Connect with us

Hi, what are you looking for?

ဆောင်းပါး

“ခြိမ်းခြောက်ခံနေရတဲ့ပုပ္ပါးမျောက်မြီးရှည်လေးတွေရဲ့အနာဂါတ်”

ပုပ္ပါးမျောက်မြီးရှည်လေးတွေကို သတ်ဖြတ်သူတွေဘက်က အခြေအနေကိုလည်း ကိုဝင်းပိုင်ဦးက ထည့်တွက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)
(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)

ဇော်ဟိတ်/People’s Spring

ပုပ္ပါးတောင်အမျိုးသားဥယျာဥ်ရဲ့ တောတွင်းတစ်နေရာမှာ မျောက်ငယ်လေးတစ်ကောင် လွတ်လပ်စွာဆော့ကစားနေတယ်။ အဲဒီအချိန်မှာပဲ ခြုံထဲကနေချောင်းပြီး ဓာတ်ပုံရိုက်နေတဲ့သူရဲ့ ခြေထောက်ဟာ သစ်ကိုင်းခြောက်တစ်ခုကို တက်နင်းမိပြီး “ချွတ်”ခနဲ မြည်သွားတယ်။

မျောက်ကလေးဟာ ကြောက်လန့်ပြီး သစ်ကိုင်းတစ်ခုပေါ်မှာထိုင်နေတဲ့ သူ့မိခင်မျောက်မကြီးဆီး အပြေးအလွှား ပြေးတက်သွားတော့တယ်။ သားကောမိခင်ကပါ ဓာတ်ပုံဆရာလေးကို ကြောက်လန့်နေတဲ့ မျက်ဝန်းလေးတွေနဲ့ လှမ်းကြည့်နေကြတယ်။

အဲဒီမျောက်ကလေးတွေကတော့ ပုပ္ပားလန်ဂါ(ခေါ်) ပုပ္ပားမျောက်မြီးရှည်လေးတွေ ဖြစ်ပါတယ်။ ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာမှာပဲရှိတဲ့ မြန်မာဌာနေမျိုးရင်း မျောက်မျိုးစိတ်ဖြစ်ပါတယ်။

မျောက်မြီးရှည်လေးတွေဟာ သီးခြားနေတတ်ကြပါတယ်။ ကြောက်တတ်ပြီး ရှက်တတ်တဲ့သဘာဝရှိတာကြောင့် လူတွေကိုအဝေးကမြင်ရင်ကို ကြိုတင်ပြီးပုန်းအောင်းကြတာပါလို့ I am Langur အဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)
(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)

သူတို့ရဲ့ အရေအတွက်ဟာ အလွန်အမင်း ကျဆင်းနေပြီး မျိုးသုဉ်းဖို့အလွန်အန္တရာယ်ရှိနေတဲ့ မျိုးစိတ်လေးတွေဖြစ်ကြောင်း Native Species Conservation and Identification (Myanmar) အဖွဲ့က ပြောပါတယ်။

မျောက်မြီးရှည်လေးတွေကို လူတွေက မျောက်ချေးခါးဟင်းနဲ့ အသားအတွက် ဖမ်းဆီးသတ်ဖြတ်ကြပါတယ်။ နောက်ပြီး အလှမွေးလိုသူတွေကြောင့် အရှင်ရောင်းစားကြတာတွေလည်း ရှိပါတယ်။

မျောက်မေမေကို အမဲလိုက်ဖို့ ပစ်သတ်လိုက်တဲ့အခါ ကျန်တဲ့ ကလေးပါ သစ်ပင်ပေါ်ကပြုတ်ကျ အဖမ်းခံရပြီး လှောင်ချိုင့်ထဲမှာဖမ်းထည့်ထားကြပါတယ်။ ပြန်ရောင်းစားကြပါတယ်။ အဲဒီမျောက်ကလေးဟာ တစ်သက်လုံး သဘာဝအတိုင်းမဟုတ်ဘဲ အိမ်မွေးတိရိစ္ဆာန်အဖြစ် သဘာဝနဲ့ဆန့်ကျင်ပြီး အသက်ရှင်နေထိုင်ရပါတော့တယ်လို့ မျောက်မြီးရှည်ထိန်းသိမ်းရေး လှုံဆော်နေတဲ့ I am Langur အဖွဲ့က ပြောပါတယ်။

