစ်​ကောင်စီသို့ ​ပေးပို့​​တောင်းဆို​သောသောစာ ။ ဓါတ်ပုံ-GW
​မြေရှားသတ္ထုတူး​ဖော်မှု​​ကြောင့်​ဒေသခံများ၏​မြေယာများအသိမ်းခံရပြီး သဘာဝပါတ်ဝန်းကျင်ပျက်စီး​နေသဖြင့် ​ဒေသခံပြည်သူများအ​ရေး​ဆောင်ရွက်သူများက အာဏာသိမ်းစစ်​ကောင်စီသို့ ​ပေးပို့​​တောင်းဆို​သောသောစာ ။ ဓါတ်ပုံ-GW

“ဘယ်သူကမှတော့ မိဘဘိုးဘွားပိုင် မြေတွေကို မစွန့်လွှတ်ချင်ဘူးပေါ့။ ဒါပေမဲ့ သူတို့ကို ငြင်းဆန်မိရင် အသတ်ခံရနိုင်တယ်လေ”လို့ ကချင် လူမှုဝန်ထမ်း အဖွဲ့ဝင် တစ်ဦးက Global Witnessကို ပြောပြခဲ့ပါတယ်။

“ရဲရင့်တဲ့ ဒေသခံ တချို့ကတော့ အဖျက်စွမ်းအား ကြီးမားလွန်းတဲ့ အဲဒီ သတ္တု မိုင်းတွင်းတွေအကြောင်း လူတွေသိအောင် ထုတ်ဖော် ပြောပြကြပြီး လက်နက်ကိုင်တွေက ခြိမ်းခြောက်နေတာတောင်မှ သူတို့ပိုင်တဲ့ မြေနေရာတွေ၊ အသက်မွေးဝမ်းကြောင်း အလုပ်တွေ၊ ရေအရင်းအမြစ်တွေကို ကြိုးစား ကာကွယ်နေကြရှာတယ်”လို့ ဒေးဗစ်က ဆိုပါတယ်။

မြေရှားသတ္တု တူးဖော်ခြင်းဟာ အင်မတန် အဆိပ်အတောက် ပြင်းထန်တဲ့ လုပ်ငန်းတစ်ခု ဆိုပေမယ့် အချိန်တို တစ်ခုအတွင်း အရှိန်လျော့ ပျောက်ကွယ်သွားမယ့် အလားအလာတော့ မရှိပါဘူး။ သန့်စင်စွမ်းအင် နည်းပညာ ကဏ္ဍမှာ အသက်သွေးကြော အစိတ်အပိုင်းတွေလို့ ဆိုရမယ့် မြေရှားသတ္တုတွေကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေက တောင်းဆိုကြတဲ့ ပမာဏဟာ ၂၀၃၅ ခုနှစ် အရောက်မှာ လက်ရှိထက် ၃ ဆလောက် တိုးလာဦးမယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန် စွမ်းအင် ဝန်ကြီးဌာနကလည်း မြေရှားသတ္တုတွေဟာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး ဓာတ်သတ္တုတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားပြီး မြေရှားသတ္တုတွေ လိုအပ်သလောက် မရနိုင်ခြင်းက သန့်စင်စွမ်းအင် စက်မှုကဏ္ဍမှာ ဟန်ချက်မညီတာတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။

မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

မြန်မာ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေးနဲ့ သတ္တု တူးဖော်မှုတွေကြောင့် ကြုံလာမယ့် သဘာဝ ပတ်ဝန်းကျင် အပျက်အစီးတွေကနေ ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံမှာ သတ္တု တူးဖော်နေတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ လုပ်ငန်းတွေ ချက်ချင်း ရပ်နားထားပြီး မြန်မာ့ မြေရှားသတ္တုတွေ ကမ္ဘာ့စျေးကွက်ထဲ မဝင်ရောက်နိုင်တာ သေချာအောင် တားဆီး လုပ်ဆောင်ပေးကြဖို့ Global Witnessက ထောက်ခံ တိုက်တွန်းထားပါတယ်။ အစီရင်ခံစာထဲမှာတော့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံက တူးဖော်ထားတဲ့ မြေရှားသတ္တုတွေ တင်သွင်းမှုကို ပိတ်ပင် တားမြစ်ဖို့နဲ့ အဲဒီ ဓာတ်သတ္တုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တရားမဝင်မှု၊ အဂတိမှုတွေနဲ့ အဆက်အစပ် မရှိကြောင်း ခိုင်မာတဲ့ အထောက်အထား ပြသဖို့ စံသတ်မှတ်ချက်တွေ စတင်ပြဋ္ဌာန်းဖို့ ထည့်သွင်း အကြံပြုထားပါတယ်။

အစီရင်ခံစာရဲ့ အဆုံးသတ်မှာတော့ အစိုးရ အသီးသီးဟာ မြေရှားသတ္တု တူးဖော်မှု၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထိထိရောက်ရောက် လျှော့ချနိုင်အောင် အထောက်အကူ ဖြစ်စေမယ့် အားကောင်းတဲ့ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွေနဲ့ ပြန်လည် သန့်စင်ရေး ရည်မှန်းချက်တွေ သေသေချာချာ စီစဉ် ချမှတ်ပေးသင့်ကြောင်း အဆိုပြုထားတာလည်း တွေ့ရပါတယ်။ ဒါမှသာ အနာဂတ် စက်မှု ထုတ်ကုန်တွေမှာ မြေရှားသတ္တုတွေ ထည့်သွင်း အသုံးပြုမှုကနေ ဖယ်ခွာစေဖို့ ပိုပြီး လွယ်ကူချောမွေ့တဲ့ အထောက်အပံ့မျိုး ဖြစ်စေမှာပါ။

မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW
မြေ​ရှားသတ္ထု ရှာ​ဖွေတူး​ဖော်ရာ လုပ်ငန်းခွင်။ ဓါတ်ပုံ-GW

ကမ္ဘာ့ ရာသီဥတု အကျပ်အတည်းတွေ အရှိန်မြင့်လာတဲ့နောက် ကာဘွန် ထုတ်လွှတ်မှု နည်းပါးတဲ့ နည်းပညာတွေအပေါ် တောင်းဆိုမှုက မိုးထိအောင် မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ သန့်စင်စွမ်းအင်အပေါ် ပိုမိုမှီခိုလိုတဲ့ အပြောင်းအလဲဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတွေက လူ့အဖွဲ့အစည်းတွေအပေါ် ထိခိုက် ပေးဆပ်ရစေတာမျိုး မဖြစ်ဖို့တော့ Global Witnessရဲ့ အစီရင်ခံစာက ထောက်ပြ သတိပေးထားကြောင်း ဒေးဗစ်က ဆိုပါတယ်။ စွမ်းအင်ကဏ္ဍအတွက် ဖြေရှင်းမှုတွေဟာ သက်ရောက် ထိခိုက်မှု အခံရဆုံး သူတွေရဲ့ အခွင့်အရေးကို ဦးစားပေးပြီး ရေရှည်အတွက် ကျိုးကြောင်းဆီလျော် မျှတအောင် လုပ်ဆောင်သင့်ကြောင်း သူက ဆက်ပြောသွားပါတယ်။

(Mongabay သတင်းဌာနတွင် ဖော်ပြထားသည့် Toxic rare earth mines fuel deforestation, rights abuses in Myanmar, report says ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

(​မြေရှားသတ္ထုတူး​ဖော်ရာလုပ်ငန်းခွင်နှင့် ပါဝင်ပါတ်သပ်သူများ။ ။ဓါတ်ပုံ-Global Witness , CJ)

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

သတင်း

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

သတင်း

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးတဝိုက်က ရွာတွေဆီ လက်နက်ကြီးနဲ့ လှမ်းပစ်တာ ၊ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။