Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ

“ကောက်ရမယ့်ဆဲဆဲကို မိုးတွေရွာတာ။ စစ်ကြောင်းကလည်း အဲဒီနေ့တွေမှာထပ်ထိုးတယ်။ မိုးရွာကြီးထဲပြေးရတယ်။ ကောက်ရမယ့်အချိန်မှာ မကောက်လိုက်ရဘူး”

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

အောင်ဇေယျ/People’s Spring

မေလလယ်က ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ပဲတီစိမ်း၊ နှမ်း စသည့်သီးနှံအမျိုးမျိုးစိုက်သည့်တောင်သူများအား ရက်စက်စွာ ရိုက်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ စစ်ကြောင်းထိုးသတ်ဖြတ်မီးရှို့နေသည့်ကြားက စိုက်ခဲ့ပျိူးခဲ့ရသော သီးနှံအမျိုးမျိုးမှာ မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များက ရွာသွန်းခဲ့သော မုန်တိုင်းမိုးကြောင့် သီးနှံခင်းများရေမြုပ်ကာ ဧကသောင်းချီ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ပိုပြီးရင်နာစရာကောင်းသည်မှာ ရက်ပိုင်းအတွင်းရိတ်သိမ်းရတော့မည့်အချိန် ရေမြုပ်ပျက်စီးသွားခဲ့ခြင်းဖြစ်လေသည်။

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

“ကောက်ရမယ့်ဆဲဆဲကို မိုးတွေရွာတာ။ စစ်ကြောင်းကလည်း အဲဒီနေ့တွေမှာထပ်ထိုးတယ်။ မိုးရွာကြီးထဲပြေးရတယ်။ ကောက်ရမယ့်အချိန်မှာ မကောက်လိုက်ရဘူး”ဟု ခင်ဦးဒေသခံတောင်သူတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် ပဲတီစိမ်းစိုက်ခင်း ဧကတစ်သောင်းကျော်ရေနစ်မြုပ်ပြီး ငါးထောင်ကျော်ဆုံးရှုံးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသီးနှံများအား ဒေသခံများက အေးဆေးသက်သာစွာ စိုက်ခဲ့ပျိုးခဲ့ကြခြင်းမဟုတ်ပေ။ မကြာခဏ စစ်ကြောင်းထိုး၊ ဖျက်ဆီးမှုများ ပြုလုပ်နေသည့်ကြားက ပြေးကာလွှားကာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

“စိုက်ရင်းပျိုးရင်း အပစ်ခံရတာတွေ ဖမ်းဆီးခံရတာတွေရှိတယ်။ ပျိုးနူတ်ရင်း ပစ်သတ်ခံလိုက်ရတာတွေရှိတယ်။ ကျွန်တော်တို့မြို့နယ်မှာဆိုရင် ဆယ်ဦးထက်မနည်းဘူး။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

ရွှေဘိုမြို့နယ်တွင် တောင်သူများအားထားရသည့် မြောင်းများကိုပင် ရေမရစေရန် စစ်ကောင်စီတပ်နှင့်ပျူများက ပိတ်ဆို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးကြောင်း တောင်သူများက ပြောသည်။

“ပျူတွေက သူတို့ရွာကအထက်မှာဆိုရင် အောက်ကရွာတွေရေမရအောင် ပိတ်ဆို့တာတွေရှိတယ်။”ဟု ရွှေဘိုဒေသခံတောင်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် တောင်သူများမှာ မိမိတို့လယ်များအား ပစ်ထားခဲ့ရခြင်း၊ ပစ်မထားနိုင်သူများက အသက်ကိုဘေးချိတ်ကာ ရင်တမမဖြင့် သွားရောက်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ရကြောင်း ဒေသခံတောင်သူများက ပြောသည်။

“သူတို့နဲ့ကျည်တစ်ကမ်းအကွာလောက်က လယ်ဧကလောက်ဆိုရင် အငှားတွေကအစ မလိုက်ရဲကြဘူး။ အဲဒီလယ်တွေကောက်မယ်ဆိုရင် သူများထက်ပိုပေးရတယ်။”ဒေသခံတောင်သူက ပြောသည်။

ထိုအခက်အခဲများကြားမှ စိုက်ပျိုးခဲ့ကြရင်း သီးနှံထွက်ချိန်အရောက်၌ မုန်တိုင်းက ဝင်နှောက်ခဲ့ခြင်းဖြစ်လေသည်။

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

“ပဲတီစိမ်းက ပထမတစ်သုတ်တောင် မကောက်ရသေးပါဘူး။ ရေလုံးဝမြုပ်လို့သေသွားပြီ။ တစ်ရက်နှစ်ရက်နေရင်တောင် ကောက်တော့မယ့်အချိန် ပါးစပ်ဖျားရောက်မှ ဆုံးရှုံးသွားတဲ့အနေအထားပါ။”ဟု ရွှေဘိုခရိုင်အခြေစိုက် တောင်သူတစ်ဦးက ပြောသည်။

ပဲတီစိမ်းစိုက်ခင်း တစ်ဧက စိုက်ပျိုးစရိတ်မှာ ငွေကျပ် ၆ သိန်းခန့်ရှိသည်။ ပုံမှန်တစ်ဧက ၁၅ တင်းထွက်ရှိပြီး ပဲတီစိမ်းသည် ၃ ကြိမ်၃ခါကောက်ရကာ ပထမအကြိမ်မှာပင် ၁၀ တင်းမှ ၁၅ တင်းကြား ထွက်ရှိကြောင်း တောင်သူများက ပြောသည်။