အဲဒီမျောက်ကလေးတွေ ငှက်လှောင်အိမ်လို ကျဉ်းကျဉ်းလေးတွေထဲမှာ ဖမ်းဆီးခံထားရတာမျိုးတွေ၊ မျောက်လေးတွေကို သတ်ဖြတ်ချက်ပြုတ်ပြီး မျောက်ကလေးကို ဘေးမှာချ အရက်နဲ့မြည်းဖို့လုပ်နေသူတွေ၊ သံကြိုးအကြီးတွေနဲ့ချည်ထားပြီး အရှင်ရောင်းချနေတာတွေဟာ မျောက်မြီးရှည်လေးတွေအတွက် အန္တရာယ်မြင်ကွင်းတွေပါပဲ။

(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)
(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)

မျောက်မြီးရှည်လေးတွေဟာ ဧရာဝတီနဲ့ သံလွင်မြစ်ကြား မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေနဲ့ ကယား-ကရင် တောင်နိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ သူတို့နေထိုင်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ ပုပ္ပားတောင်မကြီးကို အစွဲပြုပြီးသူတို့အတွက်သိပ္ပံအမည်ကို (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) အဖြစ်အမည်ပေးကာ မြန်မာဌာနေရင်းမျောက်မျိုးစိတ်သစ်အဖြစ် ၂၀၂၀ ပြည့်နှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သူတို့ရဲ့ကျောပိုင်းဟာ အညိုရင့်ရောင်/ အညိုရောင်ဘက်သမ်းတဲ့မီးခိုးရောင်ရှိပြီး ခြေလက်တွေကအနက်ရောင်ဖြစ်ပါတယ်။ အမြီးကတော့ မီးခိုးရောင်နုနုလေးဖြစ်ပါတယ်။ မျောက်လေးတွေရဲ့သိသာတဲ့တစ်ချက်ကတော့ မျက်လုံးလေးမှာ မျက်ကွင်းဖြူလေးအကွင်းလိုက်ရှိနေတာပါ။

ဒါလေးကိုအစွဲပြုပြီး သူတို့ကို မျောက်မျက်ကွင်းဖြူလို့လည်းခေါ်ကြပါတယ်။ သူတို့လေးတွေဟာ ငယ်စဉ်အခါ ရွှေရောင်ဝင်းနေပြီး၊ အရွယ်ရောက်လာတာနဲ့အမျှ သူတို့အရောင်ဟာမီးခိုးရောင်ကိုပြောင်းလဲသွားပါတယ်။ ရသေ့ပျံဒေသခံများကတော့ ဒီမျောက်လေးတွေကို မျောက်မျက်နှာဖြူလို့ ခေါ်ဆိုကြပါတယ်။

ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်ဟာ ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀လောက်ထိ ရှိနိုင်ပါတယ်။ ပုပ္ပားတောင်မှာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ကောင်ရေ ၁၁၁ကောင်ခန့်၊ ရသေ့ပျံဂူမှာ ကောင်ရေ ၂၀မှ ၃၀ခန့်၊ ပဲခူးရိုးမမှာ ၂၂ကောင်ဝန်းကျင်ခန့်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောမှာ ကောင်ရေ ၄၆ကောင်ကနေ ၉၆ကောင်ခန့်ထိရှိမယ်လို့ ခန့်မှန်းထားကြကြောင်း NSCI အဖွဲ့ရဲ့အဖွဲ့ဝင် ကိုအောင်ကိုလင်းနဲ့ တခြား ပညာရှင်များက မှတ်တမ်းတင်ထားကြပါတယ်။

(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)
(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)

သို့ပေမယ့် မြို့ကြီးတောရကျောင်းမှာရှိတဲ့ မျောက်မြီးရှည်လေးတွေကတော့ ပုပ္ပားမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘱𝘰𝘱𝘢) နဲ့ ရှမ်းမျောက်မြီးရှည် (𝘛𝘳𝘢𝘤𝘩𝘺𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘮𝘦𝘭𝘢𝘮𝘦𝘳𝘢) စပ်ထားသောမျိုးစိတ်ဖြစ်တယ်လို့ ယူဆထားကြကြောင်း သိရပါတယ်။

သူတို့ဟာ သစ်တောအမျိုးအစားမျိုးစုံမှာ ပေါက်ပွါးရှင်သန်နေနိုင်ကြပြီး၊ အမြဲစိမ်းတော(ရွက်မပြတ်တော)၊ ရွက်ပြတ်ရောနှောတောနဲ့ ဝါးတောတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ မျောက်မြီးရှည်လေးတွေဟာ သစ်ပင်ပေါ်မှာပဲအများဆုံးနေပြီး အရွက်တွေကို နေ့အချိန်မှာ အဓိကရှာဖွေစားသောက်တတ်တဲ့ မျောက်မျိုးလေးတွေဖြစ်ပြီး သူတို့ရဲ့အဓိကအစာတွေကတော့ အရွက်တွေ၊ အသီးတွေနဲ့ ရွက်ညှာလေးတွေဖြစ်ပါတယ်။ ပုပ္ပားမျောက်မြီးရှည်လေးတွေဟာ အစားအစာအဖြစ်ရော တိုင်းရင်းဆေးဝါးအဖြစ်ပါ အသုံးချဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခံနေကြရတယ်လို့ NSCI အဖွဲ့က ပြောပါတယ်။

အမဲလိုက်ခံရခြင်း၊ ကျက်စားရာဒေသပျောက်ဆုံးခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ လူသားများရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်နေတယ်လို့ NSCI အဖွဲ့က ဆိုပါတယ်။

မြန်မြန်ဆန်ဆန်ကာကွယ်စောင့်ရှောက်ပေးဖို့ အရေးတကြီးလိုအပ်နေပြီး အသိပညာပေးအစီအစဉ်များဆောင်ရွက်တာတွေ၊ ထိန်းသိမ်းရေးနယ်မြေများကို ဒေသဓလေ့ထုံးတမ်းများနဲ့အညီတည်ထောင်ပေးတာမျိုးတွေနဲ့ ဥပဒေအရ အကာကွယ်ပေးပြီး အရေအတွက်စာရင်းကောက်ယူတာမျိုးတွေလည်း ထပ်မံလုပ်ဆောင်ရန်လိုအပ်နေတယ်လို့ NSCI အဖွဲ့က ပြောပါတယ်။

(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)
(ပုပ္ပါးမျောက်မြီးရှည်များအား တောတွင်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Ko Toe Naing Htun (Wildlife Photographer)/ Native Species Identification & Conservation Group)

ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ ပန်းလောင်-ပြဒါးလင်းဂူတောရိုင်းဘေးမဲ့တောတွေမှာ နေထိုင်နေတဲ့ ပုပ္ပားမျောက်မြီးရှည်လေးတွေ ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ ရသေ့ပျံဂူဝန်းကျင်ရှိ တသီးတသန့်ဖြစ်နေတဲ့ ပုပ္ပားမျောက်မြီးရှည်တွေအတွက် ဒေသအစုအဖွဲ့ကို အခြေပြုတဲ့နည်းလမ်းများနဲ့ ထိန်းသိမ်းကာကွယ်ပေးဖို့တွေဟာ အရေးတကြီးလိုအပ်လျက်ရှိပြီး ဒီကိစ္စတွေပေါ်ကို လူထုအာရုံစိုက်မှုရှိဖို့လည်း လိုအပ်နေတယ်လို့NSCI အဖွဲ့က ပြောပါတယ်။