“ပဲတီစိမ်းတစ်တင်း ခုနှစ်သောင်းမှ ခုနှစ်သောင်းခွဲကြား ပေါက်စျေးရှိနေတယ်။အရင်းကြေမယ့်ပထမအသုတ်တောင် မရခဲ့ပါဘူး။ ပထမအသုတ်ကောက်ရတဲ့တောင်သူဆိုတာ တော်တော်လေးရှားပါတယ်။ ဆယ်ပုံတစ်ပုံတောင် ရှိပါ့မလားမသိဘူး။”ဟု ရွှေဘိုခရိုင်အခြေစိုက် တောင်သူတစ်ဦးက ပြောသည်။

“ပဲစိုက်ခင်းဧက ထောင်ချီဟာ ရေပြင်လွမ်းနေသည်မှာ လွန်စွာ နှ​မျောဖို့ ကောင်းလှပါတယ်။အဲဒီတောင်သူတွေဟာ နွေစပါးစိုက်ပျိုးစဥ်ကာလကလည်း နေအိမ်နဲ့ ဝမ်းစာစပါးတွေ မီးရှို့ဖျတ်ဆီးခံထားရတဲ့ တောင်သူများ ဖြစ်ပါတယ်။”ဟု S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်းအနောက်ခြမ်းတွင်လည်း မုန်တိုင်းကြောင့် နှမ်းခင်းများစွာ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

“မကွေးတိုင်း အနောက်ခြမ်းတစ်ခုလုံး နှမ်းတွေမသိမ်းရသေးခင် ဝင်မွှေသွားတယ်။ ဒီနှစ် စက်သုံးဆီစျေးတွေမြင့်တက်နေချိန်မှာကို သီးနှံစျေးတွေကောင်းတော့ ကြိုးစားပြီး စိုက်ပျိုးခဲ့ကြတဲ့ တောင်သူတွေ မျှော်လင့်ချက်တွေကို ရိုက်ချိုးသွားတာ။ ပဲတီစိမ်းတွေတစ်ပတ်မှမခူးရသေးဘူး ရေလွှမ်းသွားခဲ့တယ်။ နှမ်းတွေမရိတ်ရသေးဘူးရေ လွှမ်းသွားတယ်။ နှမ်းတစ်တင်း တစ်သိန်းဝန်းကျင်မှာရှိတယ်။”ဟု မကွေးတိုင်းအခြေစိုက် တောင်သူတစ်ဦးက ပြောသည်။

လာမည့်နှစ် သီးနှံစိုက်ပျိုးရာတွင် ခက်ခဲကျပ်တည်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ရွှေဘိုခရိုင်အခြေစိုက် တောင်သူများက ပြောသည်။

“ဒီရာသီမှာ အားထားရမယ့်သီးနှံတွေပါ။ တောင်သူတွေ စားဝတ်နေရေးကအစ ပိုခက်ခဲသွားမယ်။”ဟု ခင်ဦးနယ်အခြေစိုက် Khin U Special Organization အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ မြောင်၊ မြင်းမူ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကန့်ဘလူ စသည့် မြို့နယ်များအပါအဝင် မြို့နယ် ၁၃ ခုရှိ စိုက်ပျိုးသီးနှံ ဧကပေါင်း(၄၂,၃၀၀) ပျက်စီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်သည်။

​မျှော်လင့်ချက်မဲ့သွားတဲ့ ပဲနှမ်းစိုက်တောင်သူများ
ပျက်စီးသွားသော ပဲတီစိမ်းနှင့် နှမ်း သီးနှံစိုက်ခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ရခိုင်၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည်။ မိုဆိုင်ကလုန်မုန်တိုင်းကြောင့် လူနေအိမ်နှင့် အိမ်အသုံးအဆောင်များမျောပါပျက်စီးခြင်း၊ လူနှင့်တိရိစ္ဆာန်များ မျောပါသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးသူ (၄၅၀)ကျော်အထိ ရှိလာပြီး မေ(၁၇)ရက်အထိ ကောက်ယူရရှိထားသည့် စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူ ရခိုင်ပြည်နယ်တွင် (၄၃၁)ဦး၊ မကွေးတိုင်းတွင် (၁၅)ဦး၊ စစ်ကိုင်းတိုင်းတွင် ၄ဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦး၊ ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် တစ်ဦးစီ ရှိကြောင်း NUG က ထုတ်ပြန်ထားသည်။

တောင်သူများကတော့ လူမသေသော်လည်း မျှော်လင့်ချက်မဲ့သည့်အနေအထားသို့ ရောက်ရှိသွားခဲ့ကြသည်။

“ခုတော့တောင်သူတွေရဲ့ မျှော်လင့်ချက်တွေရေထဲမျောသွားသလို နှမ်းရိတ် ပဲတီစိမ်းခူးမဲ့ အလုပ်သမားတွေ အလုပ်မရှိတော့ဘူး။”ဟု တောင်သူတစ်ဦးက ​ပြောလိုက်သည်။