“မျောက်မြီးရှည်လေးတွေ သတ်ဖြတ်မခံရအောင် အရင်ဦးဆုံးအနေနဲ့ ဒေသခံတွေကို သူတို့ရဲ့ရှားပါးမှုအကြောင်းပြောပြပြီး၊ အသိပညာပေးတာတွေလုပ်ရပါမယ်။ ကျွန်တော်တို့ NSCI groupက အဲ့ဒီလိုအသိပညာပေးဖို့ကိုအဓိကဆောင်ရွက်နေပါတယ်။ နောက်တဆင့်အနေနဲ့ သူတို့နေထိုင်ရာ တောတောင်တဝိုက်ကို အမျိုးသားဉယျာဉ်တွေ ဘေးမဲ့တောတွေလုပ်ပေးပြီး ကောင်းမွန်တဲ့အမျိုးသားဥယျာဉ်လုံခြုံရေးပေးထားသင့်ပါတယ်။ ပြီးတော့ ဒီလိုဖမ်းပြီးသတ်နေရတဲ့ အဓိကအကြောင်းပြချက်က ပြည်သူလူထုဆင်းရဲလို့ပါ။”ဟု NSCI အဖွဲ့တည်ထောင်သူ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

ပုပ္ပားလန်ဂါတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် အမျိုးသားနဲ့နိုင်ငံတကာ ထိန်းသိမ်းရေးစာရင်းများမှာ ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်များအဖြစ် စာရင်းပြုစုနိုင်ဖို့လည်းအရေးကြီးနေတယ်လို့ NSCI အဖွဲ့က ပြောပါတယ်။

ပုပ္ပါးမျောက်မြီးရှည်လေးတွေအတွက် နောက်ထပ် ထပ်တိုးလာနိုင်တဲ့ အန္တရာယ်တစ်ခုကတော့ သဘာဝအခြေခံ ခရီးသွားခြင်းဖြစ်ကြောင်း ပုပ္ပါးအခြေစိုက် တောတွင်းတောင်တက်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့ မဟာဂီရိအဖွဲ့က ပြောပါတယ်။

“ပုပ္ပါးမျောက်မြီးရှည်လေးတွေရဲ့ အမူအကျင့်ဗီဇက လူသူနဲ့ဝေးရာမှာနေထိုင်တတ်တယ်။ စိုးရိမ်စိတ်တွေသူတို့မှာရှိတယ်။ ရှားပါးတိရိစ္ဆာန်လေးမို့ ရွှေပဲ၊ ပြစားရင် ဘယ်လောက်ထိရမလဲ ဆိုတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ ပါးစပ်က ထွက်တာ ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရဖူးသလို ပြစားဖို့ လမ်းစထွင်နေတဲ့ သဘာဝအခြေခံခရီးသွားဝန်ဆောင်မှု တစ်ခုကိုလည်း တွေ့ရှိထားပြီးဖြစ်ပါတယ်။”ဟု မဟာဂီရိအဖွဲ့က ပြောပါတယ်။

မဟာဂီရိအဖွဲ့အနေနဲ့ ထိန်းသိမ်းရေးမအောင်မြင်မခြင်း ပုပ္ပါးမျောက်မြီးရှည်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းဖြစ်စေ ၊လေ့လာရေးခရီးစဉ်မှအပ အခကြေးငွေနဲ့သော်လည်းကောင်း၊ အပျော် မျောက်လာကြည့်ကြမယ့် အသင်းအဖွဲ့ သော်လည်းကောင်း လက်ခံမှာမဟုတ်ဘူးလို့ အသိပေးပါတယ်။

ပုပ္ပါးမျောက်မြီးရှည်လေးတွေကို သတ်ဖြတ်သူတွေဘက်က အခြေအနေကိုလည်း ကိုဝင်းပိုင်ဦးက ထည့်တွက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

ဒေသခံတွေမပါဝင်တဲ့ ထိန်းသိမ်းမှုတွေဟာ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်ဒေသအခြေပြုတဲ့ ထိန်းသိမ်းရေးနည်းလမ်းတွေကို ထည့်သွင်းစဉ်းစားပြီး ပုပ္ပါးလန်ဂါလေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တယ်လို့ NSCI အဖွဲ့က ပြောပါတယ်။

အဲဒါကြောင့် ဒေသခံပြည်သူလူထုကို အဲ့ဒီအမျိုးသားဉယျာဉ်တွေမှာအလုပ်ပြန်ခန့်ပေးပြီး သူတို့အတွက်အလုပ်အကိုင်အခွင့်အရေးဖန်တီးပေးသင့်တယ်လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

“ဒီလိုဖန်တီးပေးမယ်ဆိုရင် သူတို့အတွက်လည်း အလုပ်အကိုင်ရ၊ စားဝတ်နေရေးပြေလည်သွားသလို၊ ဌာနေသတ္တဝါလေးတွေလည်း စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာနေရမှာပါ။အစီအမံတွေလုပ်ဖို့အတွက် သက်ဆိုင်ရာတွေရဲ့ ဥပဒေအကူအညီတွေ၊ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ ပြည်သူလူထုရဲ့တန်ဖိုးထားတတ်မှုနဲ့အထောက်အပံ့တွေအများကြီးလိုအပ်တယ်။”လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

“Public awareness လုပ်နေတဲ့သူတွေကို အားပေးကူညီပေးသင့်သလို၊ အမျိုးသားဉယျာဉ်တည်ထောင်ဖို့လိုအပ်တဲ့ စံနှုန်းတွေအကုန်ဖြည့်ဆည်းပေးပြီး အဖိုးတန်မျိုးစိတ်တွေရှိတဲ့နေရာတွေကို အချိန်မနှောင်းခင် ကာကွယ်ရေးတွေစတင်ပေးသင့်ပါတယ်။ အခက်အခဲအနေနဲ့ကတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးပြေလည်အောင်အလုပ်အကိုင်တွေဖန်တီးပေးဖို့က အဓိကပါပဲဗျ။”လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

ပုပ္ပါး​တောင်​က ​ဒေသခံအချို့က​တော့ ​မျောက်မြီးရှည်​တွေက ရှားပါးလာတဲ့ ​ဒေသရဲ့မျိုးရင်းပဲဖြစ်တာမို့ထိန်းသိမ်းဖို့ ​ဒေသခံ​တွေကို ပညာ​ပေးတာတွဟာ အရပ်သားအစိုးရလက်ထက်က​တွေ့ရပြီး စစ်တပ်အာဏာသိမ်းပြီး​​နောက်ပိုင်းမရှိ​တော့ဘူးလို့ ​ပြောပါတယ် ။ ​ဒေသခံအမဲလိုက်ဝါသနာပါသူအချို့က ပုပ္ပါး​တောင်​ပေါ် ဂျီ​တွေ ၊​ကြောင်​တွေကိုအမဲလိုက်ရင်း ​မျောက်မျက်ကွင်းဖြူ​တွေ​ပါတွေ့ရင် သတ်စားတာမျိုး အနည်းအကျဥ်းရှိ​ပေမယ့် စီးပွားဖြစ်​ရောင်းစားတာမျိုး​​တော့ မရှိဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ် ။

တကယ်လို့သာ ထိန်းသိမ်းကာကွယ်မှုတွေလုံးဝမရှိတော့ဘူးဆိုရင် အခုရှိနေသေးတဲ့ နေရာတွေက မျိုးတွေ အကုန်ကုန်သွားပြီး၊ လက်ကျန်ဒေသတချို့မှာပဲ တွေ့ရနိုင်တော့မယ့်အခြေအနေမှာရှိနေတယ်လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

“တခြားနေရာတွေမှာ ကုန်ရင်တောင် ပုပ္ပားမှာတော့ ကျန်နေသေးလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ ပုပ္ပားမှာ မျောက်လေးတွေကိုကာကွယ်ပေးနေတဲ့ ဒေသခံတွေရှိနေ​ပါတယ်။ အခုလိုဒေသခံပူးပေါင်းဆောင်ရွက်မှုတွေမရှိတော့ဘူးဆိုရင်တော့ ဆယ်စုနှစ်တစ်ခုအတွင်းမျိုးသုဉ်းနိုင်ချေရှိပါတယ်။”လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။

မြန်မာ့ဌာနေမျိုးရင်း ပုပ္ပါးလန်ဂါလေးတွေကိုချစ်ရင်မစားနဲ့ ၊ မရောင်းနဲ့၊ မမွေးမြူကြပါနဲ့လို့ NSCI အဖွဲ့က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

News

ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ခြံအတွင်း တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးအဆောက်အဦးအတွင်းသို့ အကြမ်းဖက်စစ်သားများက ယမန်​နေ့(နိုဝင်ဘာ ၁၂ရက်)ညနေတွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။

Trending

Facebook